လင်းလက်ဝေဖြာစေမည့် နိုင်ငံ့အနာဂဏ်နှင့်အတူ

ဆွေဦးဝေ

ညွှတ်ထားသောဦးခေါင်းကို ပြန်မော့လိုက်သည့်အခါ တိုင်ထိပ်၌ လွှင့်တင်ထားသည့် မြန်မာနိုင်ငံတော်အလံကို တွေ့မြင်လိုက်ရသည်။ လေအဝှေ့တွင် တဖျပ်ဖျပ်လူးလွန့် လှုပ်ရှားနေသည့် မြန်မာနိုင်ငံအလံက မြင်ရသူတိုင်း ကြည်နူးဖွယ်ရာအတိ ဖြစ်စေသည်။ လွတ်လပ်သည့် နိုင်ငံတစ်နိုင်ငံ၏ အထိမ်းအမှတ်တစ်ခုအဖြစ် တည်ရှိနေသော နိုင်ငံတော်အလံကား နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံးအတွက် လွတ်လပ်ရေးကို မြတ်နိုးစိတ်၊ ထိန်းသိမ်စိတ်၊ တည်တံ့ခိုင်မြဲစေလိုသည့် စိတ်ဓာတ်များကို ကိုယ်စိတ်နှလုံးတွင် ကိန်းအောင်းစေရန် တွန်းအားပေးသည်က အမှန်ပင်။

 

မြန်မာသက္ကရာဇ် ၁၃၀၉ ခုနှစ် ပြဌာသိုလဆုတ် ၉ ရက်၊ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ တနင်္ဂနွေနေ့တွင် မြန်မာနိုင်ငံသည် လုံးဝလွတ်လပ်သော အချုပ်အခြာအာဏာပိုင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အဖြစ်သို့ ရောက်ရှိခဲ့သည်။ လွယ်လွယ်ကူကူနှင့် လွတ်လပ်ရေးရခဲ့သည်မဟုတ်။ အသက်သွေးပေါင်းများစွာ စတေးခဲ့ကြရသလို တိုင်းရင်းသားပေါင်းစုံတို့ အရေးကြီးချိန်တွင် သွေးနီးခဲ့ကြ၍ဖြစ်သည်။ စည်းလုံးညီညွတ်ခဲ့ကြသည်။ သွေးထိုးသပ်လျှိုမှု အမျိုးမျိုးကြားမှ တစ်စိတ်တည်း တစ်သဘောတည်းဖြစ်အောင် အားလုံးဝိုင်းဝန်းကြိုးစားခဲ့ကြ၍ လွတ်လပ်ရေး ရရှိခဲ့ခြင်းဖြစ်သည်မှာ သမိုင်းဖြစ်ရပ်များက ညွှန်ပြနေသည်ကို ယနေ့ပြည်သူများ သိရှိခဲ့ကြ ပြီးဖြစ်သည်။

 

မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက တစ်မြေတည်းနေ တစ်ရေတည်းသောက် သွေးရင်းသားချင်း တိုင်းရင်းသားများကို တစ်ဦးနှင့်တစ်ဦး နားလည်မှု၊ ယုံကြည်မှု၊ စိတ်ချရမှုများအား အဆင့်ဆင့်တည်ဆောက် အကောင်အထည်ဖော်၍ တစည်းတလုံးတည်းသော ပြည်ထောင်စုစိတ်ဓာတ်ဖြင့် နိုင်ငံတော်ကို အောင်မြင်စွာ ပုံဖော်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ မြန်မာ့လွတ်လပ်ရေးရယူလိုစိတ်ကား ပြင်းထန်ခဲ့ပြီး မလျှော့တမ်းဇွဲလုံ့လတို့ဖြင့် ကြိုးစားခဲ့ခြင်းဖြစ်သည်။

 

၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ဗြိတိသျှ အစိုးရ နန်းရင်းဝန် မစ္စတာ ကလီမင့်အက်တလီနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့ မြန်မာ့လွတ်လပ်ရေးကို ရှေးရှုသည့် အောင်ဆန်း-အက်တလီစာချုပ်ကို လန်ဒန်မြို့၌ လက်မှတ်ရေးထိုးခဲ့ကြသည်။ လွတ်လပ်သော နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်ရန် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရေးဆွဲရန် လိုအပ်သဖြင့် ၁၉၄၇ ခုနှစ် ဧပြီလတွင် တိုင်းပြု ပြည်ပြုလွှတ်တော်ရွေးကောက်ပွဲ ကျင်းပခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် ဖဆပလအဖွဲ့ချုပ်က ၉၅ ဒသမ ၃ ရာခိုင်နှုန်းဖြင့် တစ်နိုင်ငံလုံးတွင် အနိုင်ရရှိခဲ့ပြီး ရွေးကောက် တင်မြှောက်ခံရသည်။ ၁၉၄၇ ခုနှစ် မေလ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့ ဂျူဗလီဟော၌ ဖဆပလ ပဏာမ ပြင်ဆင်မှု ညီလာခံကျင်းပပြီး ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ရေးဆွဲရန် အခြေခံမူများ ချမှတ်ခဲ့ကြသည်။

 

ဖဆပလ ပဏာမပြင်ဆင်မှု ညီလာခံကျင်းပခဲ့သည့် ဂျူဗလီဟော
ဖဆပလ ပဏာမပြင်ဆင်မှု ညီလာခံကျင်းပခဲ့သည့် ဂျူဗလီဟော

 

တိုင်းပြုပြည်ပြု လွှတ်တော်ကို ၁၉၄၇ ခုနှစ် ဇွန်လ ၁၀ရက်နေ့၌ စတင်ဖွင့်လှစ်ပြီး မြန်မာနိုင်ငံ၏ ပထမဆုံး ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲခဲ့ကြသည်။ ၁၉၄၇ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့တွင် ဗြိတိသျှပါလီမန်က လက်ခံအတည်ပြုပြီးနောက် ၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံ လွတ်လပ်ရေး အက်ဥပဒေကိုပါ ပြဋ္ဌာန်းခဲ့ခြင်းဖြင့် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင် လုံးဝလွတ်လပ်သော ပြည်ထောင်စုသမ္မတနိုင်ငံတော်အဖြစ် ကမ္ဘာ့အလယ်တွင် ထည်ထည်ဝါဝါ ရပ်တည်နိုင်ခဲ့ခြင်း ဖြစ်သည်။

 

ပြည်နယ်ပြည်မ၊ တောင်တန်းဒေသများမှ

 

တိုင်းရင်းသား ပြည်သူအားလုံး စည်းလုံးညီညွတ်မှု၊ လွတ်လပ်ရေး ရယူလိုသည့် စိတ်ဓာတ်ပြင်းထန်မှု၊ ပြည်ထောင်စု အရေးကို အားလုံးအရေးကိစ္စအဖြစ် ကိုယ်စီရင်ထဲ၊ နှလုံးသားထဲ စွဲနှစ်မှတ်ယူထားမှု၊ ဇွဲလုံ့လရှိမှုတို့ကြောင့် ထိုသို့သော စုပေါင်းအင်အားဖြင့် မြန်မာ့လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ပြန်လည်ရယူနိုင်ခဲ့ခြင်းမှာ သမိုင်းတွင် ထင်ထင် ရှားရှားရှိခဲ့ပြီး ပြန်လည်စဉ်းစားတိုင်း ပြည်ထောင်စုကို ချစ်မြတ်နိုးရမည့်စိတ်များ တဖွားဖွား ဖြစ်ပေါ်နေမိ ခြင်းဖြစ်သည်။

 

လွတ်လပ်ရေးနှင့်ပတ်သက်ပြီး ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သည်များကို ပြန်သတိရမိသည်။ “တိုင်းပြည် လူထုဟာ လွတ်လပ်ရေးရဲ့ တာဝန်များကိုလည်း ထမ်းဖို့ အဆင်သင့်ဖြစ်အောင် ဟောပြောပြင်ဆင်ထားဖို့ လို တယ်။ လွတ်လပ်ရေးရတယ်ဆိုတဲ့ကိစ္စဟာ လွယ်တဲ့ ကိစ္စမဟုတ်ဘူး။ လွတ်လပ်ရေးရရုံနဲ့ ကျုပ်တို့ပြဿနာတွေ ဖြေရှင်းသွားကြမှာ မဟုတ်ဘူး။ အဲဒီအခါကျမှ တကယ့်ပြဿနာတွေ ပေါ်လာလိမ့်မယ်။ လွတ်လပ်ရေးဟာ လမ်းဆုံးမဟုတ်ဘဲ လူတွေရဲ့ ကောင်းစားရေး ကို ရောက်စေမယ့် လမ်းကြောင်းသာဖြစ်တယ်” ဟု ၁၉၄၇ ခုနှစ် မေလ ၁၉ ရက်နေ့က ရန်ကုန်မြို့ ဂျူဗလီဟောတွင် ကျင်းပသည့် ဖဆပလ ပဏာမ ပြင်ဆင်မှုညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

 

ဗိုလ်ချုပ်ပြောခဲ့သည့်အတိုင်းပင် လွတ်လပ်ရေးရရှိပြီးနောက် တိုင်းပြည်တွင် အမျိုးမျိုးသော ပြဿနာများ၊ အခက်အခဲများ၊ စိန်ခေါ်မှုများ၊ အကျပ်အတည်းများ ဖြစ်ပေါ်ကြုံတွေ့ခဲ့ရသည်။ လွတ်လပ်သော မြန်မာနိုင်ငံတွင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးထက် ပြည်တွင်း၌ ပြဿနာများစွာနှင့်အတူ ပြည်တွင်းစစ်များလည်း ကြုံတွေ့ခဲ့ရသည်။ ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်ရေးနှင့် ပတ်သက်ပြီး ပြည်သူ ပြည်သားများကို ရှင်းရှင်း လင်းလင်းပြောခဲ့ဖူးသည်။

 

“လွတ်လပ်ရေးဆိုတဲ့ အဓိပ္ပာယ်က ဘာလဲ။ လွတ်လပ်ရေးဆိုတာ ကိုယ်တစ်ဦး၊ ကိုယ်တစ်ယောက် ကောင်းစားဖို့ဖြစ်စေ၊ တစ်မျိုးလုံး ကောင်းစားဖို့ဖြစ်စေ လုပ်တဲ့နေရာမှာ အခြားတစ်ဦးတစ်ယောက်ရဲ့ အကျိုးကို မထိခိုက်ဘဲနဲ့၊ အခြားလူတွေရဲ့အကျိုးကိုမထိခိုက်ဘဲနဲ့ လွတ်လွတ်လပ်လပ် ကိုယ့်တိုးတက်မှုအတွက် လုပ်နိုင်တာဟာ လွတ်လပ်ရေးပဲ” ဟု ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမ၌ ကျင်းပသော ပြည်သူ့အစည်းအဝေးကြီးတွင် ဗိုလ်ချုပ်အောင်ဆန်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။ ဝမ်းနည်းစရာကောင်းသည်မှာ ထိုနေ့က ပြောကြားခဲ့သော မိန့်ခွန်းသည် ဗိုလ်ချုပ်၏ နောက်ဆုံး မိန့်ခွန်းပင်ဖြစ်သည်။

 

ထိုမိန့်ခွန်းတွင် ဗိုလ်ချုပ်က “လွတ်လပ်ရေးဆိုတဲ့ အဓိပ္ပာယ်ဟာ စည်းမဲ့ ကမ်းမဲ့သဘောမျိုး မဟုတ်ဘူး၊ စည်းနဲ့ကမ်းနဲ့ သဘောမျိုးသာ ဖြစ်တယ်။ စည်းနဲ့ကမ်းနဲ့ ရှိမှသာလျှင် လွတ်လပ်ရေးဆိုတာ ဖြစ်နိုင်တယ်။ အဲဒီတော့ လွတ်လပ်ရေးဆိုတာကို ကျွန်တော်တို့ ရတဲ့အခါမှာလည်း နားလည်ရမှာက ငါတို့တိုင်းပြည်ဟာ ပိုပြီးစည်းကမ်းရှိဖို့လိုတယ်” ဟုလည်း ဆက်လက်ပြောကြားခဲ့သည်။ ထိုစဉ်ကပင် တိုင်းပြည် လွတ်လပ်ရေးအတွက် ပြည်သူပြည်သားများ ထားရှိ ရမည့် အခြေခံသဘောတရားများကို ကြိုတင်ပြောခဲ့ ခြင်းဖြစ်သည်။

 

လွတ်လပ်ရေးရသည့် တိုင်းပြည်နှင့် ပြည်သူပြည်သားများ တိုးတက်ဖွံ့ဖြိုးရန်မှာလည်း အားလုံးတက်ညီလက်ညီ ကြိုးစားကြမှ ရရှိမည်ဖြစ်သည်။ ညီညီညွတ်ညွတ် စုစုစည်းစည်းနှင့် ဇွဲရှိရှိကြိုးစားကြမှသာ ပြည် ထောင်စု တိုင်းရင်းသားအားလုံး ဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်မည် ဖြစ်သည်။

 

တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေး၊ တိုင်းသူ ပြည်သားများ ညီညွတ်ရေးသည် အရေးကြီးပြီး ယင်းညီညွတ်ရေးနှစ်ခု မရှိသမျှကာလပတ်လုံး မြန်မာနိုင်ငံသည် လွတ်လပ်ပင် လွတ်လပ်ငြားသော်လည်း ဘယ်ပါတီ တက်တက်၊ ဘယ်အစိုးရလုပ်လုပ် ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးကြန့်ကြာနေမည်သာ ဖြစ်သည်။ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးတွင် နိုင်ငံအတွင်း တည်ငြိမ်အေးချမ်း ရေးဖြစ်စဉ်များ ဖြစ်ထွန်းနေမှသာ ရရှိနိုင်မည်ဖြစ်သည်။

 

မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိခဲ့သည်မှာ နှစ်ပေါင်း ၇၀ ကျော်ရှိခဲ့ပြီ။ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ် အောင်ဆန်း မျှော်မှန်းခဲ့သည့် ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံအဖြစ်သို့လည်း ရောက်ရှိရန်ကြိုးစားနေရဆဲ၊ တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံး စည်းလုံးညီညွတ်မှု ရရှိရန်လည်း ကြိုးစားနေရဆဲ၊ ပြည်တွင်း၌ ငြိမ်းချမ်းရေး ရရှိရန်လည်း ကြိုးစားနေရဆဲ၊ နိုင်ငံစီးပွားရေးတိုးတက်ရေး တိုင်းသူပြည်သားများ လူနေမှုဘဝမြင့်မားရေးအတွက် ည်း ဘက်ပေါင်းစုံမှ အားထုတ်ကြိုးပမ်းနေရဆဲပင် ဖြစ်သည်။

 

နှစ်စဉ် ဇန်နဝါရီလ ၄ ရက်နေ့ရောက်တိုင်း လွတ်လပ်ရေးရရှိခဲ့သည့်နှစ်များကို သတိပြုမိ၊ ဆင်ခြင်နေမိသည်။ အချိန်တွေ ကြာခဲ့ပြီ။ မြန်မာ့လွတ်လပ်ရေးနှင့်အတူ ပြည်သူများ၏ စိတ်ဓာတ်၊ ကြိုးစားအားထုတ်မှုများ ဆထက်တိုးပြီး ကောင်းမွန်အောင် ကြိုးစားအားထုတ် သင့်ကြပြီဖြစ်သည်။ အားလုံးလက်တွဲမဖြုတ်တမ်း၊ ခြေလှမ်းညီညီ၊ ဦးတည်ချက်ညီညီဖြင့် ခိုင်ခိုင်မာမာ အဓိဋ္ဌာန်ချပြီး တိုင်းပြည်အနာဂတ် လင်းလက်ဝေဖြာအောင် နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးစီးပွားများ တိုးမြှင့် ဖြစ်ထွန်းရန် အားလုံးစုပေါင်းကြိုးစားကြရမည်သာ ဖြစ်လေသည်။

 

မြန်မာ့အလင်း