လင်းနို့ဂူ သဘာဝထိန်းသိမ်းရေးနယ်မြေသို့ "JOURNEY TO THE NORTH WEST" RALLY SAGAING/MHTTR 2018 ကားမောင်းပွဲအဖွဲ့များ လာရောက်လေ့လာ

ကန့်ဘလူ ၂၁ ဇန်နဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လူသိနည်းပြီး စိတ်ဝင်စားစရာ နေရာများကို ခရီးသွားပြည်သူများ လေ့လာရေးခရီးစဉ်အဖြစ် သဘာဝအတိုင်းရှိနေသည့် အလှအပများကို နိုင်ငံတကာ ခရီးသွားများ၊ ပြည်တွင်းခရီးသွားများ ပိုမိုသိရှိစေရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ်တို့ ပူးပေါင်းစီစဉ်သည့် "Journey to the North West" Rally Sagaing/MHTTR 2018 ကားမောင်းပွဲခရီးအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ဦးဆောင်၍ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်အတွင်းရှိ လင်းနို့ဂူ သဘာဝထိန်းသိမ်းရေးနယ်မြေသို့ ဇန်နဝါရီ ၂၀ ရက် ညနေ ၅ နာရီခန့်က ရောက်ရှိလာရာ ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်ဇာနည်လွင်နှင့် ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ပြည်သူများက ကြိုဆိုကြကြောင်း သိရသည်။

 

အဆိုပါကားမောင်းပွဲခရီးစဉ်တွင် ကား ၂၂ စီးဖြင့် ပြည်တွင်းခရီးသွားလုပ်ငန်းရှင် ၅၀ ဦးခန့် ပါဝင်ပြီး လေ့လာရေးအဖွဲ့များကို လင်းနို့ဂူသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနယ်မြေ ပညာပေးပြခန်း၌ တိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွွှန်ကြားရေးမှူး ဦးခင်မောင်ဝင်း၊ တိုင်းဒေသကြီး သစ်တောဦးစီးဌာန တောအုပ်ကြီး ဦးမျိုးသူဝင်းနှင့် မုံရွာတက္ကသိုလ် သတ္တဗေဒဌာနမှ ဒေါက်တာဒေါ်အေးအေးနွယ်တို့က ရှင်းလင်းပြောကြားသည်။

 

 

လင်းနို့ဂူ သဘာဝထိန်းသိမ်းရေးနယ်မြေသည် ဧရိယာ ဧက ၁၀၇၉၀ ကျယ်ဝန်းပြီး ကိုလိုနီခေတ် သစ်ထုတ်လုပ်ခဲ့မှုနှင့် တံဆိပ်အမှတ်အသားများကို လေ့လာတွေ့ရှိနိုင်သည့်အပြင် လင်းနို့မျိုးစိတ်များ၊ ဆင်၊ ချေ၊ ဆတ်၊ တောဝက်၊ ခွေးအ၊ ရှုးပျံ၊ မျောက်စပ်၊ ရှဉ့်နီ၊ ရှဉ့်ငပေါ၊ ရှဉ့်မွဲ၊ လင်းဝက်၊ တောကြောင်များ၊ ထွားသွားသတ္တဝါများဖြစ်သည့် စပါးကြီးမြွေ၊ စပါးအုံးမြွေ၊ မြွေဟောက်၊ ငန်းဇောင်း၊ မြွေစိမ်းနှင့် အခြားမြွေမျိုးစိတ်များ၊ ဖွတ်၊ လိပ်ဝါ၊ လိပ်ပုတ်၊ ကုန်းလိပ်၊ စင်းချောလိပ်၊ ပဒတ်များ၊ ငှက်များတွင် အောက်ချင်း၊ အောင်လောင်၊ သစ်တောက်ငှက်၊ လင်းယုန်၊ ကြက်တူရွေး၊ ဘုတ်၊ ဝါးယောင်းငှက်၊ သိန်းငှက်၊ စွန်၊ သပိတ်လွယ်၊ ငှက်ခါး၊ တောကြက်နှင့် ဗျိုင်းအမျိုး၊ အင်းဆက်မျိုးစိတ်များတွင် လိပ်ပြာ၊ ပျား၊ ပင့်ကူ၊ အခြားအင်းဆက်များစွာ နေထိုင်ကြက်စားမှုရှိကြောင်း သိရသည်။

 

ထို့အပြင် တောအမျိုးအစားအနေဖြင့် အထက်ရွက်ပြတ် ရောနှောတောနှင့် အင်တိုင်းတောများဖြစ်ပြီး ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ အင်၊ အင်ကြင်း၊ သစ်ယာ၊ ထောက်ကြံ့၊ ယမနေ၊ သင်းဝင်၊ သပြေ၊ သဒီ၊ တောသရက်၊ တည်၊ ယင်းမာ၊ မအူ၊ နှော၊ သစ်ဆိမ့်၊ နဘဲ၊ ခူသံ၊ ဘက်ပံ၊ ကုတ်ဟဲ၊ ချဉ်ယုတ်၊ သံသေ၊ ဘန့်ဘွေး၊ ကျွန်းခေါက်နွယ်၊ ငုစပ်၊ ဂုန်း၊ သစ်စေး၊ သစ်ဖြူ၊ သစ်ပုတ်၊ နီပစေး၊ မွန်နီ၊ သန်း၊ ဝါးမျိုးများတွင် ကြသောင်းဝါး၊ တင်းဝါး၊ သိုက်ဝါး၊ မျှင်ဝါးများ ပေါက်ရောက်ကြောင်း၊ လင်းနို့ဂူ၏ ဘူမိရုပ ထူးခြားချက်များနှင့်ပတ်သက်၍ သဘာဝထုံးကျောက် လိုဏ်ဂူများ၊ ပျောက်ဖျာများဖြင့် ဖွဲ့စည်းတည်ရှိပြီး လိုဏ်ဂူများတွင် လင်းနို့ကောင်ရေ သန်းချီနေထိုင်ကြောင်း၊ လင်းနို့ကောင်ရေ သန်းချီနေထိုင်သော ထုံးကျောက်ဂူများအတွင်းမှ လင်းနို့များ အစာရှာချိန် အုပ်စုဖွဲ့ပျံသန်း ထွက်ခွာမှုကို ဆည်းဆာအလှနှင့်အတူ ကြည့်ရှုနိုင်ကြောင်း၊ လင်းနို့ချေးသည် ဓာတ်မြေဩဇာအတွက် အင်မတန်ကောင်းပြီး တောင်သူဦးကြီးများအတွက် သဘာဝဓာတ်မြေဩဇာအဖြစ် အလွန်အသုံးဝင်ကြောင်း သိရသည်။

 

 

လင်းနို့ဂူ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာပေးစခန်းနှင့် အပန်းဖြေစခန်းများ တည်ဆောက်ခြင်းလုပ်ငန်းများကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးမှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး သဘာဝတောအတွင်းရှိ သစ်မျိုးနှင့် ဇီဝမျိုးစုံမျိုးကွဲများ၊ ဘူမိရူပထူးခြားမှုများအား ထိတွေ့လေ့လာနိုင်ရန်၊ သဘာဝတောတောင် အလှအပများ ခံစားအပန်းဖြေနိုင်ရန်နှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကိုလည်း ဒေသခံပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် အနောက်မြောက်ဒေသသို့ ခရီးကြမ်း ကားမောင်းခြင်းအစီအစဉ်ကို အကောင်အထည်ဖော်ခြင်းဖြစ်ကြောင်းနှင့် အဆိုပါ လင်းနို့ဂူ သဘာဝထိန်းသိမ်းရေးနယ်မြေသည် ကန့်ဘလူမြို့နယ် ဇင်းကျေးရွာအနီး ရွေွှဘို-မြစီ်ကြီးနား မဟာဗျူဟာ ကားလမ်းအရှေ့ဘက် ငါးမိုင်နှစ်ဖာလုံခန့်တွင် တည်ရှိသည်။

 

“ကျွန်တော်တို့ “Journey to the North West” Rally Sagaing/MHTTR 2018 ကားမောင်းပွဲလမ်းကြောင်းတွင် ဖြတ်သန်းသွားလာမည့် လမ်းကြောင်းတစ်လျှောက်၌ ကန့်ဘလူခရိုင်အတွင်း ပြသသွားမည့် ခရီးသွားဒေသများမှာ ကန့်ဘလူမြို့နယ် ဇင်းကျေးရွာအနီးရှိ လင်းနို့ဂူ၊ ချပ်သင်းကျေးရွာအနီးရှိ ချပ်သင်းဘေးမဲ့တော၊ ကျွန်းလှမြို့နယ်ရှိ သဖန်းဆိပ်ရေလှောင်တမံ၊ ဇီးကုန်းမြို့ နဂါးပေါ်ကျေးရွာရှိ လက်မှုလုပ်ငန်းများကို ပြသသွားမှာဖြစ်ပါတယ်။ ခရီးသွားဒေသ (Eco-Tourism)များ၊ ခရီးသွားလမ်းကြောင်းများ စနစ်တကျ ပြင်ဆင်ဆောင်ရွက်ထားပြီး လုံခြုံရေး၊ ကြိုဆိုရေး၊ ညအိပ်တည်းခို ဧည့်ခံကျွေးမွေးရေးတို့အတွက် ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့် ညှိနှိုင်းဆောင်ရွက်ထားကြောင်းနှင့် ခရီးသွားဒေသအဖြစ် ဖော်ဆောင်ရင်း ဒေသတွင်း၌လည်း ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်”ဟု ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်ဇာနည်လွင်က ပြောသည်။

 

အဆိုပါ ကားမောင်းအဖွဲ့သည် ဇန်နဝါရီ ၂၁ ရက် နံနက်ပိုင်းက ရွှေဘို-မြစ်ကြီးနား မဟာဗျူဟာကားလမ်းမှတစ်ဆင့် အထက်ပိုင်း ကသာမြို့နယ်ဘက်သို့ ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။

 

အောင်ဝင်းငြိမ်း (ကန့်ဘလူ)