လင်နှင့်မယား စကားများရန်ဖြစ်သည်ကို သွားရောက်ဖျန်ဖြေသည့် အုပ်ချုပ်ရေးမှူး ဓါးခုတ်ခံရ‌၍ သေဆုံး

ကျိုက်ထို ၁၇ မတ်

 

မွန်ပြည်နယ် ကျိုက်ထိုမြို့ ကျိုက်ပိကျေးရွာတွင် လင်နှင့်မယား စကားများရန်ဖြစ်သည်ကို သွားရောက်ဖျန်ဖြေသည့် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဉီး ဓါးခုတ်ခံရ၍ သေဆုံးသွားခဲ့ကြောင်း ကျိုက်ထိုမြို့မရဲစခန်းမှ သိရသည်။

 

ဖြစ်စဉ်မှာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်အုန်း(ခ)ဦးကောက်ချိတ်သည် ယနေ့နံနက် ၁ နာရီက နေအိမ်၌ ရှိနေစဉ် တစ်ရွာတည်းနေ ဦးသန်းလှိုင် ရောက်ရှိလာခဲ့ပြီး သူ၏နေအိမ်တွင် ကိုအေးချမ်းနှင့် မအေးသန္တာတို့ လင်မယား စကားများရန်ဖြစ်နေကြ၍ လာ‌ရောက်ရှင်းပေးပါရန်‌ ပြောသဖြင့် အုပ်ချုပ်ရေးမှူးမှ လိုက်သွားခဲ့ကြောင်း သိရသည်။

 

ထို့နောက် ကျေးရွာအုပ်ချုပ်ရေးမှူးအိမ်သို့ ရာအိမ်မှူး ဦးဇော်မျိုးထွေး၏ဇနီး ရောက်လာခဲ့ပြီး ကျွန်မ အမျိုးသားလည်း ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် လိုက်ပါသွားကြောင်း ပြောဆိုကာ ကျေးရွာအုပ်ချုပ်ရေးမှူး၏ ဇနီးဖြစ်သူနှင့် ရာအိမ်မှူး ဇနီးဖြစ်သူတို့ပါ အတူလိုက်သွား‌ခဲ့ရာ အခင်းဖြစ်‌နေရာသို့ ရောက်ရှိကြစဉ် ကျေးရွာအုပ်ချုပ်ရေးမှူးမှာ ဓါးဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရ‌သဖြင့် အုပ်ချုပ်ရေးမှူး၏ဇနီးဖြစ်သူ ဒေါ်ချိုမှ လူသတ်တရားခံများကို ဖော်ထုတ်အရေးယူပေးရန် ကျိုက်ထိုမြို့မရဲစခန်းသို့ တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း စခန်းရဲတပ်ဖွဲ့ မှတ်တမ်းများအရ သိရသည်။

 

"ကျွန်တော်တို့ စုံစမ်းစစ်ဆေးချက်များအရ‌တော့ ကိုအေးချမ်းက အုပ်ချုပ်ရေးမှူးကို ဓါးနဲ့ထိုးတယ်/ခုတ်တယ်၊ ဦးခေါင်းပြတ်ရှဒဏ်ရာ၊ ယာဘက်နံကြား ထိုးသွင်းဒဏ်ရာ၊ ယာလက်မောင်း ပြတ်ရှဒဏ်ရာ၊ ယာပါးပြင်ထိုးသွင်းဒဏ်ရာ‌ သွေးထွက်ဒဏ်ရာများနဲ့ အခင်းဖြစ်နေရာမှာပဲ သေဆုံးသွားတယ်လို့ သိရတယ်။ ပြစ်မှုကျူးလွန်သူက တစ်ယောက် ဒါ့အပြင် အနားမှာအခင်းဖြစ်ချိန်က နောက်တစ်ယောက် ရှိနေတယ်တဲ့။ အခု အဲဒီ ၂ ယောက်နောက်ကို လိုက်ဖမ်းနေပါတယ်။ မမိသေးပါဘူး”ဟု ကျိုက်ထိုမြို့မရဲစခန်းမှ စခန်းမှူး ဒုတိယရဲမှူး သက်မိုးအောင်၏ ပြောကြားချက်အရ သိရသည်။

 

ပြစ်မှူကျူးလွန်သူများမှာ ကိုအေးချမ်း(၂၆)နှစ် ကျိုက်ပိကျေးရွာ ကျိုက်ထိုမြို့နယ်နေသူ ဖြစ်ကြောင်း၊ ၎င်းအပြင် အခင်းဖြစ်ချိန်က အတူရှိနေသူ ကိုအောင်ဇော်လင်း (၃၅)နှစ် ကျိုက်ပိကျေးရွာ ကျိုက်ထိုမြို့နယ်နေသူ တို့ဖြစ်ကြောင်း သိရသဖြင့် ဖမ်းဆီးရမိရေး ဆောင်ရွက်နေပြီး ကျိုက်ထိုမြို့မရဲစခန်းမှ အမှုဖွင့်ထားကြောင်း သိရသည်။

 

လူသတ်တရားခံ အေးချမ်းမှာ ထိုင်းမှ ပြန်ရောက်လာသည်မှာ ၂ ရက်သာရှိပြီး ထွက်ပြေးတိမ်းရှောင်နေသဖြင့် ဖမ်းဆီးရမိရေး ပြည်သူများအနေဖြင့်လည်း ပူးပေါင်းပါဝင် ကူညီပေးပါရန် ရဲတပ်ဖွဲ့မှမေတ္တာ ရပ်ခံထားကြောင်း သိရသည်။

 

သတင်း-မျိုးမင်းသိန်း(မရမ်းကုန်း)၊ ဓါတ်ပုံ-ကျိုက်ထိုရဲတပ်ဖွဲ့စခန်း