လှည်းကူးမြို့နယ်အတွင်းမှ တရားမဝင် သစ်ခွဲသားများတင်ဆောင်လာသော ယာဉ်နှစ်စီးဖမ်းမိ

ရန်ကုန်  ၄  ဇူလိုင်

 

ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်အတွင်းမှ တရားမဝင်သစ်ခွဲသားများ တင်ဆောင်လာသော ယာဉ်နှစ်စီးဖမ်းမိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ဇူလိုင် ၃ ရက် နံနက် ၆ နာရီက လှည်းကူးမြို့နယ် သစ်တောဦးစီးအရာရှိ ဦးတင်ထွဏ်း ဦးစီးသောအဖွဲ့သည် ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် တရားမဝင်သစ်များ သယ်ဆောင်လာကြောင်း သတင်းအရ မိုင်တိုင်အမှတ် ၂၈/၁ အင်တိုင်ကျေးရွာအနီးတွင် စောင့်ဆိုင်းနေစဉ် ထောက်ကြံ့မြို့နေ အေးမင်းထွန်း မောင်းနှင်ပြီး ဖြိုးလေးလိုက်ပါလာသော FF/---- ယာဉ်အား မသင်္ကာ၍ ရပ်တန့်စစ်ဆေးရာ အဆိုပါယာဉ်ပေါ်မှ တရားမဝင်ကျွန်း ပါကေးတုံးအကြမ်း ၄၁၆ တုံး ဖမ်းဆီးရမိသဖြင့် သစ်တောဥပဒေအရ ဖမ်းဆီးအရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

 

အလားတူ ယင်းနေ့ နံနက် ၆ နာရီခွဲခန့်က ပဲခူးဘက်မှ မောင်းနှင်လာသော 7I/---- ယာဉ်ကို ရပ်တန့်ခိုင်းစဉ် ယာဉ်မောင်းမှာ ယာဉ်အားရပ်တန့်ပြီး ထွက်ပြေးလွတ်မြောက်သွားသဖြင့် ယာဉ်အား ဆက်လက်ရှာဖွေရာ အဆိုပါယာဉ်အတွင်းမှ တရားမဝင် ပျဉ်းကတိုးခွဲသား ၁၅၃ ချောင်း (၈ ဒသမ ၃၆၆၆ တန်) ရှာဖွေတွေ့ရှိရသဖြင့် ယာဉ်မောင်း၊ ယာဉ်ပိုင်ရှင်နှင့် သစ်ပိုင်ရှင်အား စုံစမ်းဖော်ထုတ် အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

 

လူအောင်(ကသာ)