လှည်းကူးမြို့နယ်၌ ကျွန်းခွဲသားများ တရားမဝင်  တင်ဆောင်လာသော ယာဉ်တစ်စီးဖမ်းဆီးရမိ

လှည်းကူး  ၁၇ ဇူလိုင် 


ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်၌ တရားမဝင်ကျွန်းခွဲသားများတင်ဆောင်လာသော ယာဉ်တစ်စီးကို ဇူလိုင် ၁၆ ရက် နံနက် ၅ နာရီခန့်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။   


ဖြစ်စဉ်မှာ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်ထွဏ်းဦးဆောင်သော သစ်တောဝန်များအဖွဲ့သည် ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီးတစ်လျှောက် တရားမဝင် သယ်ယူမှုမရှိစေရေး ဆောင်ရွက်နေစဉ် နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့မောင်းနှင်လာသော ယာဉ်၏ အရှေ့နံပါတ်အမှတ် BGO 2N/-----၊ ယာဉ်၏အနောက်နံပါတ်အမှတ် YGN 2M/-----နံပါတ်ပြားများတပ်ဆင်ထားသည့် Grand Hiace အမျိုးအစား၊ ခဲရောင်ယာဉ်အား မသင်္ကာသဖြင့် မိုင်တိုင်အမှတ်(ဝ/၇)ရှိ Toll Gate ရှိ သစ်တောဝန်ထမ်းများအဖွဲ့သည် စစ်ဆေးရန်တားဆီးစဉ် ရပ်တန့်ခြင်းမရှိဘဲထွက်ပြေးသွားသဖြင့် သံဆူးပြားပစ်ချဖမ်းဆီးခဲ့ရာ အဆိုပါ၏ရှေ့ဝဲဘက်ဘီးပေါက်လျက် ဆက်လက်မောင်းနှင် သွားခဲ့သည်။


အဆိုပါယာဉ်အား ဖမ်းဆီးနိုင်ရန် ဆက်လက်လိုက်လံဖမ်းဆီးခဲ့ရာ လှည်းကူးမြို့နယ် အမှတ်(၃)လမ်းနှင့် အမှတ်(၇) လမ်းဆုံအနီးရှိ လမ်းဘေးမြောင်းအတွင်းသို့ ထိုးကျသွားပြီး ယာဉ်မောင်းမှာ ယာဉ်ပေါ်မှခုန်ဆင်းကာ ရှေ့ပြေးယာဉ် ဟုယူဆရသော Honda Fit အပြာရောင် ပေါ်သို့တက်၍ထွက်ပြေးသွားကြောင်း၊ အဆိုပါယာဉ် အားစစ်ဆေးရာ ယာဉ်ပေါ်တွင် တရားမဝင်တင်ဆောင်လာသော ကျွန်းခွဲသား(၃၈)ချောင်း၊ (၁.၅၈၄၄)တန်၊ ဒေသပေါက်ဈေး(၁၅၈၄၄၀ဝ)ကျပ်၊ ကြမ်းခင်းဈေး(၄၇၅၃၂၀)ကျပ်တို့အားသိမ်းဆည်းရမိခဲ့ပြီး အဆိုပါယာဉ်နှင့်ကျွန်းခွဲ သားများအား မြို့မပျိုးဥယျာဉ်သို့ပို့ဆောင်ကာ ယာဉ်မောင်း(စိစစ်ဆဲ)၊ ပစ္စည်းပိုင်ရှင်၊ ယာဉ်ပိုင်ရှင်(စိစစ်ဆဲ)တို့အား လှည်းကူးမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


နိုင်လင်း(လှည်းကူး)