ရန်ကုန် မတ် ၉

 

သဘာဝပတ်ဝန်းကျင်ကို အပြည့်အဝထိန်းသိမ်းထားသည့် တနင်္သာရီတိုင်းဒေသကြီး လန်ပိကျွန်း အမျိုးသားဥယျာဉ်၏ ဝါးအလယ်ကျွန်း အပန်းဖြေစခန်းသို့ ယခုနှစ် ခရီးသွားရာသီတွင် အာရှနိုင်ငံများထက် ဥရောပနိုင်ငံများမှ ကမ္ဘာလှည့်ခရီးသွားများ အများဆုံး ဝင်ရောက်လျက်ရှိကြောင်း ဝါးအလယ်ကျွန်း အပန်းဖြေစခန်းမှ သိရသည်။

 

ကြည့်ရှုလေ့လာ

 

လန်ပိအဏ္ဏဝါ အမျိုးသား ဥယျာဉ်၏ ဝါးအလယ်ကျွန်းသို့ နိုင်ငံခြားသား ခရီးသွားများအနေဖြင့် ငါးရက်မှ နှစ်ပတ်အထိ အပန်းဖြေလည်ပတ်ကြလေ့ရှိပြီး ဒီရေတောအတွင်း ကယက်လှေဖြင့် လှည့်လည်ကြည့်ရှုခြင်း၊ သစ်တောအတွင်း လမ်းလျှောက်၍ ဂေဟစနစ်များကို ကြည့်ရှုလေ့လာခြင်း၊ တောင်ပေါ်တက်၍ သဘာဝအလှကို ကြည့်ရှုခြင်း၊ ရှားပါး တောရိုင်းတိရစ္ဆာန်များကို ကြည့်ရှုခြင်း၊ ပင်လယ်သန္တာကျောက်တန်းများ၏ ရေအောက်အလှကို ကြည့်ရှုလေ့လာခြင်း၊ ရေကူးခြင်း၊ သောင်ပြင်မွမွတွင် လမ်းလျှောက်ခြင်း၊ ဆည်းဆာအလှကို ကြည့်ရှုခံစားခြင်းနှင့် ဆလုံ(မော်ကင်း) တိုင်းရင်းသားတို့၏ လူနေမှုဘဝတို့ကို လေ့လာလည်ပတ်ကြ လေ့ရှိသည်။

 

“ဝါးအလယ်ကျွန်း အပန်းဖြေစခန်းကို စတင်တည်ဆောက်စဉ် ကတည်းက သဘာဝပတ်ဝန်းကျင် ဂေဟစနစ် ထိခိုက်မှုမရှိအောင် အခိုင်အခံ့နဲ့ တည်ဆောက်ခဲ့တာ တစ်ခုမှမရှိပါဘူး။ သစ်ဟောင်း၊ ဝါးဟောင်းနဲ့ပဲ တည်ဆောက်ထားပြီး ရေခဲသေတ္တာ၊ အဲကွန်း မရှိပါဘူး။ လိပ်တွေဆိုရင် နှစ်တိုင်း သောင်ပြင်တက်ပြီး ဥချတဲ့အတွက် ကောင်ရေ တိုးလာပါတယ်။ လန်ပိကျွန်းတစ်ခုလုံး လှတယ်။ ဇီဝမျိုးစုံမျိုးကွဲနဲ့ သတ္တဗေဒ၊ ရုက္ခဗေဒစုံတဲ့အတွက် နိုင်ငံခြားသားတွေက ဂေဟစနစ် ထိခိုက်မှုမရှိတဲ့ ကျွန်းအဖြစ် လက်ခံတဲ့အတွက် လာရောက် လည်ပတ်ကြတာပါ။ အထူးသဖြင့် သစ်တော၊ အဏ္ဏဝါနဲ့ သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးတဲ့ ဥရောပက နိုင်ငံခြားသားတွေ အများဆုံး လာရောက်လည်ပတ် ကြပါတယ်။ ဝါးအလယ်ကျွန်းကို သဘာဝပတ်ဝန်းကျင် ချစ်မြတ်နိုးတဲ့ နိုင်ငံခြားသားခရီးသွားတွေပဲ လာရောက် တာဖြစ်တဲ့အတွက် လူဦးရေကန့်သတ်ထားပြီး အခန်းလည်း နည်းပါတယ်။ ဒီနှစ်ခရီးသွားရာသီမှာ ဧပြီလအထိ နိုင်ငံခြား ခရီးသွားတွေရှိနေပါတယ်”ဟု ဝါးအလယ် ကျွန်းအပန်းဖြေစခန်းမှ အထွေထွေ မန်နေဂျာ ဦးအောင်ဇင်လတ်က ပြောသည်။

 

နှစ်စဉ်ခရီးသွားရာသီ၌ ဝါးအလယ် ကျွန်း အပန်းဖြေခရီးစဉ်ကို အောက်တိုဘာလတွင် ခရီးသွားစတင် လက်ခံလေ့ရှိပြီး ယခုနှစ်ခရီးသွားရာသီ၌ ရာသီဥတုအခြေအနေကြောင့် နိုဝင်ဘာလတွင် ခရီးသွားဝန်ဆောင်မှု စတင်ခဲ့ကာ ရုရှားမှခရီးသွား အများဆုံး ဝင်ရောက်ခဲ့သည်။ ဝါးအလယ်ကျွန်းတွင် အခန်း ၄၀ ခန့် ထားရှိပြီး နှစ်ယောက်ခန်းတစ်ခန်းလျှင် အမေရိကန်ဒေါ်လာ ၁၅၀၀ ဖြင့် ဝန်ဆောင်မှုပေးကာ လန်ပိအဏ္ဏဝါ အမျိုးသားဥယျာဉ်၏ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေရန် ခရီးသွား ဦးရေကို ကန့်သတ်ထားသည်။

 

ယခုနှစ်ခရီးသွားရာသီ၌ ဝါးအလယ် ကျွန်းသို့ အာရှမှ နိုင်ငံခြားသားခရီးသွားထက် ဥရောပမှ နိုင်ငံခြားသားခရီးသွားများ အများဆုံး ဝင်ရောက်အပန်းဖြေလျက်ရှိပြီး အင်းလေး၊ ပုပ္ပားနှင့် ပုဂံသို့ လည်ပတ်ပြီးပါက ဝါးအလယ်ကျွန်းတွင် အပန်းဖြေ အနားယူကာ ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာ နိုင်ငံများသို့ ပြန်လည် ထွက်ခွာလေ့ရှိကာ အချို့ခရီးသွားများက ထိုင်းနိုင်ငံ ရနောင်းမှ တိုက်ရိုက်လာရောက် လည်ပတ်လေ့ရှိသည်။ လန်ပိအဏ္ဏဝါ အမျိုးသားဥယျာဉ်တွင် တည်ရှိသည့် ဝါးအလယ်ကျွန်းသည် ပင်လယ်ပြင် သဘာဝရှုခင်းအလှများ၊ ကုန်းနေ/ရေနေ ရှားပါးမျိုးစိတ်များနှင့် ဇီဝမျိုးစုံမျိုးကွဲ ကြွယ်ဝမှုတို့ကြောင့် နိုင်ငံခြားသား ခရီးသွားများ အထူးစိတ်ဝင်စားကာ နှစ်စဉ် လာရောက်လည်ပတ်လျက်ရှိရာ အဆိုပါ ခရီးသွားများမှတစ်ဆင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်ထားသည့် လန်ပိအဏ္ဏဝါ အမျိုးသားဥယျာဉ်၏ ဂုဏ်ကို ကမ္ဘာသို့ သင်းပျံ့စေလျက်ရှိကြောင်း သိရသည်။

 

ဥဿ

ဓာတ်ပုံ - ကိုလွင်