လပြာသို စာအလင်္ကာများ

မောင်လူမွှေး(မြန်မာမှု)

မြန်မာစာဆို ရှေးကဗျာဝိဇ္ဇာဓိုရ်ကြီးတို့သည် ရာသီဥတု၊ သဘာဝပတ်ဝန်းကျင်နှင့် လူသားများ ဆက်စပ်ပုံတို့ကို စာပန်းချီခြယ်သ၍ ကိုယ်စီကိုယ်င ကိုယ်အာရုံစိုက်ရာ သီကုံးစပ်ဆိုခဲ့ကြပေသည်။ ထို ၁၂ လရာသီဘွဲ့ စာအလင်္ကာများမှာ မြန်မာ့သုခုမအနုပညာများ ဖြစ်ချေသည်။ မြန်မာမှုအဖြာဖြာတို့သည် ဤ ၁၂ လရာသီဘွဲ့ ကဗျာတို့တွင် ထင်ဟပ်နေသည်။

ပြာသိုလဘွဲ့ကို နက္ခတ်တာရာကို အခြေခံသည့်ဖွဲ့များ

ဆေးပညာရှင်များကလည်း အာယုဗေဒ ဓာတ်ဗိန္ဓောဆေးဝါးများ နှင့်ဆက်စပ်ရာရာ အကြောင်းအရာများကို ရေးစပ်ကြ၏။ နက္ခတ်ဗေဒင် ပညာရှင်များကလည်း ကောင်းကင်၊ နေ၊ လ၊ နက္ခတ်တာရာ၊ ဂြိုဟ်သွားဂြိုဟ်လာ  ရာသီစက်စန်းယှဉ် စသဖြင့်ရေးဖွဲ့ခဲ့ကြသည်။ သဘာဝတရားကို  မြတ်နိုးကြသည့်  စာပေပညာရှင်များကလည်း တောတောင်ရေမြေ သဘာဝပန်းမန်အကြောင်းနှင့်တကွ ပိုးမွှား တိရစ္ဆာန်သတ္တဝါအကြောင်းများကို ရေးဖွဲ့ကြပြန်သည်။ အလွမ်းဓာတ်ခံ ရှိသူများကလည်း လွမ်းချင်း တမ်းချင်းများကို ရေးစပ်ကြပြန်သည်။ ထိုသို့ အသီးသီးသော ပညာရှင်များ ရေးစပ်ခဲ့ကြသည့် ရာသီဘွဲ့များအနက် ပြာသိုလဘွဲ့ကို နက္ခတ်တာရာကို အခြေခံသည့်ဖွဲ့များမှ အချို့ ကို တင်ပြပါမည်။ 
“အာဒိစ္စရယ်တဲ့ ဖန်သူရိန် …  ပြင်လမ်းသူခွာလို့ ဒက္ခိဏယာဉ် အစွန်းမှာ ထွန်းတဲ့ခါချိန်၊ ပြာသိုမှာ ဖြာစိုနှင်းရယ်နဲ့ ခါအလိုခွာညို သင်းပါဘိ မြင်းခင်းမြတ်တော်သဘင်မှာ ပျော်ရွှင်ကြပြည်လုံး၊  ပုဏ္ဏမာဖုသျှငယ် ယုန်စန္ဒာနဲ့  မှုန်ပြာပြာဝဠာတွင်းမှာလ၊  ငွေပုစွန် တာရာ လင်းတယ်နှင်းမြူပိတ်ဖုံး။” 

ဤလေးဆက်သဖြန်မှာ  မဟာဂီတဦးပြုံးချို၏  ပြာသိုလဖွဲ့ဖြစ် သည်။ ဤစာအလင်္ကာ၌ နေမင်း၊ နေသွားလမ်းကြောင်း၊ ပြာသိုလရာသီ ဆီးနှင်းစို၍ခွာညိုပန်းပွင့်ခြင်း၊ မြင်းခင်းသဘင်  ကျင်းပခြင်း၊  ပုစွန်တာရာအောက်တွင်ပါဝင်သည့်    ကရကဋ်ရာသီရှိ   ဖုသျှနက္ခတ်နှင့် စန်းယှဉ်၍ လပြည့်သောကောင်းကင် စသည်တို့ကို ရေးဖွဲ့ထားခြင်း ဖြစ်ပေသည်။  ထိုသဘောမျိုးကိုပင် စာဆိုတော် တောင်တွင်း ဦးကြော့က - 

“ဒေါင်းဗာဟီနဘေကွန့်လို့ ဟေမဝန့်ကန္တာ၊ လေတသွန့်ပြန်လာ သည် စန္ဒရာမြနန်း၊ ကက္ကဋာဝန်းရံလို့မြန်း။ မကာရလပြာသို မြခွာညိုနွယ်ပန်း၊ ညှာစိုစိုဝေလန်းလို့၊ ရွှေမကာရ်း မြူးပျော်၊ ဂဇာသိန်သဘင်ကျင်း ရွှေခပင်းရွှေမြင်းခင်းတော် ငွေနှင်းဥ လေညင်းဆော်သည် ရေကင်းတော် ကျုံးလှည့်လို့၊ သုံးဆယ့်ခြောက်နာရီလှုံ နန်းကြီးရွှေဘုံ၊ ဆောင်းဟေမန့်သည်ချမ်းပုံငယ် ထည်ကွမ်းတုံ ခြုံထွေးရလေး” 

ဟုစပ်ဆိုထားလေသည်။ ထိုခေတ်က ကွမ်းတုံခြုံစောင် (တရုတ် ပြည်မှလာသောစောင်)ကို ဆိုလိုခြင်းဖြစ်သည်။

ဤတေးထပ်တွင် ဒေါင်းဗာဟီ၊ စန္ဒရာမြနန်း၊ ကြယ်ဖုသျှ၊ ကက္ကဋာ မကာရလပြာသို ရွှေမကာရ်း မြခွာညိုစသည်တို့မှာ ဆရာကြီးဦးပြုံးချို၏ လေးဆက်သဖြန်ပါ စာသွားအတိုင်းပင်ဖြစ်ပေသည်။ 

စာဆိုဦးကြော့၏အထက်ဖော်ပြပါ  တေးထပ်တွင် ရေခင်းတော် ကျုံးလှည့်လို့ သုံးဆယ့်ခြောက်နာရီလှုံ နန်းကြီးရွှေဘုံဟူသော အကြောင်းအရာတစ်ခုပါလာလေသည်။ ရှေးအခါက နေ့တစ်နေ့တွင် နာရီ ၆၀ ရှိသည်။ “ပတ် - သံ - တံ - ရှည် - တီး - သံ - မြည် - လက် - ဆီ - ကံ - စာ - ရေး၊ တစ်ဆယ်တိုးမည် ထမ်းပိုးရည် ယင်းသည်အကြွင်းဆေး” ဆိုသည့် ရှေးနာရီ တွက်ပုံအရ  ပြာသိုလ၏ နေ့နာရီ၊ ညနာရီသည် ၂၄/၃၆ နာရီနေ့ညရှိပုံ၊ ကျုံးတော်တွင် ကင်းလှည့်လည်၍ အချိန်ကိုက် ရေးကင်းနရီ ဆော်တီးရပုံတို့ကို ရေးဖွဲ့ထားခြင်းဖြစ်သည်။ စာဆိုတော် ဦးပုည၏ ပြာသိုလဘွဲ့တေးထပ်တွင် - 

“လပြာသို မကာရမှာ ကြယ်ဖုသျှယှဉ်ကာ၊ ဒွါဝီသ ပါဒ်နှစ်ဖြာဝယ် ရိပ်ဆာယာ  ခြောက်ဖဝါး၊ ဆတ္တိံသ ညဉ့်နာရီမှာ ဇောစမ္မီနေ့ မှန်လျက်သား၊ ထီးတစ်ရာ့ ဦးသျှောင်ငယ် အာဏာရောင်စက်သွား၊ ရန်တကာပယ်ရှား၍ တိမ်ညွန့်စားမြင်းပျံ၊ ရိန္ဒမာလှံယဉ်စွဲပါလို့ မြင်းခင်းပွဲ သဘင်တော်ခံ။ စုံတောဝမြိုင်ယံမှာ ဖူးပွင့်တံညှာညီရုံး လို့၊ မမ ဘုန်းဆင်ပါဆို ပန်းမြခွာညို၊ ကြာနန်းမြင့်ရိပ်ခိုဝယ် စိတ်လိုတော်မူပဲထင့်လေး…။” 

ဖော်ပြပါ စလေဦးပုည တေးထပ်တွင်မူ နာရီအချိန်ဖဝါးပါ ထည့်ထား၏။ နေ့နာရီ ညနာရီကို ဆတ္တိံသဇောစမ္မီ ဟု ပါဠိဘာသာဗေဒင်သုံးဝေါဟာရများဖြင့် ရေးထားသည်ကို တွေ့နိုင်လေသည်။ စာဆိုဦးပုညသည် နန်းတွင်းခစားရသူ စာဆိုပညာရှင် ဖြစ်သည်။ ပြာသိုလ ဆင်ခင်း၊ မြင်းခင်းပွဲကို မျက်ဝါးထင်ထင် တွေ့မြင်ရသူဖြစ်သည်။ ထို့ကြောင့် လှံရေး၊ မြင်းရေးနှင့် မင်းတုန်းမင်းတရားကြီး၏ ဘုန်းလက်ရုံးတို့ကို “တိမ်ညွန့်စားမြင်းပျံ၊ ရိန္ဒမာလှံ ယဉ်စွဲပါလို့ ထီးတစ်ရာ့ ဦးသျှောင်ငယ်… အာဏာရောင် စက်သွား၊ ရန်တကာ ပယ်ရှား၍” စသည်ဖြင့်ရေးဖွဲ့ လေသည်။ 

အခြားအကြောင်းခြင်းရာများသည် အထက်ဖော်ပြပါ ဦးပြုံးချို၏ လေးဆက်သဖြန်၊ တောင်တွင်းဦးကြော့၏ ပြာသိုလဘွဲ့တေးထပ်ပါ အကြောင်းအရာများနှင့် အတူတူပင်ဖြစ်သည်။ 

တိုင်းတားမြို့သူကြီး ဦးဖက်၏ ပြာသိုလဘွဲ့တေးထပ်မှာလည်း ထိုအကြောင်းအရာပင် ဖြစ်ပေသည်။ သို့သော် ဆန်းသစ်နေသည်။ ထိုအကြောင်းအရာကို အောက်ပါအတိုင်း ရေးဖွဲ့ထားလေသည်။

“အောင်သဟံဇေယျတုနှင့် ရွှေဖုသျှသင်္ကြန်၊ ခေါ်မြဲလ ချိန်မှန်ကို တြင်းသံငြိမ့်ညောင်း၊ ဖုန်းနေလ နှစ်ဖော်မှာ မြင်းခင်းတော်ကျင်းတဲ့ ဗိုလ်ပေါင်း၊  နန်းအာလိန့် နယ်မွန်ဝယ်  ကြယ်ပုစွန်လျှံမောင်း၊ နှင်းမြူတိမ် ကြိမ်ကြိမ်လောင်းလို့ ဒေါင်းစကြာပန်းအုံ၊ ဗာဟီခွင်ခင်း တဲ့ခေတ်မှာမို့  ဆွေးသစ်ဖွဲ့  ရေးလှည့်သာကြုံ၊  ရထည်းလှ ပြည်ကောဋုံကို  ခြုံတော်ရုံ လုံလို့ပဲနှင့်၊ လှိုက်သဲဝယ် မြေမပြို အေးသူ့ထက်ပို၊ သည်သမယ ပြာသိုကို ခိုင်ခွာညိုနွယ်မင်းတို့လေး၊ … ကန္တာရစုံခြေမှာ ထုံခြွေခြွေ ခြယ်ဆင်းလို့လေး…” 

စာဆိုဦးဖက်၏ အထက်ဖော်ပြပါ ပြာသိုလဖွဲ့တွင် “တြင်းသံ” “နေလ” “ကြယ်ပုစွန်” “ဒေါင်းစကြာ” “ဗာဟီခွင်” တို့မှာ နက္ခတ်တာရာ သုံး၊ ဗေဒင်သုံးဝေါဟာရများ ဖြစ်သည်။ ဗေဒင်ဝေါဟာရ ဖြစ်သော်လည်း အမှန်မှာ နေလ အီကွေတာ ဒက္ခိဏယာဉ် ဥတ္တရယာဉ် ဗာဟီခွင် ပထဝီဝင် အကြောင်းအရာများသာ ဖြစ်သည်။ အခြေခံပညာအထက်တန်းအထိ သင်ဖူးသူတိုင်း ထိုအကြောင်းအရာများကို သိသည်။ ရှေးခေတ်က ရှေးအသုံးနဲ့ ပေါရာဏ (စကားဟောင်း) ဝေါဟာရများ သုံးခြင်းသာဖြစ်သည်။ ထိုဝေါဟာရများနှင့် စိမ်းလေ ဤစာပေများနှင့် ဝေးလေဖြစ်နေမည်။ ဤသို့ မစိမ်းရလေအောင်ပေါရာဏဝေါဟာရများကို မြန်မာစာ ပေချစ်သူ၊  မြတ်နိုးသူများဖြစ်ကြသည့်  ပန်းရွှေပြည် ကိုရွှေသိမ်းမင်း၊ ရာပြည့် ဦးစိုးညွန့်၊  ရှေးဟောင်းသုတေသီ  ဆရာကြီး  ဦးထွန်းရီ (တစ်သက်တာစာပေဆုရှင်) စသည့်ပုဂ္ဂိုလ်များက ပေါရာဏကထာ ကျမ်းများကို ရှာဖွေ၍ ဖြည့်စွက်ရိုက်နှိပ်ခြင်း၊ ရှေးဟောင်းစာပေ ပျို့ကဗျာ လင်္ကာ မော်ကွန်း၊ အိုင်ချင်း၊ အဲချင်း၊ အန်ချင်း စသည့်များကို ကဗျာ့ ရိပ်မြုံ စာပန်းရဂုံ၊ ရှေးကဗျာစာစုများ၊ သီချင်းပဒေသာပေါင်းချုပ်များ စသည်ဖြင့်  အမြတ်အစွန်းကို ပဓာနမထားဘဲ  ထုတ်ဝေကြသည့် မြန်မာစာပေတာဝန်ကို ကျေပွန်ကြသည့် ပုဂ္ဂိုလ်များကိုလည်း လေးစားဂုဏ်ပြုရပါ၏။

၁၂ လဖွဲ့လူးတား

သဘာဝမြင်ကွင်းတစ်ခုကို ပန်းချီဆရာအသီးသီးသည် သူ့ရှုထောင့် သူ့မြင်ကွင်းမှ  ဆေးရောင်စုံ  အဖုံဖုံခြယ်သထုံမွမ်းရေးဆွဲသကဲ့သို့ မကာရရာသီ ပြာသိုလ၏ မြင်ကွင်းစုံကို အထက်ဖော်ပြပါ စာဆိုများက နက္ခတ်အမြင်နှင့်  ရေးဖွဲ့ခဲ့ကြခြင်းဖြစ်ပေသည်။  ဆည်သည်ရွာစား ဦးအောင်ကြီး၏ ၁၂လဖွဲ့လူးတားတွင် - 
“သာစွလေ…၊ ရွက်ဝေမြလို၊ ခါကိုညှိလင့်၊ ပင်တိုင်းတင့်၍၊ နှင်းနှင့် မြူငွေ့၊ လပြည့် နေ့ဝယ်၊ ပြိုင်ရွှေ့ဖုသျှ၊ မကာရဟု၊ ဆောင်းလရာသီ၊ အညီပေါ်မြန်း၊ ကြိုင်ပျံ့မွမ်းသည်၊ နွယ်ပန်းပွင့်လို၊ လပြာသိုကား၊ မိန်ညိုချပ်ဝတ်၊ လျှောက်ပတ်ဆောင်ယောင်၊ မှူးခေါင်မတ်ဖျား၊ မင်းသားမင်းမြေး၊ ဆုန်းရေးမှတ်လျက်၊ စွယ်ယှက်ချိတ်ငင်၊ မွမ်းဖြင် တိုက်လွှတ်၊ ပတ်ပတ်ဝန်းကျင်၊  ခြေလျင်ခြေချင်း၊  မြင်းလည်း မြင်းလျောက်၊ ထိုးမြှောက် လှံလေး၊ ခုန်ထွေးသံရှင်၊ စိုင်းနှင့် ကြွားကြွား၊ ဓားသွားနုတ်ငင်၊ သဘင်မြင်းခင်း၊ စစ်အင် ကျင်းသည်၊ စီးနင်းကြော့ လန်းလန်းတည့်လေ။ ပွင့်လင်းစည်သည်… ရွှေပြည် ရွှေဝ နန်းတည့်လေး…”

ဟူ၍ရေးဖွဲ့ထားရာ နက္ခတ်တာရာ ဂြိုဟ်သွား ဂြိုဟ်လာများသာမက မြင်းခင်းသဘင်  ဝတ်စားဆင်ယင်မှု၊  မှူးမတ်များ၊ ဆင်မြင်းရထား ခြေသည်အားကို စစ်အင်္ဂါလေးပါးနှင့်တကွ ဓားရေး၊ လှံရေး စသည်တို့ကိုပါ ရေးဖွဲ့ထားလေသည်။ 

မြင်းခင်းသဘင်နှင့် စစ်ရေးဘက်ကို အသားပေးသောရေးဖွဲ့ခြင်း ဖြစ်ပေသည်။ ဤလူးတားတွင် - “ဆုန်းရေး မှတ်လျက်၊ စွယ်ယှက် ချိတ်ငင်၊  မွမ်းဖြင်တိုက်လွှတ်၊ ပတ်ပတ်ဝန်းကျင်”  ဟူသောအရာမှာ ပြာသိုလ မြင်းခင်းသဘင်ဆိုရာ၌   မြင်းသာမက  ဆင်အချင်းချင်း တိုက်သည်လည်းပါဝင်ပေသည်။ တိုက်ဆင်များမှာ အတူနေဆင်များ ဖြစ်ကြ၍ ဆင်အချင်းချင်း ဓာတ်သိများဖြစ်သောကြောင့် ငယ်ကြောက် ဖြစ်သော  ကြောက်ရင်းဆင်သည်နိုင်မြဲဖြစ်သော  နိုင်ရင်းဆင်ကို ပြန်လည်ခုခံထိုးသတ်ရန်မဝံ့ကြပေ။ ထိုကြောက်ရင်းဆင်ကို “ဆုန်း” ဟု ခေါ်သော ဟင်္သာပြဒါးအညံ့စားကို သုတ်လိမ်းခြယ်မှုန်းပေးလိုက် သောအခါ မျက်စိမှား အနံ့ကွဲပြားကြပြီးလျှင် ဆင်အချင်းချင်းတိုးဝှေ့ တိုက်ခိုက်ကြသည်ကို ဆိုလိုခြင်းဖြစ်သည်။ 

ပြာသိုလဘွဲ့ လွမ်းချင်း

ဤသို့သော အကြောင်းအရာများသည် ၁၂ လရာသီဘွဲ့များ၌ အများအပြားပင် ရှိလှပေသည်။ လေးနက်လှသည့် အကြောင်းခြင်း ရာ အချက်အလက်များကို ရှာဖွေလေလေ  တွေ့ရှိလေလေဆိုသလို သိနိုင်ပေလိမ့်မည်။ မဟာအတုလမင်းကြီး၏ ပြာသိုလဘွဲ့ လွမ်းချင်းမှာ-

“တိမ်ခြေငယ် ရှင်းပါလို့ မြူနှင်းငယ်စိုစို လပြာသိုမှာ နွယ်ခွာညို မြိုင်မြိုင်နှင့် လှိုင်လှိုင်သင်းပါတဲ့ လကိုလေး.. ၊ ရောင်သိင်္ဂီငယ် ကြယ်ညီဖုသျှ မကာရမို့ ရွှေဝဥကင် နန်းရင်ပြင်မှာ လှံရင် မြင်းခင်း၊ သဘင်ကျင်းလို့၊ ရာမင်းထွက်စံ၊ ဗိုလ်ညီလာခံသောအခါ၊ ဆဒ္ဒန်ပိုင့် ပြောင်မွန်မှာ အောင်တံခွန် တေဇာမြူးလို့ ထူးလှတယ်လေး…”

ဤလွမ်းချင်း၌  အထက်ဖော်ပြပါအကြောင်းအရာနှင့် အချက်အလက်များပင် ဖြစ်ပါသည်။ 

၁၂ လရာသီဘွဲ့များဖွဲ့ဆိုသည့်အနက် မယ်ခွေ၏ ၁၂ လရာသီဘွဲ့ အဲချင်းများမှာ အလွန်ထူးခြားလှပေသည်။ အကြောင်းအရာ အချက် အလက် ဘက်စုံပါဝင်သည်ကို တွေ့ရပါသည်။ စာဆိုတော်မယ်ခွေ၏ ပြာသိုလဘွဲ့ကိုဖတ်ရှု၍ အဓိပ္ပာယ်ဖော်ထုတ် ရသဂုဏ်ကို ခံစားကြည့် ပါဘိ။ ရသနှင့်သာမက သုတနှင့်ကြည့်ပါမူ ကျမ်းတစ်စောင် ပေတစ်ဖွဲ့ ဖြစ်ပါမည်ဟု နိဂုံးချုပ် ဖော်ပြလိုက်ပါသည်။

ထောင်ပြည့်မှ ရောင်ခြည်လေ…၊ နေဝန်းစက်မွန်၊ တုဖက်ကယ် လွန်သည်၊ သရဝဏ် ကြယ်၊ ပါဒ်နှစ်သွယ်နှင့်၊ မိုးလယ်တောက်ထွန်း၊ စိုစိုငယ်ရွှန်းလှတယ်၊ ရစ်သွန်းလည် ပါလို့လေ…။ မြန်ပြည်မှာ သာနိုး၊ မိန်ညိုချပ်ကာ၊ ရွှေသွန်းဆာနှင့်၊ ရတနာမြင်းခင်း၊ စိတ်ရှိငယ်ကျင်း သည်၊ နှင်းဖြိုးဖြိုးနှင့်၊ စက်ထိုးမှဟန်ယူ၊ အသည်းဆွတ်ကြွေ၊ ချမ်းလေပြည်နှင့်၊ တောခြေတောင်ရံ၊ ငှက်ပေါင်းပျံလို့၊ ဝတ်ဆံ ငယ်ချူသည်၊ မီးပူပူကင် မဝသည့်၊ လပြာသိုဆောင်း။ ။ ထည်ပေါင်း မှထောင်ရာ၊ ခြုံလေ အေးလေ၊ ကြက်သီးထွေနှင့်၊  ယပ်ရွှေပျားမင်း၊  သြဇာကင်းသည်၊ ချိုးလင်းပြာတို့၊ မသာမကြည်၊ ပရိဒေဝ၊ ငိုကြွေးကြလို့၊ ဟအာလုပ်သံ တညံညံနှင့်၊ ခက်ပြန်အောင်မြည်သည်၊ ညွန့်ရှင်ရှည် ခွာညိုပွင့်လို့၊ သိုင်းဝင့်ချိန်နီး။ ။ ပြည်ကြီးမှပင်မွန်၊ တုဖက်ကယ်လွန်သည်၊ ပုစွန်ကထွန်း၊ နှင်းရည်သွန်းလို့၊ လေဝန်း ကဖိ၊ ဘယ့်နှယ်သာချိပမယ်၊ အမိကိုကယ်ကြပါ၊ မကာရရာသီတဲ့၊ နာရီတော်သံညောင်းနှင့်၊ စည်မောင်းတီး။    ။