လျှပ်စစ်စွမ်းအင် အသုံးပြုပြီး ပျံသန်းနိုင်သည့် မော်တော်ကားရှေ့ပြေးပုံစံအား ဂျပန်တွင် ထုတ်ဖော်ပြသ

တိုကျို ၆ သြဂုတ်

 

ဂျပန်နိုင်ငံ တိုကျိုအခြေစိုက် သတင်းအချက်အလက်နှင့် နည်းပညာ ဝန်ဆောင်မှု ကုမ္ပဏီ NEC  က ပြီးခဲ့သည့် တနင်္လာနေ့တွင် လျှပ်စစ်စွမ်းအင်အသုံးပြုပြီး ပျံသန်းနိုင်သည့် မော်တော်ကားရှေ့ပြေးပုံစံကို ထုတ်ဖော်ပြသခဲ့သည်။ ကမ္ဘာတစ်ဝန်းရှိ အခြားကုမ္ပဏီများမှာ ယင်းကဲ့သို့ လေကြောင်းပျံသန်းနိုင်သည့် ယာဉ်များအတွက် ၎င်းတို့၏ ဆက်သွယ်ရေးနှင့် ထိန်းချုပ်မှု နည်းပညာများကို ဝန်ဆောင်မှု ပေးနိုင်ရန် ထုတ်ဖော်ပြသလိုက်ခြင်းဖြစ်သည်။

 
အလေးချိန် ၁၄၈ ကီလိုဂရမ်၊ အရှည် ၃ ဒသမ ၉ မီတာ၊ အမြင့် ၁ ဒသမ ၃ မီတာ၊ အကျယ် ၃ ဒသမ ၇ မီတာ ရှိတဲ့ ရဟတ်ယာဉ်ပုံစံ ရှေ့ပြေးယာဉ်ကို စမ်းသပ်မောင်းနှင်ခဲ့ရာမှာ မြေပြင်ကနေ ၃ မီတာထိ တက်လာပြီး မိနစ်အနည်းငယ် ပျံဝဲနိုင်ခဲ့သည်။ 

 

ရှေ့ပြေးယာဉ်တွင် ပန်ကာ လေးခုတပ်ဆင်ထားပြီး တည်နေရာ သတ်မှတ်မှုနှင့် လေကြောင်းပျံသန်းမှုကို ထိန်းချုပ်ရန် NEC ၏ ကိုယ်ပိုင် ဆော့ဖ်ဝဲလ်များကို အသုံးပြုထားသည်။ ကုမ္ပဏီအနေဖြင့် အဆိုပါယာဉ်များကို ထုတ်လုပ်သွားမှာ မဟုတ်ဘဲ ယင်းကဲ့သို့ ပျံသန်းနိုင်သော မော်တော်ယာဉ်များတွင် ၎င်းတို့၏ နည်းပညာကို ၂၀၂၃ ခုနှစ်မှစပြီး အသုံးပြုသွားနိုင်ရန်သာ မျှော်လင့်ကြောင်း တရားဝင်ပြောကြားထားသည်။


“ လေကြောင်းပျံသန်းမှု၊ အထူးသဖြင့် ပို့ဆောင်ဆက်သွယ်ရေးမှာ ဒါဟာ အထူးအသုံးဝင်လာမှာပါ။ ကျွန်တော်တို့ရဲ့နည်းပညာကို ဆန်းသစ်တီထွင်မှုတွေနဲ့ ပေါင်းစပ်သွားမှာပါ” လို့ ကုမ္ပဏီ၏ အကြီးတန်းအမှုဆောင်အရာရှိ ဒုတိယ ဥက္ကဋ္ဌ နိုရီဟီကို အီရှိဂူရိုက  သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။


၎င်းတို့ရဲ့ နည်းပညာကို ပျံသန်းနိုင်သည့် မော်တော်ကားများ ထုတ်လုပ်နေသည့် Cartivator လုပ်ငန်းစုမှ အင်ဂျင်နီယာများအတွက် ထောက့်ပံ့ကူညီပေးရန် ရည်ရွယ်ထားပြီး ပြီးခဲ့သည့်နှစ်က သဘောတူ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။


Cartivator လုပ်ငန်းစုသည် Panasonic နှင့် Toyota Motor ကုမ္ပဏီများအပါအဝင် အခြားကုမ္ပဏီ ၈၀ ကျော်က အထောက်အပံ့ပေးထားသည့် လုပ်ငန်းစုဖြစ်သည်။  Cartivator လုပ်ငန်းစုဟာ ၂၀၂၃ ခုနှစ်တွင် လူနှစ်ယောက်လိုက်ပါပျံသန်းနိုင်သည့် မော်တော်ကားကို ထုတ်လုပ်နိုင်ရန်ကြိုးပမ်းနေပြီး ၂၀၂၀ တိုကျို အိုလံပစ်နှင့် မသန်စွမ်း အားကစားပြိုင်ပွဲတွင် စမ်းသပ်ပျံသန်းနိုင်ရန် အကောင်အထည်ဖော်နေခြင်းဖြစ်သည်။ ၂၀၂၅ ခုနှစ် အိုဆာကာ ကုန်စည်ပြပွဲမှာ လူသယ်ဆောင်နိုင်ပြီး ၂၀၂၆ ခုနှစ်မှာ အမြောက်အမြား ထုတ်လုပ်နိုင်ရန် ရည်ရွယ်ထားသည်။


ဂျပန် အစိုးရကလည်း ပျံသန်းနိုင်သည့် မော်တော်ကားများ ထုတ်လုပ်တပ်ဆင်နိုင်ရန် မော်တော်ကားနှင့် ပို့ဆောင်ရေးကဏ္ဍမှ ပုဂ္ဂလိက ကုမ္ပဏီများကို ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းလျက်ရှိသည်။ ပျံသန်းနိုင်သည့် မော်တော်ယာဉ်များကို ခရီးသွားဝန်ဆောင်မှု လုပ်ငန်း၊ အပန်းဖြေ ဇိမ်ခံလုပ်ငန်းများ၊ ဘေးအန္တရာယ်ကယ်ဆယ်ရေး လုပ်ငန်းများ၊ ကုန်စည်သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ၊ ယာဉ်ကြောပိတ်ဆို့မှု ဖြေလျှော့နိုင်ရေးတို့တွင် အသုံးပြုရန် ရည်ရွယ်ထားသော်လည်း ဘေးကင်းလုံခြုံမှုအတွက် စံပြုသတ်မှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများ မရှိသေးခြင်းက စိန်ခေါ်မှုတစ်ရပ်ဖြစ်နေသည်။ 


အစိုးရ၏ လမ်းညွှန်မှုအရ ရှေ့ပြေးမော်တော်ယာဉ် တည်ဆောက်မှုနှင့် စမ်းသပ်ပျံသန်းမှုကို ယခုနှစ်အတွင်း အကောင်အထည်ဖော်သွားပြီး ၂၀၂၃ ခုနှစ်တွင် လက်တွေ့ကျသော ပျံသန်းမှုနည်းပညာများကို ထည့်သွင်းသွားမည်ဖြစ်သည်။ ယင်းနောက် ၂၀၃၀ ခုနှစ်တွင် အဆိုပါ ပျံသန်းနိုင်သည့် မော်တော်ယာဉ်များကို မြို့ပြသယ်ယူပို့ဆောင်ရေးတွင် အသုံးချနိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။


SMZaw(MDN)
Source> KYODO NEWS