လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ  မုဒုံမြို့နယ်အတွင်း ပျက်စီးဆုံးရှုံးသွားသော သီးနှံပင်/ နှစ်ရှည်ပင်များအတွက် လျော်ကြေးငွေပေးအပ်

မုဒုံ   ဇန်နဝါရီ   ၂၆

 

မော်လမြိုင် - သံဖြူဇရပ်  ၆၆ ကေဗွီ ဓာတ်အားလိုင်း တည်ဆောက်ခြင်းကြောင့် ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် သီးနှံပင်/ နှစ်ရှည်ပင်များအတွက် မုဒုံမြို့နယ်ရှိ တောင်သူတစ်ဦးချင်းစီသို့ လျော်ကြေးငွေ ပေးအပ်ခြင်းကို ဇန်နဝါရီ ၂၆ ရက် နံနက်ပိုင်းက မုဒုံမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်မ၌ ပြုလုပ်သည်။

 

ရှေးဦးစွာ မုဒုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်က အမှာစကားပြောကြားပြီး လျှပ်စစ် ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန ဓာတ်အားပို့လွှတ်ရေး (တောင်ပိုင်း) စီမံကိန်း မန်နေဂျာရုံး(၂)မှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းနိုင်ဦးက ၂၀၁၅ - ၂၀၁၈ ခုနှစ် စီမံကိန်း အတွင်း တည်ဆောက်ခဲ့သည့် ၆၆ ကေဗွီ မော်လမြိုင် - သံဖြူဇရပ် ဓာတ်အားလိုင်းကြီးကို နိုင်ငံတော် အနေဖြင့် ဒေသခံပြည်သူများ အကျိုးကျေးဇူးကြီးစွာ ဖြစ်ထွန်းစေရန် ရည်ရွယ်၍ တင်ဒါ အောင်မြင်ခဲ့သည့် ကုမ္ပဏီမှ ၂၀၁၅  - ၂၀၁၆ ဘဏ္ဍာနှစ်မှစပြီး လုပ်ငန်းဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါ ဓာတ်အားလိုင်း တည်ဆောက်ခြင်းကြောင့် တောင်သူများ နစ်နာဆုံးရှုံးခဲ့သည့် သီးနှံပင်/ နှစ်ရှည်ပင်များနှင့် ပတ်သက်၍ ယခုလို ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

 

ထို့နောက် မုဒုံမြို့နယ်ရှိ လျော်ကြေးငွေရရှိသူ တောင်သူ ၃၂ ဦးအား မုဒုံမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများက လျော်ကြေးငွေ ကျပ် ၂၅၆၆၀၈၄၀ အား ပေးအပ်ခဲ့ပြီး တက်ရောက်လာကြသည့် တောင်သူများကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင် စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

 

အောင်မျိုးသူ(ပြန်/ဆက်)