လျှပ်စစ်သုံးယာဉ်များအတွက် လျှပ်စစ်ဓာတ်အားဖြည့်သွင်းရုံ ၁၁၅ မိုင်၌ ဖွင့်လှစ်

​ဖြူး       ဧပြီ       ၅

 

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အပိုင်း အမြန်လမ်းမကြီး ၁၁၅ မိုင် ယာဉ်ရပ်နားစခန်း၌ Earth Renewable Energy Company Limited မှ တာဝန်ယူဆောင်ရွက်သည့် လျှပ်စစ်သုံးယာဉ်များ လျှပ်စစ်ဓာတ်အားဖြည့်သွင်းရုံ (၁၁၅-မိုင်) EV Charging  Station ဖွင့်ပွဲကို ဧပြီ ၅ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် ဆောက်လုပ်ရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဦးမျိုးသန့်က အမှာစကားပြောကြားပြီး Earth Renewable Energy Company Limited မှ General Manager ဦးဇော်ဝင်းနိုင်က လုပ်ငန်းစဉ်များကို ရှင်းလင်း တင်ပြသည်။ ယင်းနောက် ပြည်ထောင်စု၀န်ကြီး ဦးမျိုးသန့်၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သောင်းထိုက်၊ Earth Renewable Energy Co., Ltd.၏ Managing Director  ဦးမျိုးမြင့်ကျော်တို့ က EV Charging Station အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် ပြည်ထောင်စု၀န်ကြီးက EV Charging Station ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်၍ အမွှေးနံ့သာရည် ပက်ဖျန်းကာ တက်ရောက်လာကြသော အကြီးအကဲများ၊ ဧည့်ပရိသတ်များနှင့်အတူ အားသွင်းစက်များဖြင့် လုပ်ငန်းလည်ပတ်မှုကို ကြည့်ရှု့လေ့လာသည်။

 

မြန်မာနိုင်ငံတွင် လျှပ်စစ်သုံးယာဉ်များ အသုံးပြုနိုင်ရေးအတွက် အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီက  အမြန်လမ်းမကြီး တစ်လျှောက် လျှပ်စစ်သုံးယာဉ်များ လွယ်ကူလျင်မြန်စွာ အားသွင်းနိုင်ရေး စီမံဆောင်ရွက်ခြင်း ဖြစ်ကြောင်းနှင့် အမြန်လမ်းမကြီးပေါ်တွင် လျှပ်စစ်ဓာတ်အား ဖြည့်သွင်းရုံ (Charging Station)ကို (၁ /၀)မိုင်နှင့် နေပြည်တော်(၂၀၁)မိုင်တို့တွင် နှစ်နေရာ တည်ဆောက်ဖွင့်လှစ်ခဲ့ပြီဖြစ်ပြီး ယခုဖွင့်လှစ်သော (၁၁၅)မိုင်မှာ တတိယမြောက် Station ဖြစ်ကာ ယာဉ်ငယ် ၁၀ စီး၊ ယာဉ်ကြီး လေးစီး တစ်ပြိုင်တည်း အားသွင်းနိုင်ကြောင်း သိရသည်၊၊

 

နေမျိုးလွင်(ပြန်/ဆက်)