လွတ်လပ်စွာ ပြောဆိုဝေဖန်ခွင့်ရှိသည်ဆိုပြီး

အောက်တိုဘာ ၁၁

 

ဒီမိုကရေစီစနစ်ကို တည်ထောင်မည်ဆိုသည့် မျှော်မှန်းချက်ဖြင့် ပြည်သူလူထုအများစုက ရုန်းကန်ခဲ့ကြသည်။ ယခုအခါတွင် ဒီမိုကရေစီ အခွင့်အရေးများကိုလည်း ရာခိုင်နှုန်းအပြည့် မဟုတ်သော်လည်း အတော်အသင့် ရပြီဟုဆိုနိုင်ပါသည်။ အုပ်ချုပ်ရေး၊ ဥပဒေ ပြုပြင်ရေး၊ တရားစီရင်ရေးတို့တွင် ဒီမိုကရေစီအပြည့်အဝရရှိမှု နှင့် ပတ်သက်၍ အားထုတ်ကြိုးပမ်းစရာတို့ များစွာရှိသေးသည်ဆိုသော်လည်း လူတစ်ဦးချင်း၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၌ ယခင်ကာလများနှင့် နှိုင်းယှဉ်လျှင် များစွာတိုးမြင့်လာနေသည် ဆိုခြင်းကို အငြင်းပွားစရာမရှိဟု မြင်ပါသည်။

 

လွတ်လပ်စွာ ပြောဆိုနိုင်သည့် အခွင့်အရေးနှင့် နည်းပညာ တိုးတက်မှုတို့ တစ်ပြိုင်နက် ယှဉ်လာသည့်အခါ လူမှုကွန်ရက်များပေါ်တွင် လွတ်လပ်စွာပြောဆိုနေသည့် ပြည်သူလူထုကြားက သဘောဆန္ဒနှင့် လူထုရင်ထဲက စကားများကို ကြားလာရပြီဖြစ်ပါ သည်။ ယခင်က “ကျနေ ပိုပူ၏” ဆိုသည့် အသုံးအနှုန်းမျိုးကိုမျှပင် ထုတ်ဖော်ခွင့် မရနိုင်သည့်ခေတ်မှသည် “အစိုးရ ဘာတွေလုပ်နေ တာလဲ... ဒါဟာ အစိုးရမှာ တာဝန်မရှိဘူးလား” ဟူသည့်စကားတို့ကို လက်ရုံးဆန့်တန်းကာ ပြောဆိုဝေဖန်နိုင်သည့် ခေတ်ဆီသို့ ပြောင်းခဲ့သည်ဟု ဆိုရပါမည်။

 

မည်သို့ပင်ဖြစ်စေ၊ ပြည်သူလူထု၏ရင်တွင်းက စကားသံတို့ကို ပွင့်ပွင့်လင်းလင်း ကြားလာရသည်မှာ နိုင်ငံအတွက် အမြတ်ဟု ယူဆရပါသည်။ လူထုမှာ ပွင့်လင်းစွာ ပြောဆိုပိုင်ခွင့်ရှိသည်ဟူသည့် အနှစ်သာရနှင့် တာဝန်ရှိသူတို့ အကောင်အထည်ဖော် ဆောင်ရွက်နေသည်တို့ကို ပြန်လည်ဆန်းစစ်မိနိုင်သည့် အခွင့်အလမ်းတို့သည် တိုင်းပြည်အတွက်၊ ပြည်သူလူထုအတွက်လည်း အကျိုးရှိသည်ဟု ယုံကြည်ပါသည်။ လူထုထံမှ လူထုထံသို့၊ လူထုထံမှ အုပ်ချုပ်သူတို့ထံသို့ သတင်းစကားများကို လွတ်လပ်စွာပေးပို့ ပြောဆိုလာနိုင်ပြီ။ ပြည်သူလူထုတောင့်တသည့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ သတင်းလွတ်လပ်ခွင့် အစရှိသည်တို့ ပြောင်းလဲ ပေါ်ပေါက်လာနေသည်မှာ ဒီမိုကရေစီခေတ်အပြောင်းအလဲ၏ အသက်တစ်ခုပဲ ဖြစ်ပါသည်။

 

သို့သော်လည်း ပွင့်လင်းစွာပြောဆိုပိုင်ခွင့်၊ သတင်းလွတ်လပ် ခွင့်ဆိုသည်မှာ အချက်အလက်မှန်၊ သတင်းမှန်များပေါ်တွင် အခြေပြုရခြင်းဖြစ်ပါသည်။ မဟုတ်မမှန်သော သတင်းစကား၊ သိမ်ဖျင်း ရုန့်ရင်းသော သတင်းစကား၊ အခြားတစ်ပါးသောသူကို ထိခိုက်နစ်နာအောင် လုပ်ကြံပြောဆိုသော သတင်းစကား၊ ဥပဒေနှင့် မလွတ်ကင်းသော သတင်းစကား အစရှိသည်တို့ကို လွတ်လွတ်လပ်လပ် စိတ်ထင်သလို ပြောခွင့်ဖြန့်ချီဝေမျှခွင့်ရခြင်းကို ဆိုလိုသည်မဟုတ်ပါ။

 

ထို့အတူ အခြားသူတစ်ဦး၏ လွတ်လပ်မှုကိုသော်လည်းကောင်း၊ လူမျိုး၊ အသားအရောင်ကွဲပြားမှု၊ ကျားမ လိင်ကွဲပြားမှု၊ ကိုးကွယ်ယုံကြည်မှုနှင့် ယဉ်ကျေးမှု မတူကွဲပြားမှုတို့ကို ထိပါးပုတ်ခတ်ကာ လွတ်လွတ်လပ်လပ် ပြောချင်တိုင်းပြောသည့် သတင်းစကားမျိုးကို ဆိုလိုခြင်းမဟုတ်ပါ။

 

ဒီမိုကရေစီအခွင့်အရေးများသည် လူတစ်ဦးချင်း၏ အသက်ရှင်သန်နေထိုင်မှု၊ သူ၏ လွတ်လပ်ခွင့်နှင့် ဂုဏ်သိက္ခာတို့ကို လေးစားတန်ဖိုးထားမှုဖြင့် နေထိုင်သည့်စနစ်ဖြစ်၏။ မိမိ၏ဂုဏ်သိက္ခာ ကြီးမြတ်မှုသည် သူတစ်ပါး၏ ဂုဏ်သိက္ခာကို မိမိက မည်မျှအလေးထား လေးစားသလဲ ဆိုသည့်အပေါ် မူတည်ပါသည်။ တစ်နည်းအားဖြင့် ကိုယ့်ဂုဏ်သိက္ခာကို ကိုယ်ရိုသေခြင်းဖြင့် သူတစ်ပါး၏ ဂုဏ်သိက္ခာကိုလည်း အသိအမှတ်ပြုလေးစားရန် ဖြစ်ပါ၏။

 

ဒီမိုကရေစီစနစ်ကပေးအပ်သည့် အခြေခံအခွင့်အရေးများကို အလွဲသုံးစားလုပ်ကာ သတင်း အမှားများကို ဖြန့်ဝေခြင်း၊ လုပ်ကြံသတင်းစကားများ ဖန်တီးဖြန့်ဝေခြင်းတို့သည် ကိုယ့်ဂုဏ်သိက္ခာ ကိုယ်ညှိုးနွမ်း ယုတ်လျော့စေသည်သာမက ဒီမိုကရေစီ၏အသရေကိုပါ ထိခိုက်အောင်လုပ်နေခြင်းသာ။

 

ထို့ပြင် သည်လိုသတင်းမှားများ လုပ်ကြံသတင်းများ ဖန်တီးဖြန့်ဝေခြင်းသည် ဒီမိုကရေစီ၏ ဂုဏ်အသရေကို ယုတ်လျော့စေရုံမျှမက ဥပဒေအရလည်း ငြိစွန်းသည်ကို သတိပြုကြရန် လိုပါသည်။ ဒီမိုကရေစီတွင် မြတ်နိုးစရာ၊ တန်ဖိုးထားစရာ အခွင့်အရေးများ များစွာရှိပါသည်။ ထိုအခွင့်အရေးများနှင့်အတူ တာဝန်များစောင့်ထိန်းရသည်များလည်း ရှိပါသည်။ နိုင်ငံသားတစ်ဦး၏ တာဝန်သိတတ်မှု၊ ဥပဒေကိုရိုသေလိုက်နာမှု၊ လူသားတစ်ဦးအနေဖြင့် မိမိ၏ဂုဏ်နှင့် ကိုယ်ကျင့် သိက္ခာကို လေးလေးစားစား ထိန်းသိမ်းစောင့်ရှောက်ခြင်းတို့ဖြင့်သာ နိုင်ငံ တိုးတက်မြင့်မားရေးကို မျှော်မှန်းနိုင်ကြမည်ဖြစ်ကြောင်း။ ။

 

မြန်မာ့အလင်း