လွတ်လပ်ရေးအောင်ပွဲ နိုင်ငံတော်အခမ်းအနား

မြင့်ဆွေဦး


၂၀၁၉ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်သည့် လွတ်လပ်ရေးနေ့မှာ(၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ဖြစ်သည်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်နံနက် ၄ နာရီ မိနစ် ၂၀ တွင် မြန်မာနိုင်ငံသည် လုံးဝလွတ်လပ်သောအချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်ကြောင်း ကမ္ဘာသို့ ကြေညာနိုင်ခဲ့လေသည်။၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့တွင် လွတ်လပ်ရေးအောင်ပွဲအခမ်းအနားကျင်းပခဲ့ပုံကို ရှာဖွေတင်ပြလိုက်ပါသည်။


နံနက် ၄ နာရီအချိန်


မြန်မာနိုင်ငံတော် လွတ်လပ်ရေးအောင်ပွဲအခမ်းအနားတွင် ပါဝင်ဆင်နွှဲရန်အတွက် နံနက် ၄ နာရီအချိန်တွင် တိုင်းပြုပြည်ပြုလွှတ်တော်မျက်နှာစာရှိ အလံတိုင်၏ ရင်ပြင်မြက်ခင်း၌ နိုင်ငံတော်ယာယီသမ္မတကြီးစဝ်ရွှေသိုက်သည် ကိုယ်ရံတော်ဗိုလ်များဖြစ်ကြသော ကာနယ်မြင့်သိန်း၊ကာနယ်ထင်မီ၊ ထို့ပြင် အတွင်းဝန်ဦးရွှေဘော်၊ အိမ်တော်ဝန်ဦးစံဖေတို့နှင့်အတူ ကြွရောက်လာပြီးသည့်နောက် ယာယီအစိုးရဝန်ကြီးချုပ် ယာယီပါလီမန်(တိုင်းပြုပြည်ပြုလွှတ်တော်)ဥက္ကဋ္ဌ၊ ယာယီအစိုးရဝန်ကြီးများနှင့် ဟိုက်ကုတ်လွှတ်တော် တရားဝန်ကြီးချုပ်၊ မဟာမင်းကြီးများ၊ နိုင်ငံခြားအထူးသံတမန်များ၊ဖဆပလ အမှုဆောင်လူကြီးများ၊ ယာယီပါလီမန်(တိုင်းပြုပြည်ပြုလွှတ်တော်) အမတ်များ၊ နိုင်ငံတော်ကာကွယ်ရေးအဖွဲ့ အကြီးအကဲများ၊ ယာယီပါလီမန်(တိုင်းပြုပြည်ပြုလွှတ်တော်)အရာရှိများ၊ တိုင်းမင်းကြီးများ၊ ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌနှင့် ရာထူးဝန်များ၊ အစိုးရဌာနအကြီးအကဲများ၊ အတွင်းဝန်များ၊ဒေသန္တရအဖွဲ့ ကိုယ်စားလှယ်များ၊ ရှေ့နေရှေ့ရပ်ဆိုင်ရာ ကိုယ်စားလှယ်များ၊ကုန်သည်ကြီးအသင်းလေးသင်းမှ ကိုယ်စားလှယ်များ၊ နေပြည်တော် ရာဇဝတ်တရားသူကြီးများ၊ ကျော်စောကိတ္တိရှိသော အခြားဧည့်သည်များရောက်ရှိစုရုံးလျက်ရှိကြလေသည်။


အသီးသီးနေရာချထား


လွှတ်တော်၏မျက်နှာစာအရှေ့ဘက်တွင် ယာယီပါလီမန် (တိုင်းပြုပြည်ပြုလွှတ်တော်)အမတ်များ၊ လွှတ်တော်ဆင်ဝင်ရှေ့တွင် ယာယီအစိုးရဝန်ကြီးချုပ်နှင့်ဝန်ကြီးများ၊ လွှတ်တော်ဆင်ဝင်အောက်တွင် ပုဏ္ဏားဖြူ၊ ပုဏ္ဏားညိုများ၊ဆင်ဝင်၏ဝဲ၊ ယာတွင် နိုင်ငံခြားကိုယ်စားလှယ်တော်များနှင့် အစိုးရအရာရှိကြီးငယ်များနှင့် လူမျိုးပေါင်းစုံကိုယ်စားလှယ် ဧည့်သည်တော်များအားအသီးသီးနေရာချထား၏။


ထိုအချိန်တွင် စည်တော်ရွမ်းလျက်ရှိ၏။


လွှတ်တော်မျက်နှာစာ၏ အရှေ့ဘက်ထောင့်တွင် ဗမာ့တပ်မတော်၊မျက်နှာစာရှေ့တွင် ဗမာ့ရေတပ်၊ ဗမာ့လေတပ်၊ သောင်းကျန်းမှုနှိမ်နင်းရေးတပ်၊ဗမာ့နိုင်ငံတော်လက်နက်ကိုင်ပုလိပ်အဖွဲ့များကို အသီးသီးနေရာချပေးထားလေသည်။


နိုင်ငံတော် ယာယီသမ္မတကြီးသည် အဆောင်အယောင်နှင့် လွှတ်တော်ဆင်ဝင်ရှေ့သို့ ထွက်လာသည်တွင် စည်တော်သံရပ်စဲသွားလေသည်။


ဆင်မြန်းထား


သမ္မတကြီးသည် ပိုးအဖြူရောင်ရွှေချည်ထိုးခေါင်းပေါင်းကို ဆင်ယင်လျက် ပိုးသိုးရင်းဖြူနှင့် စံကားဝါနုရောင် ရွှေချည်ထိုးပုဆိုးတောင်ရှည်တို့ကိုသပ်သပ်ရပ်ရပ် ခန့်ခန့်ညားညား ဆင်မြန်းထား၏။


ယာယီအစိုးရဝန်ကြီးချုပ် သခင်နုမှာကား ခေါင်းပေါင်းပန်းရောင်၊မန္တလေးတောင်ရှည်ပန်းရောင်၊ ပိုးရင်ဖုံးအင်္ကျီအဖြူကို ဝတ်ဆင်ထားလေသည်။


ရေတပ်၊ ကုန်းတပ်မှ စစ်ဗိုလ်ကြီးများက ရှေ့ဆောင်၍ သမ္မတကြီးသည်ဗမာ့တပ်မတော်၊ ဗမာ့ရေတပ်၊ ဗမာ့လေတပ်၊ သောင်းကျန်းမှုနှိမ်နင်းရေးတပ်နှင့် ဗမာ့လက်နက်ကိုင်အဖွဲ့များကို တစ်တပ်ပြီးတစ်တပ် လှည့်လည်ရှုစားလေသည်။ ထိုအချိန်တွင် ကရင်အမျိုးသားတပ်က ဘင်ခရာတီးမှုတ်လေသည်။ ယာယီပါလီမန်လွှတ်တော်ရှေ့ရှိ အလံတိုင်ပေါ်မှ ဗြိတိသျှတို့၏ ယူနီယံဂျက်အလံမှာ နံနက်ခင်းအချိန် တသုန်သုန်တိုက်ခတ်လျက်ရှိသော ဆောင်းလေအေးကြောင့် တဖျပ်ဖျပ်လှုပ်ရှားလျက်ရှိနေလေသည်။


နံနက် ၄ နာရီ ၁၉ မိနစ်အချိန်တွင် ကြွရောက်လာသော ပရိသတ်အားလုံးငြိမ်သက်စွာနေကြရန် မီးရောင်ပြ၍ အချက်ပေးလိုက်၏။


အလံတိုင်အရှေ့ဘက်နှင့် အနောက်ဘက်တွင် အသီးသီးရပ်နေကြသော ဘာမင်ဟန်စစ်သင်္ဘောမှ အရာရှိနှစ်ဦးနှင့် ဗမာ့ရေတပ်မှ ဗမာ့အမျိုးသားရေတပ်အရာရှိနှစ်ဦးတို့သည် အခါတော်ကြားအမြောက်သံကို နားစွင့်လျက်ရှိကြ၏။


ဗြိတိသျှယူနီယံဂျက်အလံကို တဖြည်းဖြည်းဆွဲချ


နံနက် ၄ နာရီ မိနစ် ၂၀ တိတိအချိန်တွင် ရန်ကုန်မြစ်ဆိပ်ကမ်း၌ဆိုက်ကပ်နေသော ဘာမင်ဟန်စစ်သင်္ဘောကြီးမှ အခါတော်ကြားအမြောက်များပစ်ဖောက်လိုက်သည်နှင့်တစ်ပြိုင်နက် ကရင်ဘင်ခရာအဖွဲ့က ထုံးစံအတိုင်းတီးမှုတ်၍ ဗြိတိသျှရေတပ်ဗိုလ်တစ်ဦးက ဗြိတိသျှယူနီယံဂျက်အလံကို တဖြည်းဖြည်းဆွဲချလေသည်။ ထိုအချိန်တွင် အင်္ဂလိပ်ဘုရားရှိခိုးကျောင်းများမှ ခေါင်းလောင်းသံများ၊ သင်္ဘောဥဩဆွဲသံများ၊ သေနတ်ဖောက်သံ၊ မီးအိုးဗြောက်အိုးသံများ တစ်မြို့လုံး ခြိမ့်ခြိမ့်အုန်းမျှ ဆူညံသွားလေသည်။ မီးကျည်မီးပန်းများလည်း ကောင်းကင်ယံတွင် ရှုမငြီးအောင် ထိန်လင်းနေပေတော့သည်။


ဗြိတိသျှယူနီယံဂျက်အလံကိုချပြီးသည်နှင့်တစ်ပြိုင်နက် ဗမာ့ရေတပ်မှအရာရှိ စောချစ်စိန်၏လက်တွင်းမှ ပြည်ထောင်စုဗမာ့အလံတော်ကြီးသည်ထိုးထွက်လျက် တိုင်ထိပ်သို့ တဖြည်းဖြည်း တက်သွားလေသည်။ ထိုအချိန်တွင်စစ်တီးဝိုင်းမှ အမျိုးသားသီချင်းသံသည် မင်္ဂလာအပေါင်းနှင့် ငြိမ့်ငြိမ့်လေး ပေါ်ထွက်လာလေသည်။ အလံတော်ကြီးသည် တိုင်ထိပ်သို့ရောက်သည်နှင့်တစ်ပြိုင်နက် ပုဏ္ဏားတော်များသည် ခရုသင်းများတီးမှုတ်ကာ ဆိုင်ရာတပ်ဖွဲ့အသီးသီးနှင့် ယင်းပရိသတ်အပေါင်းတို့သည် အလံတော်ကို အလေးပြုကြ၏။စည်တော်သည်လည်း ရွမ်းလျက်ရှိ၏။


ထို့နောက် နံနက် ၄ နာရီ မိနစ် ၄၀ အချိန်တွင် အထက်ဖော်ပြပါပရိသတ်အပေါင်းတို့သည် အစီအစဉ်အတိုင်း ယာယီပါလီမန်(တိုင်းပြုပြည်ပြုလွှတ်တော်)ခန်းမကြီးထဲတွင် စုရုံးကြလေသည်။ ပရိသတ်စုံညီရောက်ရှိလာပြီးသည့်နောက် ၄ နာရီ ၄၅ မိနစ်အချိန်တွင်နိုင်ငံတော်သမ္မတကြီး စဝ်ရွှေသိုက်သည် နိုင်ငံတော်ဝန်ကြီးချုပ် သခင်နု၊ယာယီပါလီမန်(တိုင်းပြုပြည်ပြုလွှတ်တော်)ဥက္ကဋ္ဌကြီး ပျော်ဘွယ်ဦးမြတို့နှင့်အတူ လွှတ်တော်ခန်းမကြီးသို့ဝင်လာရာ ပရိသတ်အပေါင်းတို့က မတ်တတ်ရပ်၍ အလေးပြုကြ၏။


ကောင်းချီးထောမနာ


လွှတ်တော်ခန်းမကြီးတွင်ချိတ်ဆွဲထားသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးသောခေါင်းဆောင်ကြီးများ၏ ဓာတ်ပုံများမှာလည်း “ငါတို့ချထားသော လမ်းစဉ်အတိုင်းလိုက်နာဆောင်ရွက်လေစွ”ဟူ၍ ကောင်းချီးထောမနာ ပြုလျက် ပရိသတ်များအား ကြည့်နေသကဲ့သို့ရှိ၏။ လွှတ်တော်ခန်းမကြီးအတွင်း၌ မြန်မာရုပ်ရှင်ကုမ္ပဏီများကလည်းကောင်း၊ နိုင်ငံခြားရုပ်ရှင်ကုမ္ပဏီများကလည်းကောင်း လျှပ်စစ်လက်သကဲ့သို့ တဖျပ်ဖျပ်နှင့် ရိုက်ကူးကြ၏။


သမ္မတကြီးသည် စင်မြင့်ပေါ်တွင်နေရာယူပြီးနောက် သမ္မတရာထူးကို လက်ခံသိမ်းပိုက်ကြောင်း ကြေညာလိုက်သည်။ ထို့နောက် ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ အတည်ဖြစ်ကြောင်းကြေညာလိုက်ရာ တစ်ခဲနက် ဩဘာပေးကြလေသည်။


ထို့နောက် လွတ်လပ်ရေးအတွက် ကြိုးပမ်းကြရာတွင် အသက်စွန့်လွှတ်သွားကြရရှာသောသူတို့အား သတိရသော အထိမ်းအမှတ်ဖြင့် နှစ်မိနစ်ငြိမ်သက်နေကြ၏။


လွတ်လပ်ရေးကြေညာစာတမ်းဖတ်ကြား


ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ် သခင်နုသည် အောင်စေသတည်းအစချီသော လွတ်လပ်ရေးကြေညာစာတမ်းကိုဖတ်ကြားပြီး ဦးကျော်မြင့်ကလေးတိုင်ပေးသော နိုင်ငံတော်သီချင်းကို စုရုံးရောက်ရှိလာကြသော ပရိသတ်အပေါင်းတို့က သီဆိုကြလေသည်။


နိုင်ငံတော်သီချင်း သီဆိုအပြီးတွင် နိုင်ငံတော်ဝန်ကြီးချုပ်သည်ရာထူးဆိုင်ရာ ကျမ်းသစ္စာနှင့် လျှို့ဝှက်ရန် ကျမ်းသစ္စာများကို ကျိန်ဆိုလက်မှတ်ရေးထိုးပြီးနောက် နိုင်ငံတော်သမ္မတကြီးက ဝန်ကြီးချုပ် သခင်နုအား ဌာနဆိုင်ရာ တံဆိပ်တော်ကို အပ်နှင်းလေသည်။


ဝန်ကြီးချုပ် သခင်နုက လွတ်လပ်ရေးနေ့ မိန့်ခွန်းစကားမြွက်ကြား၏။


ထို့နောက် ဝန်ကြီးချုပ် သခင်နုက နိုင်ငံတော်သမ္မတကြီးထံသို့မြန်မာနိုင်ငံတော်၏ ဝန်ကြီးများအား ရှေ့သို့သွင်းခွင့်ပြု၍ အမိန့်တောင်းခံပြီးအမိန့်ရလျှင် ဝန်ကြီးများအား တစ်ဦးစီရှေ့သို့သွင်း၍ ခန့်အပ်လွှာများနှင့်တကွ ဌာနဆိုင်ရာတံဆိပ်များကိုလည်း ချီးမြှင့်အပ်နှင်းပြီးနောက် အခမ်းအနားကို ရုပ်သိမ်းလိုက်လေသည်။ ။

 

ကြေးမုံ