လွတ်လပ်တရားမျှတတဲ့ ကမ္ဘောဒီးယားရွေးကောက်ပွဲဖြစ်စေရေး ဆွေးနွေးပွဲ ပြုလုပ်ပြီး တောင်းဆို

ဖနွမ်းပင် ၉ ဖေဖော်ဝါရီ

ကမ္ဘောဒီးယားမှာ ဇူလိုင်လအတွင်း ကျင်းပမယ့် ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတမှုရှိရေး ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့ရာမှာ ပါဝင်ဆွေးနွေးသူပေါင်း ၁၀ဝ ဦးခန့် ရှိတယ်လို့ အင်န်အိတ်ချ်ကေ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

နှစ်ပေါင်း ၃၀ ကျော်ကြာအာဏာ လက်မလွှတ်ဘဲ အုပ်ချုပ်နေတဲ့ ဝန်ကြီးချုပ် ဟွန်ဆန်အစိုးရရဲ့ အုပ်ချုပ်ရေးမှာ ပိုပြီးတင်းကျပ်လာတာကြောင့်  ဂျူလိုင်လမှာကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲနဲ့ ပတ်သတ်ပြီး စိုးရိမ်မှုတွေ ပိုပြီး တိုးမြှင့်လာပါတယ်။

ပြီးခဲ့တဲ့နှစ်က ကမ္ဘောဒီးယားရဲ့ အကြီးဆုံးအတိုက်အခံပါတီ ဖြစ်တဲ့ CNRP ကမ္ဘောဒီးယား အမျိုးသား ကယ်ဆယ်ရေးပါတီကို အစိုးရဘက်က ဖျက်သိမ်းခဲ့ပါတယ်။

အစိုးရကနေ အခွန်အတုပ်များစွာကောက်ခံမှုကြောင့် အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေတဲ့ ကမ္ဘောဒီးယား နေ့စဉ်သတင်းစာ (The Cambodia Daily) ကိုလည်း ပြီးခဲ့တဲ့နှစ်က ရပ်ဆိုင်းလိုက်ရပါတယ်။

ဖေဖော်ဝါရီ ၈ ရက် ကြာသပတေးနေ့မှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ (The Cambodia Daily)ရဲ့ တွဲဖက်ထုတ်ဝေရေးမှူး ဒီဘိုရတ် စတီးလီက လူ့အခွင့်အရေး အန်ဂျီအို အဖွဲ့ဝင်တွေနဲ့ အခြားသူတွေကို စာတမ်းတစ်စောင်ဖတ်ကြားခဲ့ရာ ကမ္ဘောဒီးယား အာဏာပိုင်တွေဟာ အခြားမီဒီယာတွေကိုလည်း ပိတ်သိမ်းဖို့ အလားတူ နည်းလမ်းတွေ အသုံးချနေတယ်ပါတယ်။ အာဏာပိုင်တွေဟာ လွတ်လပ်မှုဆုံးရှုံးနေတဲ့ ပြည်သူတွေအတွက် ဖော်ထုတ်ပေးသူ မျက်မြင်သက်သေမှန်သမျှကို ဖျောက်ဖျက်ပစ်ချင်နေတာလို့ ထည့်သွင်း ပြောဆိုခဲ့တာပါ။

ကမ္ဘောဒီးယား ရွေးကောက်ပွဲအတွက် အထောက်အပံ့ပေးနေမှုတွေကို အီးယူ နိုင်ငံတွေကနေ ဆိုင်းငံ့ထားသကဲ့သို့ ဂျပန်အစိုးရကလည်း အဲဒီလို လိုက်လုပ်သင့်ကြောင်း တက်ရောက်သူ တစ်ချို့က ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။

ဂျပန်လူမျိုး မီချီယာ ကူမာအိုကာဟာ ကမ္ဘောဒီးယား လူသားချင်းစာနာမှု အကူအညီပေးရေးအတွက် နှစ်ပေါင်းများစွာ အလုပ်လုပ်ပေးနေသူကလည်း ကမ္ဘာဒီးယားရဲ့ နိုင်ငံတွင်း အခြေအနေမှာ ပိုမိုဆိုးရွားလာကြောင်း၊  ရွေးကောက်ပွဲ တရားမျှတဖို့ ဂျပန်အစိုးရနဲ့ အခြားသက်ဆိုင်သူတွေကို တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်လာအောင် ဝိုင်းဝန်းလုပ်ဆောင်ဖို့ တောင်းဆိုသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

(MDN)

ကိုးကား-အင်န်အိတ်ချ်ကေ