လတ်တလော မိုးများရွာသွန်းမှုကြောင့် တနင်္သာရီ-မောတောင် သွားသည့် ကားလမ်းမပေါ်ရှိ (ဖောင်ဆိပ်တံတား)ပေါ်သို့ (၅)ပေခန့် ရေကျော်လျက်ရှိ

တနင်္သာရီ  မေလ ၂၃

 

လတ်တလော မိုးများသည်းထန်စွာ အဆက်မပြတ် ရွာသွန်းနေမှုကြောင့် တောင်ကျချောင်းရေ မြင့်တက် လာသောကြောင့် တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့မှ မောတောင်မြို့သို့သွားသည့် ကားလမ်းမပေါ်မှ အမှတ်(၉)ကျေးရွာအုပ်စု၊ အမှတ်(၉)ကျေးရွာအနီး မိုင်တိုင်အမှတ်(41.5 km မှ 42.0km )အကြားရှိ ဖောင်ဆိပ်တံတားပေါ်သို့ ယနေ့ မေလ၂၃ရက် နေ့ နံနက် ၈နာရီအချိန်တွင် ရေအမြင့်(၅)ပေခန့်အထိ ရေလျှံတက်နေကြောင်း သိရသည်။

 

 တနင်္သာရီဘက်ခြမ်းလမ်းပေါ်သို့ အရှည်ပေ(၃၀၀)နှင့် မောတောင်ဘက်ခြမ်းလမ်းပေါ်သို့ အရှည်(၅၀)ပေခန့်အထိ ရေကျော်နေသဖြင့် လူနှင့်ယာဉ်များ ဆက်သွယ်သွားလာ၍မရဘဲ ပြတ်တောက် လျက်ရှိကြောင်း၊ လက်ရှိအချိန်အထိလူ/ယာဉ်/ တိရိစ္ဆျန်များ ထိခိုက်ပျက်စီးသေဆုံးမှု(မရှိ)ကြောင်း မော တောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်လမ်းဦးစီးဌာနတို့မှ သိရှိရသည်။

 

အဆိုပါဖောင်ဆိပ်ချောင်းသည် မိုးများသည်းထန်စွာရွာသွန်းပါက မိုးကောင်းရေဖြင့် ချောင်းရေလျှံတက်ကာ ၎င်းဖောင်ဆိပ်တံတားပေါ်သို့ နှစ်စဉ် ရေကျော်နှစ်မြုပ်လျက်ရှိကြောင်း သိရသည်။

 

အလားတူ အမှတ်(၉)ကျေးရွာ ချောင်းတွင် မိုးကောင်းရေဖြင့် ချောင်းရေလျှံလျက်ရှိပြီး ၎င်းအမှတ်(၉)တံတားပေါ်သို့ မြစ်ရေရောက်ရှိရန် (၁ပေ ခွဲ)ခန့်သာ လိုတော့ကြောင်း ထပ်မံသိရှိရသည်။

 

သတင်း၊နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)