နေပြည်တော် ဇွန် ၁

 

PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများသည် အများပြည်သူ သွားလာအသုံးပြုလျက်ရှိသည့် လမ်း၊ တံတားများတွင် ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ ထိခိုက်ဒဏ်ရာရရှိစေရန်၊ လမ်းပန်းဆက်သွယ်ရေး ထိခိုက်ပျက်ပြားစေပြီး ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်ယှက်ဖျက်ဆီးရန်ရည်ရွယ်၍ ဖောက်ခွဲရေးပစ္စည်းကိရိယာများ အသုံးပြုကာ မိုင်းထောင်ခြင်း၊ ဖောက်ခွဲဖျက်ဆီးခြင်းများကို ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်လျက်ရှိသည်။

 

ထိုသို့ လုပ်ဆောင်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့နယ်ရှိ နွားထိုးကြီး-ပြင်စည်ကားလမ်းမကြီးတစ်လျှောက်တွင် PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းထောင်ခြင်းများ ဆောင်ရွက်နေကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးပို့ချက်အရ ယနေ့ နံနက်ပိုင်းတွင် လုံခြုံရေးပူးပေါင်းအဖွဲ့များက နွားထိုးကြီးမြို့နယ်အတွင်း နယ်မြေရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ဖက်ခူးကျေးရွာနှင့် ရှောက်တောဝကျေးရွာအကြား ကားလမ်းဘေး ဝဲ/ ယာ၌ မိုင်းရှင်းလင်းခြင်းများဆောင်ရွက်ခဲ့ရာ အများပြည်သူ ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်၍ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် PVC ပိုက်ဖြင့် ပြုလုပ်ထားသော အချင်း ၆ လက်မခန့်၊ အလျား ၁ ပေခန့်ရှိ လက်လုပ်မိုင်း နှစ်လုံး၊ အချင်း ၆ လက်မခန့်၊ အလျား ၁ ပေခန့်ရှိ လက်လုပ်မိုင်း သုံးလုံး၊ အရှည် ၁ ပေခွဲခန့်ရှိ လက်လုပ်မိုင်း တစ်လုံးနှင့် သံပိုက်ဖြင့် ပြုလုပ်ထားသော အချင်း ၁ ပေခန့်၊ အလျား ၁ ပေခွဲခန့်ရှိ လက်လုပ်မိုင်း တစ်လုံး စုစုပေါင်း လက်လုပ်မိုင်း ခုနစ်လုံးတို့အား တွေ့ရှိ၍ အများပြည်သူ ဘေးအန္တရာယ်ကင်းရှင်းစေရေး စနစ်တကျ ဖယ်ရှားရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။

 

အများပြည်သူသွားလာ အသုံးပြုလျက်ရှိသည့် လမ်းမကြီးများ၊ ရထားလမ်းများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များကို ဆက်လက်တိုးမြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

 

သတင်းစဉ်