လုပ်ကြံဖျက်ဆီးဖန်တီးသူများကို တိုက်ဖျက်

 

 

မျက်မှောက်ကာလတွင် မြန်မာနိုင်ငံရှိ အချို့ဒေသများ၌ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး ပျက်ပြားအောင်  အကြမ်းဖက်အဖွဲ့ NUG ၏  မြှောက်ပင့်လှုံ့ဆော်ပေးမှုကြောင့် PDF အကြမ်းဖက်သမားများနှင့် EAO သောင်းကျန်းသူအဖွဲ့အချို့တို့က နယ်မြေဒေသအချို့တွင် တိုက်ခိုက်ဖျက်ဆီး လုပ်ကြံဖန်တီးမှုများ အဆက်မပြတ် ပြုလုပ်နေကြသည်ကို တွေ့မြင်ရမည်ဖြစ်သည်။

အသိဉာဏ် ဆင်ခြင်တုံတရားမရှိသော အဆိုပါအကြမ်းဖက်အဖွဲ့များသည် အပြစ်မဲ့ပြည်သူများ ဒုက္ခဆင်းရဲဖြစ်အောင် လက်နက်အားကိုးဖြင့် ယုတ်မာရက်စက် ဖျက်ဆီးမှုများ ပြုလုပ်နေကြပေသည်။ မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ၌ မဲမသမာမှုပြုလုပ်ပြီး အာဏာကိုဖြတ်လမ်းက ရယူလိုသည့် အဖွဲ့အစည်းတစ်ခုကြောင့် နိုင်ငံရေးအပြောင်းအလဲဖြစ်ပေါ်လာသည်ကို အကြောင်းပြု၍ ဒီမိုကရေစီအရေး၊ တိုင်းရင်းသားအရေးကို ကြွေးကြော်ပြီး တိုင်းပြည်ပျက်စီးရာ ပျက်စီးကြောင်း ပြုလုပ်နေကြခြင်းသည် အကြမ်းဖက်လမ်းစဉ်ကို အသက်သွင်းနေခြင်းသာဖြစ်သည်။

မြန်မာနိုင်ငံသမိုင်းကြောင်းတွင် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) များ၏ ရွာလုံးကျွတ်သတ်ဖြတ်မှု၊ ပါတီတွင်း ဖြုတ်ထုတ်သတ် အကြမ်းဖက်ဝါဒကဲ့သို့ပင် မျက်မှောက်ကာလတွင်လည်း အကြမ်းဖက်သမားများသည် မြို့ရွာများရှိ အပြစ်မဲ့ပြည်သူများကိုသာမက အကြမ်းဖက်သမားအချင်းချင်း လူမဆန်သောရက်စက်မှု ပုံစံများဖြင့် သတ်ဖြတ်နေကြသည့် စိတ်မချမ်းမြေ့ဖွယ် သတင်းများကို ကြားသိနေရပေသည်။ ထိုသို့သောအခြေအနေတွင် အကြမ်းဖက်သမားများနှင့် ပြည်ဖျက်မီဒီယာများက ၎င်းတို့၏လုပ်ရပ်များကို အစိုးရနှင့် တပ်မတော်အား အထင်အမြင်လွဲမှားအောင် မဟုတ်မမှန် ဖန်တီးကြသည်ကိုလည်း တွေ့ရမည်ဖြစ်သည်။

ပြည်ဖျက်မီဒီယာများက မြေပြင်ဖြစ်စဉ်သတင်းများကိုအခြေခံကာ တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်၊ ပြည်သူများ စိုးရိမ်ကြောက်လန့်မှုဖြစ်စေရန် သတင်းတု၊ သတင်းမှားများဖြင့် လိမ်လည်ဝါဒဖြန့် ရေးသား ထုတ်လွှင့်နေကြသည်ကို မြင်တွေ့ကြားသိနေရသည်။ ယခုရက်ပိုင်းအတွင်း လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် လူနှစ်ဦးအား အရှင်လတ်လတ်သတ်ဖြတ်နေသည့် ရုပ်သံဖိုင်ကို ဖြန့်ဝေလျက် ၎င်းတို့လုပ်ရပ်ကို ရပ်ရွာကာကွယ်ရေးအဖွဲ့များက ကျူးလွန်ခြင်းဖြစ်သည်ဟု မမှန်သတင်းများထုတ်လွှင့်ကာ လှုံ့ဆော်နေသည်ကို တွေ့ရမည်ဖြစ်သည်။

စိစစ်ဖော်ထုတ်တွေ့ရှိချက်အရ လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ဖြန့််ဝေလျက်ရှိသည့် ရုပ်သံဖိုင်၌ ရက်ရက်စက်စက် သတ်ဖြတ်ခံရသူနှစ်ဦးမှာ PDF အကြမ်းဖက်သမားများဖြစ်ကြောင်း သိရသည်။ ၎င်းတို့အချင်းချင်း နယ်မြေလုခြင်း၊ ငွေကြေးအရှုပ်အရှင်းများရှိခြင်းနှင့် အကြမ်းဖက်လုပ်ရပ်များကို ဆက်လက် မလုပ်ဆောင်လိုခြင်း စသည့်အကြောင်းများကြောင့် အချင်းချင်းရက်ရက်စက်စက် သတ်ဖြတ်ခြင်းသာဖြစ်ပြီး ထိုသို့လုပ်ဆောင်ခဲ့ခြင်းကို ရပ်ရွာကာကွယ်ရေးအဖွဲ့များက ကျူးလွန်ခဲ့သည့်အသွင်ဖြင့် လုပ်ကြံဖန်တီး ရိုက်ကူးထုတ်လွှင့်ခဲ့သည်။ ထိုသတင်းသည် အများပြည်သူအထင်အမြင်လွဲမှား ကိုယ်စိတ်နှစ်ပါး ဆင်းရဲစေသည့် သတင်းတစ်ပုဒ်ဖြစ်သည်။

PDF အမည်ခံ အကြမ်းဖက်သမားများသည် တော်လှန်ရေးဟု ဟစ်ကြွေးကာ ဗကပ လမ်းစဉ်ကဲ့သို့ပင် ၎င်းတို့နှင့် သဘောထားမတိုက်ဆိုင်သူများ၊ အသွင်မတူသူများ၊ ၎င်းတို့အလိုသို့ လိုက်ပါဆောင်ရွက်ခြင်းမရှိသူများကို တာယာကွင်းစွပ် သတ်ဖြတ်ခြင်း၊ လည်လှီးသတ်ဖြတ်ခြင်း၊ ဝါးရင်းတုတ်ဖြင့် ရိုက်သတ်ခြင်း၊ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခြင်း စသည့်လူမဆန်သော ရက်စက်မှုများကို ပြည်သူများ အကြောက်တရားကြီးမားလာအောင် ကျူးလွန်လျက်ရှိသည်။ အကြမ်းဖက်သမားများ၏ လူမဆန်သော ရက်စက်ယုတ်မာမှုများကို လုံခြုံရေး တပ်ဖွဲ့ဝင်များက လုပ်ဆောင်နေပါသည်ဟု နိုင်ငံတကာနှင့် ပြည်သူလူထု အထင်အမြင်လွဲမှားစေရန် ပြည်ဖျက်မီဒီယာများက အချိန်အခါကိုက် သတင်းတု၊ သတင်းမှား၊ လုပ်ကြံဝါဒဖြန့် ထုတ်လွှင့်နေကြသည်ကို သတိပြုရမည်ဖြစ်သည်။

လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူများသည် အကြောက်တရားလွှမ်းမိုးအောင် လုပ်ဆောင်မှုများကို အစောပိုင်းကတည်းက ပြုလုပ်ခဲ့ကြသည်။ အကြမ်းဖက်အဖွဲ့ NUG က ပြည်ပမှနေ၍ ငွေကြေးလက်နက်ပစ္စည်းများ ထောက်ပံ့ပေးခြင်းအပြင် ပြည်တွင်း အကြမ်းဖက်သမားများက နယ်မြေဒေသအတွင်း ဆက်ကြေးကောက်၊ လုယက်ဓားပြတိုက်၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားပြီး ရပ်တည်နိုင်အောင် ပြုလုပ်ခဲ့ကြသည်။ ရပ်ရွာစခန်းများကို အလစ်အငိုက်တိုက်ခိုက်ကြပြီး ပြည်သူများ ထိခိုက်သေဆုံးပါက လုံခြုံရေးတပ်ဖွဲ့များက ပြုလုပ်သည်ဟု မဟုတ်မမှန်သတင်းများ ထုတ်လွှင့်ကြသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် စည်းကမ်းဥပဒေဖြင့် အတိအကျ ဖွဲ့စည်းထားသော အဖွဲ့အစည်းများဖြစ်ပြီး နယ်မြေလုံခြုံရေးနှင့် ရပ်ရွာတည်ငြိမ်အေးချမ်းရေးကို ပြည်သူလူထုနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ပြည်ဖျက်မီဒီယာများက အကြမ်းဖက်သောင်းကျန်းသူများ၏ လူမဆန်သည့်လုပ်ရပ်များကို ဖုံးကွယ်ရန်နှင့် လုံခြုံရေး တပ်ဖွဲ့များကို အထင်အမြင်လွဲမှားစေရန် လုပ်ကြံဖန်တီးလျက်ရှိသည်။ သို့ဖြစ်ရာ ဝါဒဖြန့်လျက်ရှိသော မဟုတ်မမှန် လုပ်ကြံသတင်းများကို နားမယောင်ဘဲ အများပြည်သူ စိတ်နှလုံးညှိုးနွမ်းထိခိုက်အောင် ကျူးလွန်လျက်ရှိသည့် အကြမ်းဖက်အဖျက်သမားများကို ဝိုင်းဝန်းပူးပေါင်းလက်တွဲပြီး တိုက်ဖျက်ကြရမည် ဖြစ်ပါကြောင်း။

 

ကြေးမုံ