လုပ်ငန်းစဉ်ကြီးသုံးရပ်နှင့် နိုင်ငံတော်၏ အခြေအနေ

နေပြည်တော် ၂၁ စက်တင်ဘာ

 

ပြည်ထောင်စုအစိုးရသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၂၈၊ ပုဒ်မခွဲ (ခ) အရ နိုင်ငံတော်၏ အခြေအနေ အရပ်ရပ်အား ပြည်ထောင်စုလွှတ်တော်သို့ ရှင်းလင်းတင်ပြရန် တာဝန်ရှိပါသည်။ အဆိုပါတာဝန်နှင့်အညီ ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ က ပြည်ထောင်စုလွှတ်တော်သို့ ရှင်းလင်းတင်ပြခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက နိုင်ငံတော်၏အခြေအနေအရပ်ရပ်အား ရှင်းလင်းတင်ပြရာ၌ အခြေခံ အုတ်မြစ်အဖြစ် လုပ်ငန်းစဉ်ကြီးသုံးရပ်ကို တင်ပြခဲ့ပါသည်။

 

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက အေးချမ်းတည်ငြိမ်ပြီး ခိုင်မာတောင့်တင်းသောနိုင်ငံတော်အဖြစ် ပြန်လည်တည်ဆောက်ခြင်း၊ ပြည်ထောင်စုတည်ဆောက်ရေးကို ကြိုးပမ်းဆောင်ရွက်ခြင်းနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှသည် ဒီမိုကရေစီရင့်သန်ခိုင်မာရေးအဆင့်သို့ ကြိုးပမ်းအကောင်အထည်ဖော်ခြင်းတို့ကို အခြေခံအုတ်မြစ် လုပ်ငန်းစဉ်ကြီးသုံးရပ်အဖြစ် တင်ပြခဲ့ပါသည်။ ဆက်လက်တင်ပြရာ၌ ပြည်ထောင်စုဝန်ကြီးက အဆိုပါလုပ်ငန်းစဉ်ကြီး သုံးရပ်သည် အပြန်အလှန်ဆက်စပ်နေသည်ဖြစ်၍ တစ်ခုပြီးတစ်ခုပုံစံမျိုး ချန်လှပ် လုပ်ဆောင်မရ၊ တစ်ပြိုင်တည်း ဆက်စပ်ဆောင်ရွက်ရမည်ဟု အလေးအနက်ထား တင်ပြခဲ့ပါသည်။

 

ပြည်ထောင်စုဝန်ကြီးက တိုင်းရင်းသားပြည်သူတစ်ရပ်လုံး မျှော်မှန်းနေကြသည့် အနာဂတ်ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုက မည်သို့သောပြည်ထောင်စုဖြစ်သည်ကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ပြည်ထောင်စု ဝန်ကြီး၏ ရှင်းလင်းတင်ပြမှုအရ အနာဂတ်ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု၌ တရားမျှတခြင်း၊ လွတ်လပ် ခြင်းနှင့်တန်းတူညီမျှခြင်းဟူသော လောကပါလတရားများ ထွန်းကားစေရမည်ဖြစ်ပြီး နိုင်ငံရေးတရားမျှတမှု၊ စီးပွားရေးတရားမျှတမှုနှင့် လူမှုရေးတရားမျှတမှုဟူသော အခွင့်အရေးသာတူညီမျှရှိမှုတို့ကိုလည်း ပြည့်စုံ စေရမည်ဟု ပုံဖော်တင်ပြထားပါသည်။

 

အေးချမ်းတည်ငြိမ်ပြီး ခိုင်မာတောင့်တင်းသော နိုင်ငံတော်အဖြစ်ပြန်လည်တည်ဆောက်ရေးနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်၏ယန္တရားနှင့် အဖွဲ့အစည်းများ ခိုင်မာတောင့်တင်းရေးအပါအဝင် တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံးက အစိုးရနှင့်ပူးပေါင်းဆောင်ရွက်ရေးတို့ကို အလေးအနက် ထားတင်ပြခဲ့ပါသည်။ ၂၀ဝ၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆွေးနွေးညှိနှိုင်းပြီး ပြည်ထောင်စုအစိုးရ၏ မျှော်မှန်းချက်နှင့်အညီ တစ်ဆင့်ပြီးတစ်ဆင့် ပြင်ဆင်နိုင်မှသာလျှင် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို အာမခံနိုင်မည်ဖြစ်သကဲ့သို့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအား ဖော်ဆောင်နိုင်မည်ကို ပြည်ထောင်စုဝန်ကြီးက မီးမောင်းထိုးတင်ပြခဲ့ပါသည်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုဖော်ဆောင်ရာ၌ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဗဟိုပြု အမျိုးသားပြန်လည် သင့်မြတ်ရေး အရေးပါသည်ကို ပြည်ထောင်စုဝန်ကြီးက ထောက်ပြသကဲ့သို့ တပ်မတော်၏ အခန်းကဏ္ဍအရေးပါ သည်ကိုလည်း ညွှန်ပြခဲ့ပါသည်။ အမျိုးသားရေးလိုအပ်ချက်နှင့်အညီ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစု ပင်လုံအစည်းအဝေးကို သုံးကြိမ်ကျင်းပခဲ့ပြီး နိုင်ငံရေး သဘောတူညီချက်ပေါင်း ၅၁ ချက် ဆုပ်ကိုင်ရရှိခဲ့သည်ကိုလည်း ပြည်ထောင်စုဝန်ကြီးက တင်ပြခဲ့ပါသည်။ နိဂုံးချုပ်အနေဖြင့် ပြည်ထောင်စုဝန်ကြီး၏ “ခွဲမထွက်ရေးသည် အရေးကြီးသကဲ့သို့ ခွဲထွက်လိုစိတ်ကင်းမဲ့၍ ခွဲထွက်စရာမလိုသည့် ပြည်ထောင်စုကို အားလုံးလက်တွဲ ပူးပေါင်းထူထောင်ရေး” ဟူသော တင်ပြချက်သည် ပစ္စုပ္ပန်ကာလ၏ အမျိုးသားရေးရည်မှန်းချက်ဖြစ်ပါကြောင်း လေးစားစွာတင်ပြအပ်ပါသည်။ ။

 

မြန်မာ့အလင်း