ရန်ကုန် ဇွန် ၁၀

 

လုပ်ငန်းခွင်လုံခြုံစိတ်ချရမှုနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်း ဆောင်ရွက်မှု ခရီးစဉ်သစ်အဖြစ် မြန်မာနိုင်ငံ အဝေးပြေးကုန်စည် ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း (MHFTSA) နှင့် EFIG Insurance နားလည်မှု စာချွန်လွှာ (MoU) ကို ဇွန် ၉ ရက် တွင် အောင်မြင်စွာလက်မှတ် ရေးထိုးကြသည်။

 

ပူးပေါင်းဆောင်ရွက်

နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခြင်းမှတစ်ဆင့် ကဏ္ဍတစ်ခုလုံးတွင် ကြုံတွေ့ရနိုင်သည့် စိန်ခေါ်မှုများနှင့် အန္တရာယ်များကို အကောင်းဆုံး စီမံကာကွယ်နိုင်ရန်အတွက် အဓိကအာမခံ ကဏ္ဍကြီး သုံးခုကို အထူးသက်သာသော ခံစားခွင့်များ၊ မြန်ဆန်သောဝန်ဆောင်မှုများဖြင့် ရှေ့ဆက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါပူးပေါင်းဆောင်ရွက်မှုတွင် အထွေထွေအာမခံ (General Insurance) ကုန်တင်ယာဉ်ကြီးများ လုပ်ငန်းခွင်အတွင်း အလုံးစုံ ဘေးကင်းစိတ်ချရစေရန်၊ ရေကြောင်းနှင့် ပြည်တွင်းကုန်စည် သယ်ယူပို့ဆောင်ရေး အာမခံ (Marine & Inland Transit Insurance) လမ်းခရီးတစ်လျှောက် ကုန်စည်များ ပျက်စီးဆုံးရှုံးမှုမရှိဘဲ အန္တရာယ်ကင်းစွာ စီးဆင်းနိုင်စေရန်၊ အသက်အာမခံ (Life Insurance) - လုပ်ငန်းခွင်အတွင်းရှိ အဖိုးတန်လှသောအသင်းသားများနှင့် ဝန်ထမ်းများ၏ လူမှုစီးပွားဘဝ မိသားစုများအတွက် ရေရှည်လုံခြုံမှုရှိစေရန် အချက်များပါဝင်သည်။

 

အထူးအစီအစဉ်အနေဖြင့် အသင်းသူ အသင်းသားများ အာမခံထားရှိခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများ၊ လျော်ကြေး တောင်းခံရာတွင် သိရှိထားရမည့် လုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်၍ ပိုမိုရှင်းလင်းစွာ နားလည် သဘောပေါက်စေရန်အတွက် “Insurance Knowledge Sharing Workshop” အာမခံဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲများကို မြန်မာနိုင်ငံ အဝေးပြေးကုန်စည် ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းနှင့် EFIG Insurance တို့ ပူးတွဲကာ စဉ်ဆက်မပြတ် ကျင်းပပေးသွားမည်ဖြစ်ကြောင်း သိရသည်။

MT