လုပ်ငန်းခွင်၌ ပဋိပက္ခကို ဖြေရှင်းခြင်း

 

ကောင်းမွန်

ကျွန်ုပ်တို့ နေ့စဉ်လုပ်ကိုင်နေသည့် လုပ်ငန်းခွင်တွင် ပဋိပက္ခများ ဖြစ်ပေါ်တတ်လေ့ရှိသည်။ ပဋိပက္ခတစ်ရပ် ဖြစ်ပေါ်လာပြီဆိုပါက ယင်းပဋိပက္ခတွင် မိမိကသာ အနိုင်ရရှိရေးဆိုသည်မှာ စစ်မှန်သည့် အဖြေရရှိခြင်း မဟုတ်ပေ။ မိမိကသာ အနိုင်ရရှိရေးဆိုသည်မှာ ပဋိပက္ခအတွင်း အခြားတစ်ဖက်မှ မည်သို့သော ရလဒ်ကို အလိုရှိသည်ဖြစ်စေ သင့်အနေဖြင့် လိုလားသည့်ရလဒ်ကို မဖြစ်မနေ ရရှိခြင်းပင် ဖြစ်သည်။ ယင်းကဲ့သို့ နည်းလမ်းဖြင့် ပဋိပက္ခတွင် အနိုင်ရရှိခြင်းမှာ အရေးကြီးသည့် ကိစ္စရပ်ကို ဖြေရှင်းခြင်း မဟုတ်သည့်အလျောက် ပဋိပက္ခသည် တစ်ချိန်မဟုတ်တစ်ချိန် ပြန်လည်ဖြစ်ပေါ်လာမည်သာ ဖြစ်သည်။

သို့ဖြစ်၍ ပဋိပက္ခကို အပြုသဘောဆန်စွာ ဖြေရှင်းရေးမှာမိမိကသာ အနိုင်ရရေးထက် ပိုမိုအရေးပါသည်။ ပဋိပက္ခကိုမဖြေရှင်းဘဲ ထားရှိမည်ဆိုပါကလည်း လုပ်ငန်းခွင်အတွင်းသက်ဆိုင်သူများအကြား သက်သောင့်သက်သာရှိကြမည်မဟုတ်ဘဲ အချိန်ကြာသည်နှင့်အမျှ အချင်းချင်း ရန်လိုမှုကိုပင် ဖြစ်ပေါ်စေနိုင်သည်။ ယင်းသို့ဆိုပါက လုပ်ငန်းခွင်၌ ဆက်ဆံရေးပျက်ပြားပြီး စွမ်းဆောင်ရည် မပြည့်ဝသည့် အသင်းအဖွဲ့အနေအထားသို့ ရောက်ရှိစေနိုင်သည့်အပြင် အဖွဲ့သားများအကြား စိတ်ဖိစီးမှု၊ ထုတ်လုပ်မှုကျဆင်းခြင်း အစရှိသည့်မလိုလားအပ်သော ရလဒ်များ ဖြစ်ပေါ်စေတတ်ပါသည်။

လုပ်ငန်းခွင်၌ ဖြစ်ပေါ်လာသည့် ပဋိပက္ခများကို အောက်ပါနည်းလမ်းများအတိုင်း အပြုသဘောဆန်စွာ ဖြေရှင်းရန် စဉ်းစားသင့်သည်-

 (က) လုပ်ငန်းခွင်၌ အချို့သောပဋိပက္ခများကို ရှောင်လွှဲနိုင်ခြင်း မရှိသည့်အချက်ကို နားလည်သဘော ပေါက်ခြင်း

လုပ်ငန်းခွင်အပေါ် စေတနာထားရှိခြင်း၊ မိမိတို့ လုပ်ဆောင်ရမည့် လုပ်ငန်းပိုင်းနှင့် ပတ်သက်၍ စိတ်လှုပ်ရှားခြင်း၊ စိတ်ကူးစိတ်သန်းအသစ်များ ထွက်ပေါ်လာခြင်း၊ စိတ်အနှောင့်အယှက်ဖြစ်ခြင်း၊ အပြောင်းအလဲဖြစ်ပေါ်ခြင်းစသည့် အခြေအနေများတွင် ပဋိပက္ခနှင့်သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်တတ်လေ့ ရှိသည်။ ယင်းမှာ ပဋိပက္ခတွင် မွေ့လျော်ခြင်း၊သို့မဟုတ် ပြဿနာအား ဖန်တီးခြင်းတို့ကိုဆိုလိုခြင်း မဟုတ်ပေ။ သို့ရာတွင် ပဋိပက္ခတစ်ရပ်ဖြစ်ပွားခြင်းမှာ ထင်ထားသလောက် မဆိုးရွားလှဘဲ စိတ်ဝင်စားဖွယ်၊ လေ့လာမှတ်သားဖွယ်လုပ်ငန်းစဉ်တစ်ခု၏ အစလည်း ဖြစ်လာနိုင်ပါသည်။ ပဋိပက္ခဆိုသည်မှာ မိမိတို့အနေဖြင့် ကွဲပြားခြားနားသော အယူအဆကို ခိုင်ခိုင်မာမာ ဖော်ထုတ်ပြသလိုခြင်းလည်း ဖြစ်နိုင်သည်။ အရေးကြီးသည်မှာ ပဋိပက္ခကို ကာလကြာရှည်စွာ ဖြစ်ပွားခွင့် မပြုရေးပင်ဖြစ်သည်။

(ခ) ပဋိပက္ခများအား နောက်ကျမှဖြေရှင်းခြင်းထက်စောစီးစွာ ဖြေရှင်းသင့်ခြင်း

ပဋိပက္ခတစ်ခု ဖြစ်ပွားပါက စောစီးစွာဖြေရှင်းသင့်သည်။ သို့မဟုတ်ပါက အချိန်ကြာမြင့်သည်နှင့်အမျှ ပဋိပက္ခမှာ ပိုမိုဆိုးရွားလာနိုင်သည်။ တစ်ခါတစ်ရံ လုပ်ငန်းခွင်တွင် ပဋိပကဖြစ်ပွားရခြင်းမှာ ပြောကြားလိုက်သည့် အကြောင်းအရာကြောင့်သာ မဟုတ်ဘဲ ပြောဆိုသင့်သည်ကို ပြောဆိုမှု မရှိခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ ဆိုလိုသည်မှာ တစ်ဦးဦးကအမှားတစ်ခုကို ကျူးလွန်မိပြီးနောက် ၎င်းအနေဖြင့်အမှားကို ဝန်ခံလာမည့်အခြေအနေအား ကျန်ရှိသူများက စောင့်စားနေတတ်သည်။သို့ရာတွင် ယင်းသို့ ဝန်ခံလိုက်ခြင်း မရှိဘဲ တအုံနွေးနွေးထားခြင်းဖြင့် မလိုလားအပ်သည့် အနေအထားသို့ ရောက်ရှိသွားတတ်ပါသည်။ ယင်းသို့ အနေအထားမျိုးသို့ မရောက်စေရန် အချိန်ကြာမြင့်စွာစောင့်ဆိုင်းနေခြင်း မပြုသင့်ပေ။

(ဂ) ယဉ်ကျေးစွာ မေးမြန်းပါ

လုပ်ငန်းခွင်တွင် အခြားသူတစ်ဦးဦးက သင်စိတ်ဆိုးစေသည့်အရာကို ပြုလုပ်ပါက၊သို့မဟုတ် ၎င်းတို့၏ သဘောထားအမြင်၊လုပ်ဆောင်ချက်အပေါ် မရှင်းလင်းပါက ၎င်းတို့အား ကောင်းမွန်စွာမေးမြန်းခြင်းဖြင့် ပဋိပက္ခအစားကွဲပြားသည့် ရလဒ်တစ်ခုကို ဖြစ်ပေါ်စေနိုင်ပါသည်။ သင်စိတ်ဆိုးစေရန်၊ သင့်စိတ် အနှောင့် အယှက်ဖြစ်စေရန် အခြားသူတစ်ဦးဦးက တမင်ရည်ရွယ် လုပ်ဆောင်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်းမပြုသင့်ပေ။ တစ်ခါတစ်ရံ တစ်ဦးဦးက လုပ်ဆောင်သည့်ကိစ္စမှာ သင့်အတွက် စိတ်မသက်မသာဖြစ်စေသည့်တိုင် ၎င်းတို့တွင် ခိုင်လုံသည့်အကြောင်းရင်းများ ရှိနေတတ်သည်။ ထိုသို့အခြေအနေတွင် ၎င်းတို့၏ လုပ်ဆောင်မှုနှင့် ပတ်သက်၍ ကောင်းမွန်စွာ မေးမြန်းခြင်းဖြင့် ဖြစ်ပေါ်လာနိုင်သည့် ပဋိပက္ခကို ဟန့်တားနိုင်မည်ဖြစ်သည်။ မေးမြန်းသည်ဆိုရာတွင်လည်း တစ်ဖက်လူအား စွပ်စွဲသည့် အနေအထားမျိုးမဟုတ်ဘဲ မိမိသိလိုသည့် အနေအထားမျိုး၊ စုံစမ်းမေးမြန်းမှုမျိုးသာဖြစ်သင့်သည်။

(ဃ) တစ်ဖက်လူအား အခြေအနေနှင့် ပတ်သက်၍ပြောကြားရန် ဖိတ်ခေါ်ပါ

ပဋိပက္ခတစ်ခု၊ ပြဿနာတစ်ခုဖြစ်ပွားပြီ ဆိုပါက သင်တို့၏ အလုပ်စားပွဲမှနေ၍ အီးမေးလ်အပြန်အလှန် ရေးသားခြင်း၊ ယခုခေတ်ဆိုလျှင် ဖုန်းမှတစ်ဆင့် မက်ဆေ့အတိုများ ပေးပို့ခြင်း၊(သို့မဟုတ်) အလျင်စလို တယ်လီဖုန်းဖြင့် မေးမြန်းပြောဆိုခြင်းတို့က မည်သည့်ကိစ္စကိုမျှ ပြေလည်အောင် ဖြေရှင်းနိုင်မည် မဟုတ်ပေ။ ရံဖန်ရံခါယင်းကဲ့သို့ အပြန်အလှန် ရေးသားခြင်းဖြင့်ပြဿနာကို ပိုမိုရှုပ်ထွေးစေနိုင်ပါသည်။ သို့ဖြစ်၍ ပြဿနာကို ဖြေရှင်းနိုင်ရန် အနှောင့်အယှက် မရှိသည့် နေရာတစ်ခုခု၌ သီးသန့်အချိန်ပေး၍ ဖြေရှင်းသင့်သည်။

(င) စူးစမ်းလေ့လာပါ

ပဋိပက္ခအပေါ် ဓမ္မဓိဋ္ဌာန်ကျကျ၊ ယထာဘူတကျကျ လေ့လာသုံးသပ်ပါ။ ပဋိပက္ခနှင့်ပတ်သက်သည့် အချက်အလက်များအပေါ်တတ်နိုင်သမျှ ပကတိအခြေအနေကို ထင်ဟပ်သည့် အမြင်အတိုင်း ဖော်ပြပါ။ တစ်ဖက်လူမှမည်သို့ ထင်သည်။ မည်သည့်အရာအား လုပ်နေသည်ကို မှန်းဆပြောဆိုခြင်းမျိုး မဟုတ်ဘဲ အခြေအနေနှင့် စပ်လျဉ်း၍ သိသာမြင်သာသည့်အချက်များကိုသာ ကိုးကားပြောဆိုသင့်ပါသည်။

ဥပမာအားဖြင့် တစ်ဖက်လူအား “သင့်အနေဖြင့် အစည်းအဝေး၌ ကျွန်ုပ်အပေါ် အစဉ်အမြဲဝေဖန်လေ့ရှိသည်ကို သတိပြုမိသည်” ဟုပြောဆိုခြင်းမှာ မှန်ကန်မှု ရှိ မရှိ စိစစ်နိုင်သည့်အချက်ဖြစ်သည်။ သို့ဖြစ်၍ ယင်းအချက်အပေါ် ကိုးကားပြောဆိုမည်ဆိုပါက ပြောဆိုနိုင်ပါသည်။ သို့ရာတွင် မှန်းဆချက်သက်သက်ကို အခြေခံ၍ ဖော်ပြ ပြောဆိုခြင်းမျိုးကို မပြုလုပ်သင့်ပေ။

(စ) လိုအပ်က တောင်းပန်ပါ။

ပဋိပက္ခတစ်ခုဖြစ်ပွားပါက သင်နှင့်ပတ်သက်သည့် အပိုင်းအတွက် တောင်းပန်ပါ။များသောအားဖြင့် ပဋိပက္ခ၌ ပါဝင်ပတ်သက်သူတိုင်းသည် တစ်မျိုးမဟုတ် တစ်မျိုး လုပ်ဆောင်တတ်ကြပြီး ပဋိပက္ခကို ပိုမိုကြာမြင့်စေတတ်ပါ သည်။ ပဋိပက္ခတစ်ခုလုံးအတွက် သင့်အနေဖြင့်တာဝန်ရှိသည်ဟု ဆိုလိုခြင်း မဟုတ်ဘဲ သင်နှင့် သက်ဆိုင်သည့်အပိုင်းအတွက်သာ တာဝန်ယူရေး ဖြစ်ပါသည်။

(ဆ) တစ်ဖက်လူ၏ အပိုင်းအပေါ် ချီးကျူးပြောကြားပါ

ပဋိပက္ခ၌ တစ်ဖက်လူ၏ အပိုင်းနှင့်ပတ်သက်၍ ချီးကျူးပြောကြားပါ။ ယင်းသို့ လုပ်ဆောင်ရန်မှာ များသောအားဖြင့် ခက်ခဲကြောင်း တွေ့ရှိရတတ်သည်။ မိမိတို့နှင့် သဘောထားချင်းမတိုက်ဆိုင်သူတို့၏ ကောင်းမွန်မှန်ကန်သည့်လုပ်ရပ်အပေါ် ချီးကျူးပြောကြားခြင်းကို လူအနည်းငယ်တို့သာ ပြုလုပ်နိုင်ကြသည်။ သို့ရာတွင် ဤအချက်မှာ ပဋိပက္ခကို ကျော်လွှား၍ရှေ့သို့ ဆက်လှမ်းရေးအတွက် များစွာအရေးလှပါသည်။ ။