လုပ်ငန်းတွေလည်ပတ်ရှင်သန်ပြီး အလုပ်သမားများ လုပ်ခလစာရရှိရေးကို ဦးစားပေးကာ နိုင်ငံတော်၏ချေးငွေများကို စနစ်တကျ စိစစ်ပေးအပ်မည်

ခင်ရတနာ

မတ်လ ၁၈ ရက်က စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနသည် ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ထားခဲ့ပြီး ယင်းကြေညာချက်အရ ကိုဗစ်-၁၉ ကြောင့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေးကော်မတီ၏  ဆုံးဖြတ်ချက်အရ မြန်မာနိုင်ငံသားပိုင် စီအမ်ပီလုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းများနှင့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများကို အတိုးနှုန်း ရာခိုင်နှုန်း၊  ချေးငွေကာလ နှစ်သတ်မှတ်၍ ထုတ်ချေးသွားမှုအပေါ် စီးပွားရေးလုပ်ငန်းနယ်ပယ် အသီးသီးမှ တာဝန်ရှိသူများနှင့် တွေ့ဆုံမေးမြန်းထားပါသည်။

 

zmw

 

ဦးဇော်မင်းဝင်း

ဥက္ကဋ္ဌ

မြန်မာနိုင်ငံ ကုန်သည်/စက်မှုအသင်းချုပ်

 

ဒီရက်ပိုင်းမှာတော့ ကျွန်တော်တို့က ကျွန်တော်တို့ကဏ္ဍမှာရှိနေတဲ့ အခက်အခဲအများကြီး ကြုံနေရတဲ့ လုပ်ငန်းတွေကို ဘယ်လိုပုံစံတွေနဲ့ ကုစားပေးမလဲဆိုတာကို ညှိနှိုင်းနေပါတယ်။ ဒါကြောင့် ခရီးသွားလုပ်ငန်းတွေရော၊ ဟိုတယ်လုပ်ငန်းရှင်တွေရော အသင်းအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်တာ၊ ညှိနှိုင်းဆောင်ရွက်တာတွေ လုပ်ဆောင်ပေးကြပါ။ ဒီအချိန်မှာ အားလုံးလုပ်ငန်း ကဏ္ဍအလိုက် နီးနီးကပ်ကပ်နဲ့ ပူးပေါင်းဆောင်ရွက်ကြမှသာလျင် အားလုံးကို ဖြေရှင်းပေးနိုင်ပါမယ်လို့ ပြောကြားလိုပါတယ်။

 

အခုနိုင်ငံတော်ရဲ့ ကူညီပံ့ပိုးမယ့် ကျပ် ဘီလီယံ ၁၀ဝ နဲ့ပတ်သက်ပြီးတော့ အဓိကထိခိုက်မှု လတ်တလောဖြစ်နေတဲ့ ကဏ္ဍကြီးသုံးခုကို ဦးစားပေးပြီး ချေးငွေတွေ ချထားပေးဖို့ ဆောင်ရွက်နေပါပြီ။ ပထမတစ်ခုကတော့ စီအမ်ပီလုပ်ငန်းတွေနဲ့ အထည်ချုပ်မှအပ အခြားစီအမ်ပီလုပ်ငန်းတွေ၊ အသေးစား၊ အလတ်စားနဲ့ အခြားစက်မှုလုပ်ငန်းတွေနဲ့ ဟိုတယ်နဲ့ ခရီးသွားလာရေး လုပ်ငန်းတွေကို ချေးငွေပေးအပ်ဖို့ ဆွေးနွေးခဲ့ပါတယ်။

 

အဲဒီနေရာမှာ ဘယ်လိုပုံစံနဲ့ ချေးမလဲဆိုတာကို ဒီနေ့ကျွန်တော်တို့ စပြီးဆွေးနွေးကြပါတယ်။ ကျွန်တော် နားလည်တာကတော့ နိုင်ငံတော်ကလည်း လုပ်ငန်းဆောင်ရွက်မှုတွေ စတင်ဆောင်ရွက်နေတယ်။ ညွှန်ကြားချက်တွေ၊ လမ်းညွှန်ချက်တွေကို နိုင်ငံတော်က ထုတ်ပြန်ပေးမှာဖြစ်တယ်ပေါ့။ မထုတ်ပြန်ခင်မှာ ကျွန်တော်တို့လုပ်ငန်းရှင်တွေဘက်ကလည်း ဘယ်လိုပြင်ဆင်မလဲ ဆိုတာကို ညှိနှိုင်းတိုင်ပင်ပြီး ပြင်ဆင်ထားကြပါတယ်။

 

အချက်လေးငါးခုလောက်ကိုတော့ ကြိုတင်ပြင်ဆင်ပြီး ချေးငွေပေးအပ်ဖို့အတွက် ရည်စူးထား တာရှိပါတယ်။ ပထမအချက်က စက်မှုလုပ်ငန်းဆိုရင် စက်မှုမှတ်ပုံတင်ရှိသလား၊ ကုမ္ပဏီဆိုရင် ကုမ္ပဏီမှတ်ပုံတင်ရှိသလား၊ စည်ပင်သာယာနဲ့ ပတ်သက်လို့ မှတ်ပုံတင်ရှိသလားဆိုတာ ဆန်းစစ်ပါတယ်။ နောက်တစ်ချက်က လူမှုဖူလုံကြေးတွေ ပေးသွင်းထားရဲ့လား။ အလုပ်သမားဦးရေ ဘယ်လောက် ရှိသလဲ။ လုပ်ငန်းလည်ပတ်မှု အလားအလာက ဘယ်လိုလဲ၊ ပိုက်ဆံချေးငွေရမယ်ဆိုရင် ပြန်ပြီးရှင်သန်နိုင်မယ့်၊ ချေးငွေပြန်လည်ပေးဆပ်နိုင်မယ့် အလားအလာရှိသလားဆိုတာတွေကို ဆန်းစစ်ပါတယ်။

 

ကျွန်တော်တို့ရဲ့ ကုန်သည်/စက်မှု အသင်းချုပ်နဲ့ ညီနောင်လက်တွဲအသင်းတွေနဲ့ ကူညီထောက်ခံပြီး ချေးငွေရရှိဖို့အတွက် ဆောင်ရွက်သွားနိုင်ကြဖို့ ဆွေးနွေးထားပါတယ်။ မနက်ဖြန်မှာ လမ်းညွှန်ချက်တွေ ရရှိတာနဲ့ အမြန်ဆုံး လုပ်ငန်းရှင်တွေလက်ထဲကို ချေးငွေတွေပေးအပ်နိုင်ဖို့ ဆောင်ရွက်သွားမှာပါ။ အဓိကကတော့ လုပ်ငန်းရှင်တွေဟာ လုပ်ခလစာတွေကို မပေးနိုင်ကြတာမျိုး ဖြစ်လာမယ်ဆိုရင် ဆိုတာကိုလည်း ထည့်သွင်းစဉ်းစားပါတယ်။ လုပ်ငန်းလည်ပတ်နိုင်ဖို့နဲ့ တကယ်ကို ဆက်ပြီးရှင်သန်ဖို့၊ အလုပ်သမားတွေ လုပ်ခလစာတွေရရှိပြီး သူတို့အသက်မွေးဝမ်းကျောင်းကို မထိခိုက်သွားစေဖို့ဆိုပြီး ရည်ရွယ်ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။

 

 

Twt

ဦးသက်လွင်တိုး

တတ်သိပညာရှင်

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ

 

နိုင်ငံတော်အစိုးရက ကိုဗစ်-၁၉ ရန်ပုံငွေအဖြစ် ကျပ် ၁၀ဝ ဘီလီယံကို အတိုးနှုန်း ၁ရာခိုင်နှုန်းနဲ့ ထုတ်ချေးပေးမယ်လို့ မနေ့က ကြေညာခဲ့ပါတယ်။ အဲဒီလို စီးပွားရေးထိခိုက်မှုအများဆုံးခံစားရတဲ့ လုပ်ငန်းတွေထဲမှာ ကျွန်တော်တို့ ခရီးသွားလုပ်ငန်းကဏ္ဍလည်း ပါဝင်ပါတယ်။ အခုလိုကြေညာချက် ထွက်ပေါ်လာတာဟာ ကျွန်တော်တို့ ခရီးသွားကဏ္ဍရော၊ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေရောနဲ့ စီအမ်ပီလုပ်ငန်းလုပ်ကိုင်သူတွေ အားလုံးအတွက်ပါ အလွန်ကိုမင်္ဂလာရှိတဲ့ သတင်းစကားပဲဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့လလောက်ကတည်းက အခြားနိုင်ငံတွေမှာ အခုလို ရောဂါဘယကြောင့် ထိခိုက်လာနိုင်တဲ့ အခြေအနေကို ကုစားတာတွေကို မြင်ရတယ်။ ကျွန်တော်တို့ဆီမှာလည်း ဘယ်လိုမျိုး ကြိုတင်ပြင်ဆင်ကြမလဲ၊ ကုစားကြမလဲဆိုတာကို မီဒီယာတွေကနေတစ်ဆင့် အကြံပေးခဲ့တာရှိပါတယ်။ နိုင်ငံတော်အစိုးရနဲ့ တာဝန်ရှိသူတွေကလည်း ခေါင်းကြီးကြီးနဲ့စဉ်စားပြီး ဖြစ်သင့်တဲ့အချိန် ရောက်ပြီ၊ ကုစားရမယ့်အချိန်ရောက်ပြီဆိုပြီး ဒါကိုဖြေလျော့ရုံတင်မကဘဲ နိုင်ငံတော်က အတိုးနှုန်းကို ပုံမှန်က ခုနစ်ကျပ်၊ ရှစ်ကျပ်ရှိတဲ့အနေအထားမှာ အနစ်နာခံပြီး တစ်ကျပ်နှုန်းနဲ့ စိုက်ထုတ်ချေးပေးလိုက်တာပေါ့။ အဲဒီလို နိုင်ငံတော်က စီစဉ်ပေးတဲ့ကိစ္စမှာ ကျွန်တော်တို့ဘက်က စနစ်တကျနဲ့ စီမံခန့်ခွဲမှုကတော့ အတော်လေးအရေးကြီးပါတယ်။

 

ဒီလိုဖြစ်စဉ်မျိုးတွေကို အရင်ကလည်း ကျွန်တော်တို့ကြုံခဲ့ရဖူးပါတယ်။ နာဂစ်မုန်တိုင်းကာလတွေနဲ့ အခြားခရီးသွားကဏ္ဍ ပိတ်ဆို့နှောင့်နှေးမှုတွေ အများကြီးကြုံရခဲ့ရဖူးပါတယ်။ အခုလောက်အထိ နိုင်ငံတော်အစိုးရက ရည်တည်ပေးတာမျိုးက မရှိခဲ့ဖူးပါဘူး။ အခုအစိုးရသစ်လက်ထက်မှာကျမှ ပထမဦးဆုံး နိုင်ငံတကာနဲ့ယှဉ်ပြီးတော့ ကိုယ့်ပြည်သူတွေအပေါ်မှာ ကြည့်တာဖြစ်ပါတယ်။ အဲဒီလို လုပ်ပေးတာကလည်း ဒါကပထမဆုံးပဲဖြစ်ပါတယ်။ အဲဒီအတွက်လည်း အလွန်ဝမ်းသာမိပါတယ်။

အဓိကကတော့ အခုချေးပေးတာပေါ့။ ချေးငွေဖြစ်တဲ့အတွက် ပြန်ဆပ်ရမယ်။ တစ်နှစ်တော့ အချိန်ပေးထားပါတယ်။

 

တစ်နှစ်အတွင်းမှာ ကျွန်တော်တို့ရဲ့ လုပ်ငန်းတွေက ကောင်းမွန်လာနိုင်မလားဆိုတဲ့ စီးပွားရေးဆိုင်ရာ တွက်ချက်မှုတွေ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ လောလောဆယ်ကတော့ အခြားကဏ္ဍတွေကတော့ သူ့အကြောင်းနဲ့သူရှိကြမှာပါ။ ကျွန်တော်တို့ ခရီးသွားကဏ္ဍကတော့ လူသားအရင်းအမြစ်တွေ အများကြီးပြုစုပျိုးထောင်ရပါတယ်။ လူတွေကို ဆောဖ့်စကေးလေဘာ ဖြစ်ဖို့ဆိုတာ အချိန်တစ်ခုယူပြီး ပိုးမွေးသလိုမွေးခဲ့ရတာ။ အဲဒီလိုအခြေအနေမှာ အလုပ်သမားတွေကို အလုပ်ဖြုတ် လို့မရဘူး။ သူတို့ရဲ့ အလုပ်အကိုင်က ပြောင်းလဲသွားလို့မရပါဘူး။ သူတို့ကိုအတိုင်း အတာတစ်ခုထိ ရပ်တည်နိုင်မယ့် လစာတစ်ခုနဲ့ ထိန်းထားပေးဖို့လိုပါတယ်။

 

အချို့ကုမ္ပဏီငယ်လေးတွေဆိုရင် လစာပေးစရာတောင် မရှိတာမျိုးဖြစ်နိုင်တယ်။ အချို့ဆိုရင် ပေးစရာ အကြွေးတွေကရှိနေပြီ ခရီးစဉ်တွေဆီက ရဖို့၊ အခြားနိုင်ငံတွေကနေ ဝင်လာဖို့မရှိတဲ့ အခြေအနေမျိုးတွေကြောင့်အခက်အခဲတွေ ကြုံရတယ်။ ကျွန်တော်တို့ ခရီးသွားကဏ္ဍမှာ အခက်အခဲတွေကတော့အများကြီးပါပဲ။ ဆိုရှယ်စကျူရတီဖန်ကလည်းရှိတယ်။

 

ကျွန်တော်တို့ကုမ္ပဏီဆိုရင် ဝန်ထမ်းတွေအတွက် ပေးရတာများတယ်။ လစဉ်ပေးခဲ့ရတာဆိုတော့ နှစ်ကြာလာတော့ခက်ပါတယ်။  အခုလိုအခက်အခဲကြုံလာတဲ့အခါ ဘယ်လိုဆောင်ရွက်ကြမလဲပေါ့ စဉ်းစားစေလိုပါတယ်။ လုပ်ငန်းကြီးရင်ကြီးသလို သေးရင်လည်းသေးသလို အခက်အခဲကရှိပါတယ်။ အသင်းအဖွဲ့တွေ ဝင်ထားသူတွေကိုပဲ ကြည့်မယ်ဆိုရင်လည်း အကြောင်းကြောင်းကြောင့် အသင်းအဖွဲ့တွေမဝင်ဘဲ နိုင်ငံတော်အတွက် အခွန်အခတွေကို တာဝန်ကျေခဲ့တဲ့ လုပ်ငန်းတွေ၊ နိုင်ငံတော် အတွက်ရော၊ သူ့ဝန်ထမ်းတွေအတွက်ရော၊ ပတ်ဝန်းကျင်အတွက်ရော အကျိုးပြုခဲ့တယ်ဆိုရင်  သူတို့ကိုလည်း ကြည့်ရှုသင့်တယ်လို့ ထင်ပါတယ်။

 

လက်လုပ်လက်စားတွေဖြစ်တဲ့ အင်းဝတို့ ပုဂံတို့လိုနေရာတွေမှာ သူတို့အတွက် ဝင်ငွေရပေါက်က တော်တော်လေးကြပ်တည်းသွားလောက်ပါပြီ။ ပြည်ပကိုလည်း သွားလာခွင့်တွေပိတ်ကြပြီ၊ ပြည်တွင်းခရီးသွားကလည်း လာဖို့ခက်လာပြီဆိုတော့ မြင်းလှည်းမောင်းသမားလေးတွေကအစ၊ လှေဆရာလေးတွေကအစ၊ ဈေးရောင်းသူကလေးတွေအထိ ခရီးသွားကဏ္ဍကို မှီတည်နေရသူတွေ အတွက်လည်း တစ်ကဏ္ဍအနေနဲ့ စဉ်းစားသင့်တယ်လို့ထင်ပါတယ်။ နိုင်ငံတော်က ဆောင်ရွက် ချက်တွေက အတော်လေးကို တုန့်ပြန်မှုမြန်ဆန်တာ အားရကျေနပ်မှုရှိပါတယ်။ ဒါကို အချိန်နဲ့တစ်ပြေးညီ ပွင့်လင်းမြင်သာစွာနဲ့ အသင်းအဖွဲ့တွေရော၊ လက်တွေ့လုပ်ငန်း နယ်ပယ်က လူတွေကိုရော အားလုံးပါဝင်ပြီး သိုက်သိုက်ဝန်းဝန်းနဲ့ စုစုစည်းစည်း ဆောင်ရွက်ကြရမယ်ဆိုရင် အခက်အခဲတွေကို ကျော်လွှားနိုင်မယ်လို့ ယုံကြည်ပါတယ်။

 

 

nnh

ဦးနောင်းနောင်းဟန်

ဥက္ကဋ္ဌ

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း

နိုင်ငံတော်အစိုးရကနေပြီး ကိုဗစ်-၁၉ ကြောင့်မို့ သက်ရောက်မှုတွေကို ကုစားနိုင်ဖို့အတွက် အခုလိုစီစဉ်ပေးတာပါ။ အဲဒါကြောင့် ကျွန်တော်တို့ ခရီးသွားကဏ္ဍမှာ အမှန်တကယ်ကို ထိခိုက်နေတဲ့ ခရီးသွားလုပ်ငန်းထဲက လုပ်ငန်းတွေကို ချေးငွေပေးအပ်သွားမှာပါ။ နဂိုကတည်းက အလုပ်လည်းမရှိဘူး၊ ကုမ္ပဏီနာမည်ပဲရှိပြီး အလုပ်မရှိတာတွေကိုတော့ ဦးစားပေးမှာတော့မဟုတ်ပါဘူး။

 

အဓိကကတော့ ခရီးသွားကဏ္ဍမှာ အလုပ်လုပ်နေကြပြီးတော့ ကျွမ်းကျင်အလုပ်သမားဝန်ထမ်းတွေ၊ ပညာရှင်တွေကို လက်လွတ်ဆုံးရှုံးရမယ့် အခြေအနေတွေ ပေါ်ပေါက်နေတဲ့ လုပ်ငန်းတွေကိုသာ ဦးစားပေးပြီး လုပ်ဆောင်ပေးမှာပါ။ ကျွန်တော်တို့တွေက ကဏ္ဍအလိုက် ငွေကြေးဘယ်လောက် ချေးငွေချပေးမလဲဆိုတာ ခွဲခြားသတ်မှတ်ထားတာမရှိသေးပါဘူး။ လုပ်ငန်းသဘောအရ အလုပ်သမားတွေ ဘယ်လောက်ရှိနေတယ်။ ဝန်ထမ်းတွေ ဘယ်လောက်ရှိတယ်။ ဝန်ထမ်းတွေကို ဘယ်နှစ်လအထိ လစာတွေ ဆက်လက်ပံ့ပိုးနိုင်မလဲဆိုတာမျိုးကို မေးမြန်းမယ်။

 

ဥပမာပြောရရင် ဝန်ထမ်း ၂၀ လောက်ရှိတဲ့ ကုမ္ပဏီနဲ့ ဝန်ထမ်း ၂၀ဝ လောက်ရှိတဲ့ ကုမ္ပဏီကရမယ့် ချေးငွေပမာဏကတော့ တူညီမှာမဟုတ်ပါဘူး။ သူတို့ထမ်းထားတဲ့ ဝန်ထုပ်ဝန်ပိုးတွေအပေါ်မှာ ကြည့်ပြီး ကျွန်တော်တို့အားလုံးစုပေါင်းပြီး တိုင်ပင်မျှဝေသွားမယ့်သဘောပါ။ အခုလောလောဆယ်မှာတော့ အားလုံးတိုင်ပင်ညှိနှိုင်းနေကြပါတယ်။ ကျွန်တော်တို့ ခရီးသွားလုပ်ငန်းကဏ္ဍက အားလုံးသော လူတွေက အားရှိသွားတာပေါ့။ မနေ့က နေ့ခင်းမှာ အစည်းအဝေးလုပ်တယ်။ မနေ့ကချက်ချင်းပဲ ကြေညာချက်ထွက်လာတယ်ဆိုတော့ အတိုင်းမသိဝမ်းသာကြတာပေါ့။ သက်ဆိုင်သူတွေအားလုံးကလည်း ဝမ်းသာကျေးဇူးတင်ကြတယ်။

 

နိုင်ငံတော်အစိုးရရဲ့ ဆောင်ရွက်ပေးချက်ဟာ အင်မတန်မှကို အားရစရာကောင်းပါတယ်။ လုပ်ငန်းရှင်တွေ၊ ဟိုတယ်တွေအားလုံးက ပျော်ကြတယ်။ သူတို့အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုကို နိုင်ငံတော်က အတတ်နိုင်ဆုံး ကူညီပေးခဲ့တာကြောင့်ဖြစ်ပါတယ်။ အခုဟာကတော့ ပဏာမ တုံ့ပြန်ချက်ပါ။ နောက်ပိုင်းမှာလည်း ကျွန်တော်တို့ဘက်ကနေ နိုင်ငံတော်အတွက် တာဝန်ရှိရှိနဲ့ ဆက်လုပ်သွားရမယ့်အရာတွေ အများကြီးရှိပါတယ်။ နိုင်ငံတော်ကတောင် ကျွန်တော်တို့အတွက် ဒီလိုပံ့ပိုးထားတာဖြစ်လို့ ကျွန်တော်တို့ ခရီးသွားကဏ္ဍကလည်း တာဝန်ရှိရှိနဲ့ ဆက်ပြီး တာဝန်ကျေဖို့လိုပါတယ်။

 

ခင်ရတနာ