လူ့စွမ်းအားအရင်းအမြစ်

နေပြည်တော် ၂၅ ဇူလိုင်

 

မျက်မှောက်ကာလ၌ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းအားထုတ်ရာတွင် လူတစ်ဦးချင်း အရည်အချင်း တိုးတက်ခြင်းမှ အဖွဲ့အစည်းတစ်ခုလုံး၏ အရည်အချင်းတိုးတက်အောင် ပြုပြင်ပြောင်းလဲ ကြိုးပမ်းအားထုတ်နေ ကြသည်ကို တွေ့ရသည်။ နေပြည်တော်တွင် ပထမအကြိမ် ပြုလုပ်ခဲ့သော စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲ အခမ်းအနားတွင် လူတစ်ဦးချင်းစီ၏ အရည်အချင်း၊ အရည်အသွေးတိုးတက်ခြင်းနှင့်ပတ်သက်၍ ခေတ်သစ်တစ်ခုကို အကောင်အထည်ဖော်ရာတွင် ပညာ၊ စေတနာ၊ သတ္တိဟူသည့် အရာသုံးမျိုးလိုအပ်ကြောင်း၊ ပညာရှိမှသာ မှန်ကန်သည့်လမ်းမှန်ကိုရွေးတတ်ပြီး လမ်းမှန်ပေါ်ရောက်ရှိမှာဖြစ်ကြောင်း၊ လမ်းမှန်ကို သိသော်လည်း သွားချင်သည့် စေတနာရှိဖို့လိုကြောင်း၊ မိမိအကျိုးစီးပွား၊ အဖွဲ့အစည်း အကျိုးစီးပွားသာမက နိုင်ငံ့အကျိုးစီးပွားအတွက် ဆောင်ရွက်ပေးလိုသည့် စေတနာရှိမှသာ လမ်းမှန်ကို လျှောက်လှမ်းနိုင်မှာ ဖြစ်ကြောင်း၊ သတ္တိရှိစွာဖြင့် လမ်းသစ်ကို လျှောက်လှမ်းဖို့လည်းလိုကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားထားသည်။

 

လောကလူ့ဘောင်(ခေတ်သစ်)တစ်ခုကို အကောင်အထည်ဖော်ရာတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ညွှန်ပြ ထားသကဲ့သို့ ပညာ၊ စေတနာ၊ သတ္တိတို့နှင့်ပြည့်စုံသော လူသားများ လိုအပ်သည်။ ယင်းတို့သည်သာ စစ်မှန်သော လူ့စွမ်းအားအရင်းအမြစ်များ၊ အရည်အချင်း ပြည့်ဝသော လူ့စွမ်းအားအရင်းအမြစ်များဖြစ်ကြပြီး လောကသစ်ကိုအောင်မြင်စွာ အကောင်အထည်ဖော်ဖန်တီးနိုင်မည်ဖြစ်သည်။ ခေတ်မီတိုးတက်ပြီး အသိဉာဏ် အမြော်အမြင်ကျယ်ပြန့်လာသော ခေတ်ကာလတွင် ထိုသို့သော လူ့စွမ်းအားအရင်းအမြစ်များဖြစ်အောင် ပြုစု ပျိုးထောင်လေ့ကျင့်အားထုတ်ကြရမည်ဖြစ်သည်။

 

နိုင်ငံအတွင်း၌ရှိသည့် လူသားများအားလုံးကို လူ့စွမ်းအားအရင်းအမြစ်များဟု ယခင်က အလွယ်တကူ ခေါ်ဆို ခဲ့ကြသည်။ လူသားများဆိုသည်မှာ ယောကျာ်း၊ မိန်းမ အရွယ်သုံးပါးမရွေး လူအားလုံးတို့ကိုခြုံငုံပြီး လူဟူ၍ အမည်ပညတ် သတ်မှတ်ထားခြင်းဖြစ်ပြီး ယင်းတို့သည်လူသာမန်တို့သာဖြစ်ကြကာ လူ့စွမ်းအားအရင်းအမြစ်ဟု သတ်မှတ်ခြင်းမှာ မဖြစ်နိုင်သေးချေ။

 

လူတို့သည် လူ့ဘောင်အဖွဲ့အစည်း၊ မိမိအဖွဲ့အစည်း အသိုက်အမြုံတို့အတွက် စွမ်းနိုင်သလောက် အကျိုး ဆောင်ပေးနိုင်မှသာလျှင် လူ့စွမ်းအားအရင်းအမြစ်ဟု ခေါ်ဆိုထိုက်သည်။ ဤလောကတွင် အချို့သော လူတို့သည် လူ့ဘောင်လောက၊ လူ့အဖွဲ့အစည်း၊ မိမိအသိုက်အမြုံတစ်ခုခုအတွက် အကျိုးပြုခြင်းမရှိသည့် လူ့အတ္တများလည်း များစွာရှိသည်။

 

ယခင်ကာလက လူအားလုံးကို လူ့စွမ်းအားအရင်းအမြစ်ဟု ဆိုခဲ့ကြသော်လည်း (၂၁)ရာစု မျက်မှောက် ကာလတွင် လူ့စွမ်းအားအရင်းအမြစ်ကို သတ်မှတ်ရာ၌ လူသားအားလုံးကို မသတ်မှတ်တော့ဘဲ ထိုလူတစ်ယောက်တွင် ရှိအပ်သည့် သုတ၊ ကျွမ်းကျင်မှုအတတ်ပညာ၊ သမ္ဘာတို့ကိုပါ ထည့်သွင်းသတ်မှတ် တိုင်းတာလာကြသည်ကို တွေ့ရသည်။ ယင်းသည်ပင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ညွှန်းဆိုသော အရည် အချင်း သဘောထားများပင် ဖြစ်သည်။ ကျွမ်းကျင်မှုတည်းဟူသော အတတ်(ပညာ)၊ သုတတည်းဟူသော အသိအမြင် ဗဟုသုတမှ ပေါ်ထွက်လာသည့်(စေတနာ)နှင့် အတွေ့အကြုံသမ္ဘာဖြင့် ဆုံးဖြတ်နိုင် သည့်(သတ္တိ)တို့ရှိသည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်ထွန်းအောင် ကြိုးပမ်းအားထုတ်သွားရမည်ဖြစ်သည်။

 

သို့ဖြစ်ရာ နိုင်ငံသစ်ကို တည်ဆောက်နေသောကာလ၌ မိမိကိုယ်ကို အရည်အချင်းပြည့်ဝသော လူ့စွမ်းအားအရင်းအမြစ်ဖြစ်အောင် ကြိုးပမ်းအားထုတ်ရင်းမှ မိမိ မိသားစုဘဝ၊ မိမိ ပတ်ဝန်းကျင် ဘဝ၊ မိမိနိုင်ငံ၏ လူမှုဘဝများ တိုးတက်မြင့်မားလာအောင် ဖော်ဆောင်ကြရမည်ဖြစ်သည်။ ထို့အပြင် မျက်မှောက် ခေတ် ကမ္ဘာ့နိုင်ငံရေးနှင့် မြန်မာ့နိုင်ငံရေး အခြေအနေတို့ကိုလည်း မျက်ခြည်မပြတ် အစဉ်အမြဲ လေ့လာဆည်းပူးကြပြီး နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို စေတနာရှေ့ထား၍ လုပ်ကိုင် ဆောင်ရွက်နိုင်ကြစေရန် လေးစားစွာဖြင့် တိုက်တွန်းအပ်ပါသည်။ ။

 

ကြေးမုံ