လူကာကူအားအင်တာမီလန်ကပေါင် ၇၄ သန်းဖြင့်ခေါ်ယူ

အီတလီစီးရီးအေကလပ် အင်တာမီလန်အသင်းဟာ မန်ယူအသင်းမှ ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူကို ပြောင်းရွှေ့ကြေးပေါင် ၇၄ သန်းနဲ့ ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။ အင်တာ မီလန်အသင်းက တိုက်စစ်မှူး လူကာကူကို ငါးနှစ်သက်တမ်းရှိစာချုပ်တစ်ရပ်နဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး မန်ယူအသင်းကတော့ လူကာကူကိုလွန်ခဲ့တဲ့နှစ်နှစ်က ပြောင်းရွှေ့ကြေး ပေါင် ၇၅ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ တိုက်စစ်မှူးလူကာကူဟာ မန်ယူအသင်းကို ရောက်ရှိချိန်ကနေ ထွက်ခွာချိန်အထိ ၉၆ ပွဲပါဝင်ကစားပေးခဲ့ကာ ၄၂ ဂိုးအထိသွင်း ယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ အင်တာမီလန်အသင်းက လူကာကူကိုပေါင် ၇၄ သန်းနဲ့ ခေါ်ယူခဲ့တာကြောင့် လူကာကူဟာ အီတလီစီးရီးအေပြိုင်ပွဲမှာ တတိယမြောက်ဈေးအကြီးဆုံး ကစားသမားဖြစ်လာခဲ့ပါတယ်။ လက်ရှိ အီတလီစီးရီးအေမှာ ဂျူဗင်တပ်ကိုပြောင်းရွှေ့ခဲ့တဲ့ တိုက်စစ်မှူး စီရိုနယ်လ်ဒိုက ပေါင် ၉၉ ဒသမ ၂ သန်းနဲ့ဈေးအကြီးဆုံးဖြစ်ပြီး ဒုတိယဈေးအကြီးဆုံးကတော့ ပြောင်းရွှေ့ကြေး ပေါင် ၇၅ ဒသမ ၃ သန်းနဲ့ တိုက်စစ်မှူး ဟီဂူအင်ဖြစ်ပါတယ်။ တိုက်စစ်မှူးလူကာကူဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက မန်ယူအသင်းနဲ့အတူ ၄၅ ပွဲမှာ ၁၅ ဂိုးသွင်းယူပေးခဲ့ပါတယ်။ ဒါပေမယ့် မန်ယူနည်းပြ ဆိုးရှားက အင်္ဂလန်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကိုသာ အဓိကအားပြုလာတာကြောင့် တိုက်စစ်မှူး လူကာကူက မန်ယူအသင်းနဲ့ လမ်းခွဲမယ်လို့ဆိုလာတာပါ။ အဲဒါကြောင့် အင်တာမီလန်အသင်းနည်းပြကွန်တီကလူကာကူဟာ သူ့ရဲ့အခုအပြောင်းအရွှေ့အတွင်း ခေါ်ယူမယ့် ပထမဦးစားပေးကစားသမားလို့ ဆိုခဲ့တာပါ။

လူကာကူဟာ ၂၀၁၇ က အဲဗာတန်အသင်းမှ မန်ယူအသင်းကို ပြောင်းလာတာဖြစ်ပြီးအသက် ၂၄ မတိုင်မီပရီမီယာလိဂ် သွင်းဂိုး ၈၀ သွင်းယူနိုင်ခဲ့တဲ့ လေးဦးမြောက်ကစားသမားလည်း ဖြစ်ပါတယ်။ အရင်က အသက် ၂၄ နှစ်မတိုင်မီ ပရီမီယာလိဂ်သွင်းဂိုး ၈၀ အထိ သွင်းယူနိုင်ခဲ့တာကတော့ မိုက်ကယ်အိုဝင်ရော်ဘီဖိုလာနဲ့ ရွန်းနီတို့ပဲဖြစ်ပါတယ်။

လက်ရှိမှာ မန်ယူအသင်းက တိုက်စစ်မှူး လူကာကူကိုရောင်းချခဲ့ပြီဖြစ်တာကြောင့် အသင်းရဲ့တိုက်စစ်ပိုင်းမှာ ရက်ရှ်ဖို့ဒ်မာရှယ်လ်နဲ့ ဆန်းချက်ဇ်တို့ကို အဓိကအားပြု ကစားရတော့မှာ ဖြစ်ပါတယ်။

 ငွေကြယ်