လူကူးမျဉ်းကြားများ မပြည့်စုံမှုကြောင့် နိုင်ငံခြားသား ခရီးသွားများ အခက်အခဲ ကြုံတွေ့နေရ

မန္တလေး ၇ ဖေဖော်ဝါရီ

 

မန္တလေးမြို့တွင် ယခုအခါနိုင်ငံခြားသားများ များစွာလာရောက် လည်ပတ်လျက်ရှိရာ မြို့ထဲလမ်းမများပေါ်နှင့် သမိုင်းဝင် နေရာများတွင်နိုင်ငံခြားသား အများအပြားကို တွေ့မြင်နေရသည်။

 

နိုင်ငံခြားသားများသည် ခရီးသွားအေဂျင်စီများမှ စီစဉ်ပေးသော ခရီးစဉ်များအတိုင်း လည်ပတ်ခြင်း၊ မိမိသွားလိုသော နေရာများသို့ ကိုယ်ပိုင်ယာဉ်ငယ်များ ငှား၍သွားခြင်း၊ စက်ဘီး၊ ဆိုင်ကယ်၊ ယာဉ်များဖြင့် လည်ပတ်ခြင်း၊ သုံးဘီးဆိုင်ကယ်၊ ဆိုက္ကား အစရှိသည့် ယာဉ်ငယ်များဖြင့် သွားလာခြင်းများအပြင် ခြေလျင်လျှောက် သွားလာ လည်ပတ်ခြင်းများကိုလည်းတွေ့မြင်ရသည်။

 

ခြေလျင်လျှောက် လည်ပတ်ကြသည့် ခရီးသည်များမှာ ဒေသအတွင်း လမ်းပြမြေပုံများကို ကြည့်၍သွားလာကြရာ အချို့လမ်းဖြတ်ကူးရမည့် နေရာများတွင် လူကူးမျဉ်းကြားများ ရေးဆွဲထားခြင်း မရှိ၍ လမ်းဖြတ်ကူးရန် အခက်အခဲများ ဖြစ်ပေါ် လျက်ရှိကြောင်း တွေ့မြင်နေရသည်။ “မန္တလေးကို အလည်အပတ်လာတဲ့ နိုင်ငံခြားသား ဧည့်သည်အများစုဟာ ရွှေကျောင်းကြီးကို လာရောက် လေ့လာတာကို တွေ့ရတယ်။ ဒီအထဲက အချို့ဧည့်သည်တွေဟာ ရွှေကျောင်းကြီးနဲ့ လမ်းတစ်ဖက်မှာရှိတဲ့ နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ် (မန္တလေး) မှာ စာပေသင်ကြားနေကြတဲ့ ရဟန်းသံဃာတော်တွေ စာဝါလိုက်နေကြတာကို လေ့လာလိုကြတယ်။ ဖြတ်ကူးရမယ့် ၆၂ လမ်းမကြီးမှာ မျဉ်းကြား မရှိတာကြောင့် အချို့သက်ကြီး ရွယ်အိုတွေ၊ စည်းကမ်းလိုက်နာမှု အားကောင်းတဲ့ နိုင်ငံတွေက ခရီးသွားတွေအတွက် အခက်အခဲ ဖြစ်ရပါတယ်။ ဒီတစ်နေရာထဲမှာတင် မဟုတ်ပါဘူး။ နိုင်ငံခြားသားတွေ လမ်းဖြတ်ကူးဖို့ အခက်အခဲ ဖြစ်နေတဲ့ နေရာတွေကိုလည်း သွားရင်းလာရင်း”  ဟု သာသနာ့ တက္ကသိုလ်တွင် အင်္ဂလိပ်စာ ပို့ချနေသော ဆရာတစ်ဦးက ပြောသည်။

 

အဆိုပါ ၆၂ လမ်းမကြီးမှာ မြို့ပြင် ပိုင်းသို့ အနည်းငယ် ရောက်နေပြီဖြစ်၍ ယာဉ်များကို လျင်မြန်စွာ မောင်းလာကြပြီး မ္တလေးမြို့မှ မြောက်ဘက်တွင် ရှိသော မြို့များသို့ ထွက်ခွာရာ အဓိကလမ်းမကြီးများအနက် တစ်ခုဖြစ်၍ ယာဉ်အသွားအလာ များပြားသည့် လမ်းမကြီး တစ်ခုလည်း ဖြစ်သည်။

 

အေးမြ (မန္တလေး)