ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံအောက်ပိုင်းသို့ အနောက်တောင် မုတ်သုံလေ ဝင်ရောက်လာပြီ ဖြစ်သလို မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများတွင် နေ့အပူချိန်များ မြင့်မားလျက်ရှိနေသည်။ မေလ ၂၃ ရက်က အမြင့်ဆုံးနေ့အပူချိန်များတွင် ချောက်မြို့၌ ၄၄ ဒသမ ၂ ဒီဂရီ ဆဲလ်စီးယပ် ( ၁၁၁ ဒသမ ၆ ဒီဂရီဖာရင်ဟိုက်) အထိ မြင့်တက်ခဲ့သည် ကို တွေ့ရသည်။ ယခင်ရက်များက မြင်းမူ၊ မင်းဘူး၊ ညောင်ဦး စသည့် မြို့များတွင်လည်း ထိုမျှနီးနီး အပူချိန်ကြီးခဲ့ကြသည်။ နှစ်စဉ် နွေရာသီတွင် အပူချိန် မြင့်မားသည့် ဒေသများမှာ မြန်မာနိုင်ငံအလယ်ပိုင်းရှိ မိုးနည်းခြောက်သွေ့သော ရပ်ဝန်းဖြစ်သည်။

 

“ပြီးခဲ့သည့် နွေရာသီကာလအတွင်း အပူချိန်မြင့်မားခဲ့သည့် ဒေသများအား မှတ်သား၍ ယခုမိုးရာသီ ကာလအတွင်း သစ်ပင်များတိုးချဲ့စိုက်ပျိုးခြင်း၊ ရှိပြီးသားအပင်များအား ထိန်းသိမ်းခြင်း၊ အပူရှောင် နေရာများ သတ်မှတ်ဆောက်လုပ်ပေးခြင်းတို့ကို ဆောင်ရွက်သွားရန်လိုကြောင်း၊ ယင်းဒေသများမှ သက်ကြီးရွယ်အိုများ၏ ကျန်းမာရေးစောင့်ရှောက်မှုများနှင့် ပတ်သက်၍လည်း အမြဲမပြတ် ကြည့်ရှုပေးရန်လိုပြီး ရာသီဥတုပြင်းထန်မှုဒဏ်ကို အသက်သာဆုံးနည်းလမ်းဖြင့် ဖြတ်သန်းနိုင်ရေး ဒေသဆိုင်ရာ အစိုးရများက နည်းလမ်းရှာဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး သတ်မှတ်ထားသည့် ၁၃ ခရိုင်အတွင်း လာမည့်သစ်ပင်စိုက်ရာသီတွင် အောင်မြင်စွာ စိုက်ပျိုးနိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း” နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က မေ ၂၆ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်း အဝေး အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

 

ယခုနှစ် မေလမှ ဇူလိုင်လအတွင်း အယ်လ်နီညိုရာသီဥတု စတင်ဖြစ်ပေါ်ရန် ၈၂ ရာခိုင်နှုန်းအထိ သေချာနေကြောင်း ကမ္ဘာ့မိုးလေဝသအဖွဲ့ (WMO) က ထုတ်ပြန်ထားပြီး ပစိဖိတ်သမုဒ္ဒရာအတွင်း ရေပြင် အပူချိန်များ စံချိန်တင်လျင်မြန်စွာမြင့်တက်လာနေသောကြောင့် ယခုနှစ်ကုန်ပိုင်း (အောက်တိုဘာမှ ဖေဖော်ဝါရီ)တွင် အလွန်အားကောင်းသော စူပါအယ်လ်နီညိုအဆင့်အထိ ရောက်ရှိလာနိုင်သည်ဟုလည်း ခန့်မှန်းထားကြသည်။ အယ်လ်နီညိုရာသီဥတု ဖြစ်ပေါ်လာပါ က ၂၀၂၆ ခုနှစ်နှင့် ၂၀၂၇ ခုနှစ်တို့သည် ကမ္ဘာ့သမိုင်းတစ်လျှောက် အပူဆုံးနှစ်များဖြစ်လာနိုင်ရာ ၎င်း အခြေအနေကို မြန်မာနိုင်ငံအပါအဝင် အာရှဒေသများကြုံတွေ့ရနိုင်သည်။ အရှေ့တောင်အာရှ ဒေသတွင် ပုံမှန်အောက်မိုးရွာသွန်းမှုလျော့နည်းပြီး မိုးခေါင်ရေရှားမှုများ ဖြစ်လာနိုင်သည်။ အပူရှိန်ပြင်းပြီး မိုးခေါင်မှုကြောင့် စပါးနှင့် အခြားသီးနှံစိုက်ပျိုးထုတ်လုပ်မှုနှုန်းများ ကျဆင်းနိုင်သည်။ တောမီးလောင်ကျွမ်းမှု အန္တရာယ်လည်း ပိုမိုမြင့်မားလာနိုင်သည်ဟူ၍ ခန့်မှန်းလျက်ရှိသည်။ သို့ဖြစ်ရာ အယ်လ်နီညိုကြောင့် ဖြစ်ပေါ်လာမည့် အပူဒဏ်နှင့် သီးနှံပျက်စီးမှုဖြစ်လာနိုင်သည့် အန္တရာယ်တို့ကို ကြိုတင်ပြင်ဆင် ကာကွယ်မှုအစီအမံများ ဆောင်ရွက်ကြရမည်ဖြစ်သည်။ ရာသီဥတုနှင့်နေ့စဉ် မိုးလေဝသ အခြေအနေတို့နှင့်ပတ်သက်၍ မိုး/ဇလမှ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်နေမှုတို့ကို မျက်ခြည်မပြတ် စောင့်ကြည့်နေကြရန်လိုသည်။

 

မိမိတို့နိုင်ငံသည် အာဆီယံနိုင်ငံများအတွင်း သစ်တောဧရိယာ ဒုတိယအများဆုံးပိုင်ဆိုင်သည့် နိုင်ငံဖြစ်သည်။ အက်ဖ်အေအို၏ ၂၀၂၀ ပြည့်နှစ် အစီရင်ခံစာအရ နိုင်ငံ့ဧရိယာ၏ ၄၂ ဒသမ ၁၉ ရာခိုင်နှုန်းကို သစ်တောဖုံးလွှမ်းထားသည်။ ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၅ ခုနှစ်အတွင်း သစ်တောပြုန်းတီးမှု နှစ်စဉ် ၁ ဒသမ ၇ ရာခိုင်နှုန်းရှိခဲ့သော်လည်း ၂၀၁၀ ပြည့်နှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း နှစ်စဉ် သုည ဒသမ ၉ ရာခိုင်နှုန်းသာ ပြုန်းတီးခဲ့သည်ဟုဆိုသည်။ သို့ရာတွင် ၂၀၂၁ ခုနှစ်နောက်ပိုင်း ဒေသအများအပြား၌ PDF အပါအဝင် အကြမ်းဖက်လက်နက်ကိုင်သောင်းကျန်းသူများက ၎င်းတို့အကျိုး စီးပွားအတွက် သယံဇာတခိုးထုတ်မှုများကို အများအပြား ကျူးလွန်ခဲ့ကြရာ သစ်တောပြုန်းတီးမှု မည်မျှရှိမည်ကို ခန့်မှန်း၍မရနိုင်သေးသည့်တိုင် ပမာဏကြီးမားကြောင်း ဒေသခံပြည်သူများက ပြောကြားနေကြသည်။

 

မကြာမီ မြန်မာနိုင်ငံတစ်ဝန်းလုံးသို့ အနောက်တောင်မုတ်သုံလေ ဝင်ရောက်ခြင်းနှင့်အတူ မိုးဖြိုင်ဖြိုင် ရွာသွန်းသည်နှင့် သစ်ပင်စိုက်ရာသီလည်း စတင်တော့မည်ဖြစ်သည်။ မြေဆီစိုခိုက် သစ်ပင်စိုက်ကြရာတွင် နွေရာသီ၌ အပူချိန်မြင့်မားခဲ့သည့် ဒေသနေပြည်သူများက မိမိတို့နေထိုင်ရာ မြို့ရွာများ စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတုမျှတ ကောင်းမွန်လာရေးအတွက် ပိုမိုအားထုတ် လုပ်ကိုင်ကြရမည် ဖြစ်သည်။ ယခုစိုက်သည့် သစ်ပင်များသည် အချိန်တန်အရွယ်ရောက်မှသာလျှင် အသီးအပွင့်နှင့် အရိပ်အာဝါသတို့ကို ပေးနိုင်မည်ဖြစ်ရာ စိုက်ပြီးသည့် အပင်များ ကောင်းစွာ ရှင်သန်ရေးအတွက် ဝိုင်းဝန်းပြုစုကြရန်လည်း လိုအပ်သည်။ ဒေသများ စိမ်းလန်းစိုပြည်လာပါက ရာသီဥတုသည်လည်း လိုက်ပါပြောင်းလဲလာနိုင်သည်ဖြစ်ရာ မြို့တွင်း၊ ရွာတွင်းမှာသာမက ပတ်ဝန်းကျင် ဒေသများ၌ပါ လူလုပ်သစ်တောများဖန်တီး၍ အပူဒဏ်ကို အစိမ်းရောင်တံတိုင်းဖြင့် တွန်းလှန်ကြရပါမည့်အကြောင်း။