လူမှုဘဝအကျိုးရှိ ထိရောက်ရေး ပွင့်လင်းမြင်သာစွာဆောင်ရွက်

စက်တင်ဘာ ၆

နိုင်ငံတစ်နိုင်ငံ၏ ဓနအင်အား တောင့်တင်းခိုင်မာမှုသည် ထိုနိုင်ငံ၏ လူမှုစီးပွားဘဝ မြင့်မားတိုးတက်ရေးကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်သည်။ ယင်းဖြစ်ထွန်းမှုကို ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများတွင် မြင်တွေ့နိုင်သည်။ လူမှုဘဝမြင့်မားရေး၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက်ရာ၌ ဓနအင်အား၊ ဘဏ္ဍာငွေ အင်အားနည်းခြင်း၊ များခြင်းထက် သင့်တင့်လုံလောက်သော ပမာဏဖြင့် ပြည်သူလူထုအတွက် အကျိုးရှိ ထိရောက်သော လုပ်ငန်းအတိုင်းအတာဖြင့် ဆောင်ရွက်နိုင်ခြင်းသည် အဓိကကျသည်ဟု ယူဆပါသည်။

နိုင်ငံနှင့် ပြည်သူအတွက် ဆောင်ရွက်ခဲ့ကြသော စီမံကိန်းများကို ပြန်ကြည့်မည်ဆိုလျှင် အကျိုးရှိ ထိရောက်မှုများရှိသလို အကျိုးနည်း၊ ထိရောက်မှုနည်းသော စီမံကိန်းများလည်းရှိသည်ကို လေ့လာ ဆန်းစစ်ကြည့်ဖို့ လိုမည်ဖြစ်သည်။ နိုင်ငံတော်အနေဖြင့် ဓနအင်အား ဘဏ္ဍာငွေ နည်းပါးသည့်ကြားမှ နိုင်ငံနှင့်ပြည်သူ လိုအပ်သည့် စီမံကိန်းများကို ဆောင်ရွက်ပေးနေရာ လုပ်ငန်းများအတွက် ဘဏ္ဍာငွေများ သာမက ချေးငွေများကိုပါ ခွဲဝေချထားပေးနေသည်ကို ပွင့်လင်းမြင်သာစွာ မြင်တွေ့နေရသည်။

နိုင်ငံတော်က ခွဲဝေပေးထားသည့် ဘဏ္ဍာငွေတို့ကို ပွင့်လင်းမြင်သာစွာဖြင့် အကျိုးရှိထိရောက်အောင် အသုံးပြု ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်သည်။ ယင်းသုံးစွဲမှုအခြေအနေကို သက်ဆိုင်ရာတို့က ပိုမို၍အသေးစိတ် သိရှိကြပြီး ပွင့်လင်းမြင်သာစွာ ရှင်းလင်းပြသပေးရန် လိုအပ်သည်။ ယခုအခါ ပြည်သူ့ကိုယ်စားလှယ်များက စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ ရှာဖွေစေ့ငုလေ့လာကြည့်ရှုပြီး လွှတ်တော်များတွင် သက်ဆိုင်ရာများနှင့် ပြည်သူများအား ချပြဆွေးနွေးပေးနေကြသည်မှာ နိုင်ငံနှင့် ပြည်သူအကျိုးအတွက်ဖြစ်၍ လျော်ကန် သင့်မြတ်သည်ဟု ရှုမြင်ပါသည်။

သာဓကအားဖြင့် ယခုနှစ်တွင် ပြည်ထောင်စု၏သုံးစွဲငွေသည် ငွေကျပ် ၂၄၉၅၄ ဘီလီယံကျော်ရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ထောက်ပံ့ငွေနှင့်ချေးငွေသည် ဘီလီယံ ၂၁၆၀ ကျော်သာရှိခြင်းအတွက် ပြည်နယ် ပြည်မဖွံ့ဖြိုးမှု အလှမ်းကွာဝေးနေမှု၊ ချေးငွေများရရှိမှုနှင့် သုံးစွဲမှု စသည်တို့ကို အပြုသဘော ဆောင်ကာ ဝေဖန်ထောက်ပြမှုများ ရှိသလို အလုပ်အကိုင် အခွင့်အလမ်း ငါးသောင်းမှ တစ်သိန်းအထိ ဖန်တီးပေးနိုင်ခြင်း၊ စက်ရုံ ၂၀ဝ ခန့်မှ နှစ်စဉ်ဘဏ္ဍာအခွန်ငွေ အမေရိကန်ဒေါ်လာ ဆယ်သန်းခန့်ရရှိနိုင်ခြင်း၊ ဆက်သွယ်သွားလာ ပို့ဆောင်မှုလွယ်ကူခြင်း၊ ဒေသဖွံ့ဖြိုးမှုနှင့် ပြည်တွင်း၊ ပြည်ပ ဈေးကွက် ပိုမိုဖွံ့ဖြိုးတိုးတက် လာနိုင်ခြင်းစသည့် နိုင်ငံအတွက် အလားအလာကောင်းသော အခြေအနေများအား ရှင်းလင်းဆွေးနွေး ကြသည်ကို မြင်တွေ့ကြားသိရပါသည်။

ယင်းတို့သည် ဒီမိုကရေစီစနစ်၏ သရုပ်သကန်နှင့် ပွင့်လင်းမြင်သာမှုကို ဖော်ဆောင်သည်။ အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများနှင့် အပြန်အလှန် ထိန်းညှိခြင်း ဖြစ်သည်။ နိုင်ငံနှင့် ပြည်သူအကျိုးစီးပွားဖြစ်၍ ပိုမို ကောင်းမွန်သော နည်းလမ်းများကို ဖော်ဆောင်ပေးနိုင်သည်။ ပြုပြင်ပြောင်းလဲ ဆောင်ရွက်ခြင်းဖြင့် အကျိုးရှိထိရောက်မှုကို ဖြစ်စေသည်။ ပြည်သူ့ဘဏ္ဍာငွေများ ယိုဖိတ်မှုမရှိစေရေးကို ပြုပြင် တည့်မတ်ပေးနိုင်သည်။ ထိုသို့ဆောင်ရွက်မှုများကို အပြုသဘောဆောင်ပြီး အကောင်းမြင်စိတ်ထားရှိကာ အပြန်အလှန် နားလည်မှုရှိရှိဖြင့် ပြုပြင်တည့်မတ်ပေးကြမည့် စိတ်ထားများ ထားရှိကြမည်ဆိုလျှင် နိုင်ငံနှင့် လူမှုစီးပွားဘဝ တဖြည်းဖြည်း ပြန်လည်မြင့်မား တိုးတက်လာမည်ဟု ယုံကြည်ပါသည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နေသည်မှာ သက်တမ်းနုနယ်သေးသော်လည်း အတွေ့အကြုံများ တိုးတက်များပြားလာသည်ဟု ဆိုရမည်ဖြစ်သည်။ အထူးသဖြင့် ဒီမိုကရေစီစနစ်၏ အနှစ်သာရကို လှစ်ဟပြသသော ပွင့်လင်းမြင်သာမှုနှင့် ဝေဖန်ထောက်ပြမှုများအပေါ် နားလည်မှုရှိစွာဖြင့် လိုက်ပါ ပြုပြင်ပြောင်းလဲ ဆောင်ရွက်ကြမည်ဆိုလျှင် နိုင်ငံဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်၍ အမျိုးသား အကျိုးစီးပွားအသိတရားဖြင့် ဝိုင်းဝန်းပူးပေါင်း လက်တွဲဆောင်ရွက်ကြရန် လေးစားစွာ တိုက်တွန်းအပ်ပါသည်။ ။

(ကြေးမုံ)