လူမှုကွန်ရက်ပေါ်မှ ဝစီဒုစရိုက်များ

၂၁  မေ

နည်းပညာခေတ်တွင် ကမ္ဘာကြီးသည် ရွာကြီးတစ်ရွာအဖြစ်သို့ ရောက်ရှိလာသည်ဟု ဆိုကြသည်။ ဆယ်စုနှစ် အနည်းငယ်အတွင်း လူတိုင်း လက်လှမ်းတမီ ဖြစ်လာသည့် သတင်းအချက်အလက် နည်းပညာနှင့် လူမှုကွန်ရက်တို့၏ အကျိုးဆက်အဖြစ် လူများအကြားတွင် အချိန်နှင့်အကွာအဝေးတို့ များစွာကျုံ့သွားစေခဲ့ပြီး လူမှုဆက်ဆံရေးနယ်ပယ်အတွက် အကျိုးရလဒ်များစွာ ဖြစ်ထွန်ပေါ်ပေါက်စေခဲ့သည်။

သတင်းအချက်အလက် နည်းပညာကို အခြေပြုသည့် လူမှုကွန်ရက်များကြောင့် ကောင်းကျိုးများစွာ ဖြစ်ထွန်းစေခဲ့သလို လွဲမှားစွာ အသုံးချခြင်းများလည်း ပေါ်ပေါက်ခဲ့သည်။ အထူးသဖြင့် လူများစွာတို့ လွယ်လွယ်ကူကူ ကျူးလွန်လေ့ရှိသည့် ဝစီဒုစရိုက် တို့ကို လူမှုကွန်ရက်တွင် အများအပြား တွေ့မြင်လာရခြင်းပင် ဖြစ်သည်။ မုသာဝါဒ- မဟုတ်မမှန်သည့်စကားကို ပြောဆိုခြင်း၊ ပိသုဏဝါစာ- ကုန်းတိုက်ပြောဆို မိတ်ဖျက်ခြင်း၊ ဖရုသဝါစာကြမ်းတမ်းစွာ ဆဲရေးပြောဆိုခြင်း၊ သမ္မပ္ပလာပဝါစာ- သိမ်ဖျင်း အကျိုးမဲ့သည့်စကားကို ပြောဆိုခြင်းတို့သည် အကုသလကမ္မပထ ဆယ်ပါးဟု ဆိုအပ်သော အပါယ်လေးပါးသို့ လားစေတတ်သည့် ဒုစရိုက် ၁၀ ပါးတွင် အပါအဝင်ဖြစ်သော ဝစီဒုစရိုက်များပင် ဖြစ်သည်။ လူအချင်းချင်း ပြောဆိုဆက်ဆံကြရာတွင် စကားကြောင့် အကျိုးဖြစ်ရသလို စကားကြောင့် အကျိုးမဲ့ကြရသည်။ စကားကြောင့် မိတ်ဆွေဖြစ်နိုင်သလို စကားကြောင့် ရန်သူဖြစ်နိုင်သည်။

စကားကြောင့် ညီညွတ်နိုင်သလို စကားနှင့်ရန်မီးပွားနိုင်သည်။ သို့ဖြစ်သည့်အတွက်ကြောင့် လူသားတို့ကိုးကွယ်ရာ ဘာသာတရားတိုင်းတွင် စကားကို မည်သို့ပြောသင့်ပြီး မည်သို့မပြောသင့်ကြောင်း စသည်ဖြင့် ဆုံးမထားကြသည်ကို တွေ့ရှိနိုင်သည်။

သာမန်အားဖြင့် စကားပြောလျှင် ပြောသူ၏ ဝန်းကျင်လောက်သာ ကြားနိုင်ကြသော်လည်း လူမှုကွန်ရက်ပေါ်တွင် နည်းပညာကို အသုံးချ၍ ပြောကြားသည့်အခါ၌မူ ကမ္ဘာကိုပင် ပတ်နိုင်တော့သည်။ အချို့က နာမည်ကြီးချင်ရုံသက်သက်၊ အချို့က လူမျိုးရေး၊ ဘာသာရေးလှုံ့ဆော်မှု၊ အချို့က သွေးခွဲရန်တိုက်ပေးခြင်း၊ အချို့က နိုင်ငံရေးအောက်လုံးထိုး၊ အချို့က အာရုံနှောက်ခြင်းမှလွဲ၍ မည်မည်ရရမဟုတ် စသည်စသည်ဖြင့် ဝစီဒုစရိုက်များကို စာသား များနှင့်ရော၊ အရုပ်အသံများနှင့်ပါ လူမှုကွန်ရက်ပေါ်တွင် မြင်နေ၊ တွေ့နေ၊ ကြားနေရသည်။ ရလဒ်များမှာမူ အမုန်းတရားနှင့် ဒေါသ အာဃာတ၊ ရန်မီး ရန်ငြိုးများနှင့် စိတ်နှလုံး ညစ်ညူးဖွယ်ရာ များသာ။

စကားခြောက်ခွန်း၊ လူ၌ ထွန်း၊ လေးခွန်းကိုပယ်၊ နှစ်ခွန်းတည် ဟူသော ဆိုရိုးအရ (၁) မမှန်၊ အကျိုးမရှိ၊ သူများမကြိုက်သည့် စကား၊ (၂) မမှန်၊ အကျိုးမရှိ၊ သူများကြိုက်သည့် စကား ၊ (၃) မှန်၊ အကျိုးမရှိ၊ သူများမကြိုက်သည့် စကား၊ (၄) မှန်၊ အကျိုးမရှိ၊ သူများ

ကြိုက်သည့် စကားတို့ကို မပြောအပ်ဘဲ၊ (၅) မှန်၊ အကျိုးရှိ၊ သူများ မကြိုက်သည့် စကား၊ (၆) မှန်၊ အကျိုးရှိ၊သူများကြိုက်သည့် စကား တို့ကိုသာ ပြောဆိုအပ်သည်။ တစ်နည်းအားဖြင့် မှန်လည်းမှန်ကန်၍ အကျိုးလည်းရှိသော စကားကိုသာ သူများကြိုက်သည်ဖြစ်စေ၊ သူများမကြိုက်သည်ဖြစ်စေ ပြောဆိုအပ်သည်ဟု ဆိုခြင်းဖြစ်သည်။

ကောင်းစွာဆိုအပ်သော စကားသည် အင်္ဂါငါးတန်နှင့်လည်း ပြည့်စုံရမည်ဖြစ်ရာ အခါကာလအားလျော်စွာ ပြောဆိုအပ်ခြင်း၊ မှန်ကန်သောစကားလည်းဖြစ်ခြင်း၊ သိမ်မွေ့စွာ ပြောဆိုသည် လည်းဖြစ်ခြင်း၊ အကျိုးစီးပွားနှင့်ယှဉ်၍ ပြောဆိုသည်လည်း ဖြစ်ခြင်း၊ မေတ္တာစိတ်ဖြင့် ပြောဆိုသည်လည်းဖြစ်ခြင်းအားဖြင့် အပြစ်ကင်း၍ ကောင်းမွန်သော စကားနှင့်အတူ ကောင်းကျိုးရလဒ် များ ဖြစ်ထွန်းပေါ်ပေါက်စေမည်သာဖြစ်သည်။ အလွယ်တကူ ကျူးလွန်လေ့ရှိကြသည့် ဝစီဒုစရိုက်မှုတို့ကို ရှောင်ရှားကာ ကောင်းသောစကားတို့ကိုသာ ဆိုခြင်းအားဖြင့် လောကီ လောကုတ္တရာ နှစ်ဖြာသောအကျိုးစီးပွားတို့ ဆောင်ကြဉ်းနိုင် ကြပါစေကြောင်း။ ။

မြန်မာ့အလင်း