လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တက္ကသိုလ်နှင့် အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် တက်ရောက်နေသူများအား ပညာသင်ထောက်ပံ့ကြေးငွေ များပေးအပ်

နေပြည်တော်   ဇွန်  ၂၁

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ထမ်းများ၏ သား/သမီးများမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/ ကျောင်းသူများအား ပညာသင်ထူးချွန်ဆုချီးမြှင့်ခြင်းနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ပညာသင်ကြားမည့် ကျောင်းသား/ ကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် အဆိုပါဝန်ကြီးဌာန၌ ကျင်းပသည်။

 

အခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာစိုးဝင်းက ဝန်ကြီးဌာနတစ်ခုလုံးရှိ ဝန်ထမ်းသား/သမီး၊ ကျောင်းသား/ ကျောင်းသူများ ဖြစ်ကြသည့် မူလတန်းအဆင့် ကျောင်းသား(၇၀၀)၊ အလယ်တန်းအဆင့် ကျောင်းသား(၂၅၁)ဦး၊ အထက်တန်းအဆင့် ကျောင်းသား(၁၇၀)၊ တက္ကသိုလ်တက်ရောက်သူ(၃၆၂)ဦး၊ တက္ကသိုလ်ဝင်တန်း ဂုဏ်ထူးဖြင့် အောင်မြင်သူ(၄)ဦးနှင့် ရိုးရိုးအောင်မြင်သူ (၂၁)ဦး စုစုပေါင်း ကျောင်းသား၊ကျောင်းသူ (၁၅၀၈) ဦးအတွက် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ဌာနအနေဖြင့် ဝန်ထမ်းမိသားစုများ၏ သား၊ သမီးများ ပညာရေးအခြေခံ ကောင်းမွန်စေရန်အတွက် တစ်ထောင့်တစ်နေရာက ပါဝင်ကူညီဖြည့်ဆည်းပေးခြင်း ဖြစ်ကြောင်း၊ ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သည့်အတွက် ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် လိုအပ်သည့် အသိပညာတိုးတက်ရရှိရေးအတွက် စာဖတ်သည့်အလေ့အကျင့် မွေးမြူကြ ရန်နှင့် စာဖတ်အားကောင်းရန် လိုအပ်ကြောင်း၊ နိုင်ငံတော်က အားကိုးအားထားပြုနိုင်သည့် သားကောင်း ရတနာ၊ သမီးကောင်းရတနာများဖြစ်အောင် ကြိုးပမ်းသွားကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ဂုဏ်ထူးများဖြင့် အောင်မြင်သူ(၄)ဦး၊ ရိုးရိုး အောင်မြင်သူ(၂၁)ဦး အပါအဝင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်မည့် စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၁၅၀၈)ဦးအတွက် ငွေကျပ်(၂၁,၇၅၂,၀၀၀)၊ ကျောင်းသုံးဗလာစာအုပ် တန်ဖိုးငွေကျပ် (၉,၇၄၇,၈၂၄ ဒသမ ၂၂) စုစု ပေါင်းငွေကျပ် (၃၁,၄၉၉,၈၂၄ ဒသမ ၂၂)ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)