လူနာတင်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသစ်ပင်ဝင်တိုက်ကာ ရေမြောင်းအတွင်း ထိုးကျမှုဖြစ်ပွား

မင်းဘူး ၂၁ ဇွန်

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်တွင် လူနာတင်ယာဉ်တစ်စီး ရှေ့ကားကျော်တက်ရာမှ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသစ်ပင်ဝင်တိုက်ကာ ရေမြောင်းအတွင်းထိုးကျမှု ဖြစ်ပွားခဲ့ကြောင်း မင်းဘူးမြို့မရဲစခန်းမှ သိရသည်။

 

ဖြစ်စဉ်မှာ ဇွန် ၁၉ ရက် မွန်းလွဲ ၃ နာရီခွဲက ငဖဲမြို့နယ် ပြည်သူ့ဆေးရုံမှ ယာဉ်မောင်း ကျော်နိုင်ထွန်း မောင်းနှင်းပြီး လူနာတစ်ဦး တင်ဆောင်၍ မင်းဘူး-ပဒါန်း ကားလမ်းအတိုင်း ထွက်ခွာလာရာ ကန်ရေ အမှတ်(၃) ကျေးရွာအနီးတွင် ရှေ့မှမောင်းနှင်နေသော ကားတစ်စီးအား ကျော်တက်စဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းဝဲဘက်ခြမ်းရှိ ထနောင်းပင်အား ပွတ်တိုက်မိပြီး အရှိန်လွန်၍ လမ်းဘေးရေလွှဲမြောင်းအတွင်းသို့ ထိုးကျခဲ့ကြောင်း၊ ယာဉ်၏ရှေ့ခေါင်းပိုင်း ပျက်စီးခဲ့ပြီး ယာဉ်မောင်း အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး (စိုးရိမ်ရ) ဒဏ်ရာနှင့် ကျန်အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦးတို့မှာ (မစိုးရိမ်ရ) ဒဏ်ရာများ အသီးသီးရရှိခဲ့ပြီး မကွေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှုခံယူလျက်ရှိကြောင်း မင်းဘူးမြို့မရဲစခန်း ဒုရဲအုပ်ကျော်ငြိမ်းထံမှ သိရှိရသည်။

 

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်း ကျော်နိုင်ထွန်းအား မင်းဘူးမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

 

မောင်မောင် (မင်းဘူး)

 

mdn