ရန်ကုန် မတ် ၂၃
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် လူငယ်ကစားသမားများ ထွက်ပေါ်လာစေရန် ၂၀၂၆ FIFA-MFF ယူ-၁၅ လူငယ်လိဂ်ပြိုင်ပွဲ ကျင်းပမည်ဖြစ်ပြီး ဇုန်များခွဲ၍ ပြုလုပ်မည်ဖြစ်သည်။
ယင်းပြိုင်ပွဲကို ရန်ကုန်၊ မန္တလေး၊ တောင်ကြီးနှင် မော်လမြိုင်မြို့တို့တွင် ကျင်းပမည်ဖြစ်ပြီး ရန်ကုန်ဇုန်အတွက် ခြေစစ်ပွဲပြုလုပ်မည်ဖြစ်ကာ ကျန်ဇုန်များမှာမူ တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။
ရန်ကုန်ဇုန်တွင် ပြီးခဲ့သည့်နှစ်က ယှဉ်ပြိုင်ခဲ့သည့် အသင်း ၁၂ သင်း၊ MFF ယူ-၁၄ အသင်းနှင့် YUFC အသင်းတို့နှင့်အတူ ခြေစစ်ပွဲအောင် ခြောက်သင်း စုစုပေါင်း အသင်း ၂၀၊ ကျန်ဇုန်သုံးခုတွင် အသင်းခြောက်သင်းစီ ပါဝင်မည်ဖြစ်သည်။ ရန်ကုန်ဇုန် ခြေစစ်ပွဲကို ဧပြီ ၄ ရက်မှ ၈ ရက်အထိ ရန်ကုန်မြို့၌ ကျင်းပမည်ဖြစ်ပြီး အုပ်စုသုံးခုခွဲထားကာ အုပ်စုတစ်ခုစီမှ အမှတ်အများဆုံးနှစ်သင်းစီ ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။ ရန်ကုန်ဇုန်ခြေစစ်ပွဲ အုပ်စုခွဲဝေထားမှုအရ အုပ်စု(A)တွင် ဖားစည်မြေ အသင်း၊ BHS အသင်း၊ Future Goal အသင်း၊ Little Comets အသင်း၊ အုပ်စု(B) တွင် St Paul's အသင်း၊ Phoenix Future Soccer အသင်း၊ Burma Football Academy အသင်း၊ Swat-E Academy အသင်း၊ ဘူရှီဒိုအသင်း၊ အုပ်စု(C)တွင် Syriam Myoma အသင်း၊ Future Stars အသင်း၊ ဗိုလ်မင်းရောင်အသင်း၊ အရှေ့ဒဂုံစတားအသင်းတို့ပါဝင်သည်။
ဒုတိယအဆင့်တွင် ရန်ကုန်ဇုန်၌ အသင်း ၂၀၊ မန္တလေး၊ တောင်ကြီးနှင့် မော်လမြိုင်ဇုန်တွင် ခြောက်သင်းစီ ယှဉ်ပြိုင်မည်ဖြစ်ပြီး ရန်ကုန်ဇုန်ကို အသင်းအရေအတွက်များသဖြင့် တစ်ကျော့တည်း ယှဉ်ပြိုင်စေကာ ကျန်ဇုန်များကိုမူ နှစ်ကျော့ယှဉ်ပြိုင်စေမည်ဖြစ်သည်။ ဒုတိယအဆင့်တွင် ရန်ကုန်ဇုန်မှ အဆင့် ၁ မှ ၄ အထိရရှိသည့် လေးသင်း၊ ကျန်ဇုန်သုံးခုတွင် အမှတ်အများဆုံးရရှိသည့် တစ်သင်းစီနှင့် ဒုတိယနေရာရအသင်းများအနက် အကောင်းဆုံးတစ်သင်းတို့မှာ နောက်ဆုံးအဆင့် ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်ပြီး စုစုပေါင်းရှစ်သင်းဖြင့် ဆက်လက်ယှဉ်ပြိုင်မည်ဖြစ်သည်။
သတင်း - ကိုညီလေး
ဓာတ်ပုံ - MFF


