လူငယ်လူရွယ်များ သတိမူဆင်ခြင်တည့်မတ်

 

လူငယ်လူရွယ်များမှာ နိုင်ငံ၏ သားကောင်းရတနာများဖြစ်သည်။ လူငယ် လူရွယ်များမှာ ပျော့ပျောင်း နူးညံ့သော ဖယောင်းကဲ့သို့ဖြစ်သည်။ စိတ်ဓာတ် တက်ကြွပြီး အတုမြင်အတတ်သင် စူးစမ်းလေ့လာ တတ်သူများဖြစ်သည်။ လူငယ်များလမ်းမှန်ပေါ်တွင် တောက်ပြောင်သည့်ကြယ်ပွင့်များဖြစ်ပြီး လမ်းမှားသို့ ရောက်လျှင် တောက်ပြောင်သည့်အနာဂတ် ဆုံးရှုံးပျောက်ကွယ် နိုင်သည်။

ထို့ကြောင့် လူငယ်လူရွယ်များကို မိဘ၊ ဆရာနှင့် ပတ်ဝန်းကျင်တို့က တည့်မတ်ပြုပြင်ပျိုးထောင် ပေးရမည်ဖြစ်သလို မိမိတို့ကိုယ်တိုင်လည်း ကြိုးစားအားထုတ်ရမည်ဖြစ်သည်။ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ဖေဖော်ဝါရီလ ၁ရက်နေ့က ရန်ကုန်မြို့ သန်လျင်လူငယ်သင်တန်းကျောင်းသို့ သွားရောက်ကြည့်ရှု စစ်ဆေးပြီး လူငယ်လူရွယ်များဘဝ တည့်မတ်မှန်ကန်စွာ လျှောက်လှမ်းနိုင်ရန် လမ်းညွှန်မှာကြားခဲ့သည်။ သန်လျင်လူငယ်သင်တန်း ကျောင်းသို့ ရောက်ရှိကြသောကလေးအများစုမှာ မူးယစ်ဆေးဝါးအမှုဖြင့် ဖြစ်သည်။ မူးယစ်ဆေးဝါးသားကောင်ဖြစ်ခဲ့သည့် ကလေးငယ်များဘဝ အညွန့်မတုံးအောင် လမ်းမှန်ပြသည့်သင်တန်း ကျောင်း၌ ပြန်လည်တည့်မတ် ကြရမည်ဖြစ်သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မိမိတို့စိတ်ထဲတွင် မိမိတို့ဖြစ်ချင် သည့်စိတ်၊ မိမိကိုယ်ကိုကူညီချင်သည့် စိတ်ရှိရမည်။ လုပ်နိုင်သည်ဟု လည်း ယုံကြည်မှုရှိရမည်။ သတိထားကြိုးစားလျှင်၊ လူတိုင်းလူတိုင်း အမှန်တကယ် လုပ်ချင်သည်ဆိုလျှင် လုပ်နိုင်သည်။ အမှန်တကယ်ဆန္ဒရှိလျှင် မလုပ်နိုင်စရာအကြောင်းမရှိ။ ကြိုးစားရမည်။ လွယ်လွယ်နှင့်ရမည်မဟုတ်။ မိမိလုပ်ချင်သည်ကို လုပ်နိုင်အောင်ကြိုးစားရမည်။ တစ်ခုခုလုပ်ချင်ပြီဆိုလျှင် ကိုယ်လုပ်ချင်သည့်ကိစ္စကို အောင်မြင်မည့်နည်းအမျိုးမျိုးဖြင့် လျှောက်လှမ်း ပြီး အချိန်ယူရမည်။ ကိုယ့်ဘဝအား ကိုယ်တိုင်ပြုပြင်၍ရသည်ကို ယုံကြည် ချက်ရှိဖို့လိုသည်ဟု လူငယ်သင် တန်းကျောင်းမှကလေးများအား တိုက်တွန်း အားပေး ပြောကြားခဲ့သည်။

မူးယစ်ဆေးဝါးသည် စမ်းသပ်စရာပစ္စည်းမဟုတ်ပေ။ စမ်းသပ်ကြည့် သည့် သဘောမျိုးဖြင့်ဖြစ်စေ၊ အခြားသူတို့ကဆွဲဆောင်၍ဖြစ်စေ စိတ်ဝင်စား ပြီး စမ်းသပ်ကြည့်လိုက်သောအခါ ဖြတ်မရဘဲ မိမိအတွက်ရော၊ ပတ်ဝန်းကျင် သာမက နိုင်ငံအတွက်ပါ ဆုံးရှုံးမှုများနှင့်ကြုံရသည်။ မျက်မှောက်ကာလတွင် ဘိန်းဖြူ၊ နံပါတ်ဖိုး ထက်အဆင့်မြင့်သည့်စိတ်ကြွဆေးပြားများအန္တရာယ်သည် လူငယ်လူရွယ်များကြားတွင် အန္တရာယ်ကြီးမားစွာ ပေါ်ပေါက်နေသည်။

မူးယစ်ဆေးဝါး၏ နောက်ဆက်တွဲဆိုးကျိုးများကြောင့် ရာဇဝတ်မှုများ၊ ဖြစ်သည်အထိပင် ဆက်တိုက်ဖြစ်ပေါ်နေသည်။ အကျိုးဆက်မှာ ဘဝပျက်ပြီး ၊ ထောင်ဒဏ်အပြစ်ဒဏ်ကျခံကြရသည်။

မူးယစ်ဆေးဝါးသုံးစွဲခြင်းသည် မိမိကိုယ်မိမိ ဖျက်ဆီးလိုက်ခြင်း ဖြစ်သည်။ မိမိကိုယ်ကိုနှိပ်စက်ခြင်း၊ မိမိပတ်ဝန်းကျင်ကိုပါ ဖျက်ဆီးခြင်းဖြစ်၍ နောက်ဆုံးတွင် တိုင်းပြည်၏အနာဂတ်ကိုပါ ဖျက်ဆီးလိုက်သလို ဖြစ်နေသည်။ ထို့ကြောင့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသုံးစွဲမှုများကို နိုင်ငံတော်ကအမျိုးသားရေး အသွင်ဖြင့် စဉ်ဆက်မပြတ်အရှိန်အဟုန်မြှင့် တိုက်ဖျက်နေသဖြင့် လူငယ်လူရွယ်များကလည်း ကောင်းကျိုး မပေးသော မူးယစ်ဆေးဝါးအမျိုးမျိုးကို သတိထားရှောင်ရှားကြရန်နှင့် မူးယစ်ဆေးဝါး သုံးစွဲမိကြသော လူငယ်လူရွယ်များအနေဖြင့် ဆိုးကျိုးများကို ကောင်းစွာ သိမြင်ပြီး မူးယစ်ဆေးဝါးလုံးဝအမြစ်ပြတ်ရမည်ဟု သန္နိဋ္ဌာန်ချကာ တိုက်ဖျက် ကြရမည်ဖြစ်သည်။

လူ့ဘဝသည်ရခဲလှသဖြင့် မူးယစ်ဆေးဝါးဖြင့် ဘဝကိုအလွယ်တကူ မဆုံးရှုံးအောင် သတိပြုရမည်ဖြစ်သည်။ လူ့ဘဝသည် တိုတောင်းလွန်း လှသဖြင့် မိမိတို့အသက်ရှင်သန်နေရသည့် အချိန်တိုဘဝအတွင်း မိမိတို့ဘဝ ရှင်သန်အောင်၊ အညွန့်မကျိုးအောင် ကြိုးပမ်းအားထုတ်ကြရမည်ဖြစ်သည်။ လူငယ်လူရွယ်များသည် မိမိတို့ဘဝ၊ မိမိတို့မိသားစုဘဝ၊ မိမိတို့နိုင်ငံတော် အတွက် တန်ဖိုးမဖြတ်နိုင်သော လူသားအရင်းအမြစ် များဖြစ်ရာ ဘ၀၌ မည်သို့ပင်ဖြစ်ခဲ့သည်ဖြစ်စေ မိမိတို့ဘဝကို အချိန်မီပြန်လည်ပြုပြင်တည့်မတ် ၍ တန်ဖိုးရှိ အောင် အသုံးချရမည်ဖြစ်သည်။

သို့ဖြစ်ရာ လူငယ်လူရွယ်များသည် မိမိတို့မိသားစု၊ မိမိတို့နိုင်ငံအတွက် မျှော်လင့်အားထားရာ သားကောင်း ရတနာ များအဖြစ် မိမိတို့ဘဝကို ကောင်းသည်ထက်ကောင်းအောင်ကြိုးစား အားထုတ်ရာ၌လက်ရှိ ကာလတွင်အန္တရာယ်ကြီးမားနေသော မူးယစ်ဆေးဝါးစက်ကွင်းအတွင်း မသက် ဆင်းမိအောင် အသိတရားဖြင့် သတိထားဆင်ခြင်း၊ ပြုပြင်တည့်မတ် ကြိုးစား အားထုတ်ကြရမည်ဖြစ်ပါကြောင်း။ ။

ကြေးမုံ