လူငယ်လူရွယ်ထုနှင့် မူးယစ်ဆေးဝါးအန္တရာယ်

လွန်းပိုးအိမ်

ယနေ့လူငယ်နှင့် မူးယစ်ဆေး


လောကတွင် အကောင်းနှင့်အဆိုး၊ အလင်းနှင့်အမှောင် ဒွန်တွဲနေတတ်သော သဘောရှိသည့် အားလျော်စွာ လူငယ် များဘဝတိုးတက်ဖွံ့ဖြိုးစေမည့်နည်းပညာများ ထွန်းကား လာသလို အမှောင်ထုချောက်ကမ်းပါးထဲ ဆွဲချမည့် မူးယစ်ဆေးဝါးများသည်လည်း နည်းပညာများနှင့် အတူ ပိုမိုများပြားဆန်းကြယ်စွာ လူငယ်ထုလက်ထဲသို့ ရောက်ရှိ နေသည်ကို တွေ့ရမည်ဖြစ်သည်။ ထိုသို့သော ဆွဲဆောင်မှု အမျိုးမျိုးဖြင့် လူငယ်ထုတစ်ရပ်လုံးကို လမ်းမှားရောက် စေမည့် မူးယစ်ဆေးဝါး၏ အန္တရာယ်ကို သတိရှိစွာဖြင့် ကာကွယ်တိုက်ဖျက်ရန်မှာ လူသားအားလုံး၏ အဓိက တာဝန်ပင်ဖြစ်သည်။


လူငယ်များအနေဖြင့် မိမိတို့အပေါ် နည်းမျိုးစုံဖြင့် လွှမ်းမိုးဖျက်ဆီးလျက်ရှိသည့် မူးယစ်ဆေးဝါးများ၏ အကြောင်းကို သိရှိနားလည်နိုင်စေရန်၊ မူးယစ်ဆေးဝါး အန္တရာယ်ကို မည်သို့ကာကွယ်တိုက်ဖျက်ရမည်ကို သိရှိ စေရန်သာမက သတိပြုနားလည်နိုင်ရန်နှင့် မူးယစ် ဆေးဝါး၏ သားကောင်ဖြစ်နေသည့် လူငယ်များကို မည်ကဲ့သို့ လမ်းမှန်ပေါ် ပြန်လည်ခေါ်ဆောင်၍ရမည်ကို သဘောပေါက်ရန် လိုအပ်သည်။


ကမ္ဘာ့နိုင်ငံများကို ပြန်ကြည့်လျှင် နိုင်ငံတိုင်းလိုလို သည် မိမိ၏ အနာဂတ် လူ့ဘောင်အဖွဲ့အစည်းကြီး ဖွံ့ဖြိုး သာယာစေရန်အတွက် Social Capital ဟုခေါ်သည့် လူမှုအရင်းအနှီးများ၊ Intellectual Capital ဟုခေါ်သည့် ဉာဏ အရင်းအနှီးများ အပြိုင်အဆိုင်ရင်းနှီးမြှုပ်နှံကြ ရာတွင် မျိုးဆက်သစ်လူငယ်များကို ပိုမိုပျိုးထောင်လာ ခဲ့ကြသည်ကို တွေ့ရသည်။ မိမိတို့ နိုင်ငံတော်၏ အနာဂတ် လူ့ဘောင်အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်သာယာ လှပအောင် လူငယ်များ၏ စွမ်းပကားကို တိုးမြှင့် ကြရ ပေမည်။ လူငယ်များ၏ စွမ်းပကားကို မြှင့်တင်ပေးရန် ဆိုလျှင် နိုင်ငံတော်အစိုးရတစ်ခုတည်းက ဆောင်ရွက် ပေးရုံဖြင့် မလုံလောက်ဘဲ လူ့အဖွဲ့အစည်းအသီးသီး၊ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူအသီးသီးက ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရပေမည်။


လူငယ်များကို အသက်အန္တရာယ် ဆုံးရှုံးစေသည် အထိ အဓိက ခြိမ်းခြောက်လျက်ရှိသည်မှာ မူးယစ်ဆေးဝါး ပင် ဖြစ်သည်။ လူသားများ၏ ကျန်းမာရေး၊ ဖွံ့ဖြိုးတိုးတက် ရေးကို ထိခိုက်ခြိမ်းခြောက်လျက်ရှိသော အရက်၊ ဆေးလိပ်၊ ဆေးရွက်ကြီး၊ စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများ အန္တရာယ်ကို ကြိုတင်ကာကွယ်ရန်နှင့် ထိရောက်စွာ တိုက်ဖျက်နှိမ်နင်းနိုင်ရန် အလွန်လိုအပ် သည်။ တရား မဝင် မူးယစ်ဆေး၊ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ၊ အရက်၊ ဘီယာနှင့် ဆေးလိပ်တို့ကို စွဲလမ်း ခြင်းအန္တရာယ်မှ ကင်းဝေးစေရန်နှင့် မူးယစ်ဆေးဝါး အန္တရာယ်ဆိုးကျိုးများကို ပိုမိုသိရှိနားလည်လာစေရန် အသိပညာပေး ဆောင်ရွက်ခြင်းအားဖြင့် မူးယစ်ဆေးဝါး နှင့် နောက်ဆက်တွဲ ဆိုးရွားလှသည့် အန္တရာယ်များကို လူသားများ ကိုယ်တိုင်နားလည်သဘောပေါက်မှ ရှောင်ရှားနိုင်မည်ဖြစ်သည်။


၂၀၁၈ ခုနှစ်ကမ္ဘာ့မူးယစ်ဆေးဝါး အစီရင်ခံစာအရ ကမ္ဘာ့လူဦးရေ၏ ၅ ဒသမ ၆ ရာခိုင်နှုန်းဖြစ်သည့် ၂၇၅ သန်းသည် တစ်နှစ်အတွင်း မူးယစ်ဆေးဝါးကို အနည်းဆုံး တစ်ကြိမ် သုံးစွဲဖူးသူများဖြစ်ပြီး လူဦးရေ ၃၁ သန်းသည် မဖြစ်မနေဆေးကုသရန် လိုအပ်နေသူများဖြစ်သည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ၂၀၁၈ ခုနှစ် စာရင်းများအရ မြန်မာနိုင်ငံတွင် မူးယစ်ဆေးကို အကြော တွင်းထိုးသွင်းသူ ၉၃၀၀၀ ခန့်ရှိကြောင်း ခန့်မှန်းထားပြီး မူးယစ်ဆေးဝါးနှင့် ဆက်နွှယ်သည့် အသည်းရောင် အသားဝါရောဂါနှင့် တီဘီ ရောဂါကူးစက်မှု မြင့်တက်လာ ကြောင်း သိရသည်။


မူးယစ်ဆေးဝါး၏ သမိုင်းကြောင်း

မူးယစ်ဆေးဝါးသည် ကမ္ဘာပေါ်တွင် ရှေးအကျဆုံး သော ဆေးဝါးတစ်မျိုးဖြစ်သည်။ ယခင်က မူးယစ်ဆေးဝါး ကို အပင်များမှရရှိပြီး ပရဆေးတစ်မျိုးအဖြစ် အသုံးပြု ခဲ့ကြသည်။ ဘိန်းပင်၊ ကုက္ကားပင်၊ ဆေးခြောက်ပင်တို့ကို မူးယစ်ဆေးဝါးဟု ခေါ်ပါသည်။ ဘိန်းပင်နှင့် ဆေးခြောက် ပင်တို့သည် ထင်ရှားသည့် မူးယစ်အနွယ်ဝင် အပင်များ ဖြစ်ကြသည်။ ခေတ်အဆက်ဆက် ပြောင်းလဲလာသော အခြေအနေများအရ မူးယစ်ဆေးနှင့် မူးယစ်စေတတ်သော အရာများ၊ အပင်ထွက်ပစ္စည်းများကို သုံးစွဲရုံသာမကဘဲ လူတို့ကိုယ်တိုင် တီထွင်အသုံးပြုလာခဲ့ကြသည်။ ဆေးအဖြစ် သာမက စွဲလမ်းစေသည့် ဖျော်ဖြေရေးပစ္စည်း၊ ထိုမျှမက လူတို့ကို လွှမ်းမိုးချုပ်ကိုင်လာသော သေမင်းတမန် အဖြစ် အဆင့်ဆင့် ပြောင်းလဲသုံးစွဲလာခဲ့ရာမှ ယခုအခါ မူးယစ် ဆေးဝါးသည် လူသားများအတွက် အန္တရာယ်တစ်ခုအဖြစ် တည်ရှိနေပြီဖြစ်သည်။


လူသည် စူးစမ်းတတ်သော သတ္တဝါတစ်မျိုးဖြစ်ပြီး ထိုစူးစမ်းစိတ်ကြောင့်ပင် ယနေ့ ကမ္ဘာကို ပုံဖော်ပြောင်းလဲ နိုင်ခဲ့ခြင်း ဖြစ်သည်။ စူးစမ်းစိတ်သည် လူကိုကောင်းကျိုးပြု သလို ဆိုးကျိုးလည်းပြုနိုင်ပေသည်။ အထူးသဖြင့် အန္တရာယ် ရှိသော မူးယစ်ဆေးဝါးသည် စူးစမ်းမိသည့် လူကို ချုပ်နှောင် ဖမ်းစားရင်း မပြန်လမ်းသို့ ဆွဲခေါ်သွားနိုင်သော အရာဖြစ် သည်။ လူသားများအနေဖြင့် မူးယစ်ဆေးဝါးကို သူငယ်ချင်း အပေါင်းအသင်း၏ ဆွဲဆောင်မှုကို မလွန်ဆန်နိုင်ခြင်း၊ မိသားစုအိမ်တွင်းရေး မပြေလည်ခြင်း၊ လူမှုရေးပြဿနာများ ရှိနေခြင်းနှင့် မူးယစ်ဆေးအန္တရာယ်အကြောင်း ဗဟုသုတ နည်းခြင်း စသည်တို့ကြောင့် သုံးစွဲမိသည်ဟု ဆိုသော်လည်း မိမိ၏စိတ်ကြောင့်သာ ပျက်စီးခြင်းကို ရောက်ကြခြင်း ဖြစ်ပါသည်။ မိမိကိုယ်တိုင်ဖျက်မှ ပျက်စီးခြင်းဖြစ်၍ ဘယ်သူမပြု မိမိမှု ဖြစ်သည်။
လူသားများအကြားတွင် မူးယစ်ဆေးဝါးသုံးစွဲမှုနှုန်း မြင့်တက်လာသည်နှင့်အမျှ စာရိတ္တမဏ္ဍိုင် ယိမ်းယိုင်လာပြီး ရာဇဝတ်မှုခင်းများ များပြားလာသည့် မှုခင်းသံသရာကို ဖြစ်ပေါ်စေသည်။


မူးယစ်ဆေးဝါး အန္တရာယ်များ

ယနေ့အချိန်တွင် နိုင်ငံ၏ မျိုးဆက်သစ်လူငယ်များကို လူညွန့်တုံးစေမည့် မူးယစ်ဆေးဝါးအန္တရာယ်ကို တားဆီး ကာကွယ်ရန် တစ်နိုင်ငံလုံး၊ ပြည်သူတစ်ရပ်လုံး၏ အမျိုးသားရေး တာဝန်ကြီးတစ်ရပ်အဖြစ် အရှိန်အဟုန်မြှင့် တင်ကြိုးပမ်းကြရန် အလွန်ပင်အရေးကြီးပေသည်။ လူ့အဖွဲ့ အစည်းတစ်ရပ်လုံးကို တဖြည်းဖြည်းချင်းဝါးမျိုပြီး လူငယ် များကို အညွန့်ချိုးနေသည့်၊ နိုင်ငံ၏ဂုဏ်သိက္ခာနှင့် အနာဂတ်ကို ဖြည်းဖြည်းချင်း နင်းချေပစ်နေသည့် မူးယစ် ဆေးဝါးအန္တရာယ်ကို ပြည်သူနှင့်အတူ စုပေါင်းပြီး နှိမ်နင်း ကြရန်လည်း အထူးလိုအပ်သည်။
မူးယစ်ဆေးဝါးပြဿနာသည် တစ်နိုင်ငံတည်း ဆောင်ရွက်၍မရသည့်အတွက် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်မှုများကို တိုက်ဖျက်နိုင်ရန် အိမ်နီးချင်းနိုင်ငံ များ အပါအဝင် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်လုပ်ဆောင်နိုင်ရန် အရေးကြီးသည်။
မူးယစ်ဆေးသည် သုံးစွဲမိသူကို စွဲလမ်းစေတတ်သည်။ သုံးနေစဉ်ကာလအတွင်း စိတ်ဓာတ်တက်ကြွခြင်း၊ အလွန် အမင်းလန်းဆန်းခြင်း၊ စိတ်ကူးကွန့်မြူးလွယ်ခြင်းနှင့် လွတ်လပ်ပေါ့ပါးခြင်း စသည့်ခံစားမှုများကို ဖြစ်ပေါ်စေ သဖြင့် သုံးစွဲသူများ စွဲလမ်းနှစ်ခြိုက်နေခြင်းဖြစ်သည်။ မူးယစ်ဆေးဝါးသည် ဦးနှောက်ကို မူးယစ်ထုံထိုင်းစေပြီး စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ နှစ်မျိုးလုံးကို စွဲလမ်းမှု ဖြစ်စေသည်။ မသုံးရလျှင် မနေနိုင် ဖြစ်စေသည်။
ယနေ့ ကမ္ဘာပေါ်တွင် မူးယစ်ဆေးဝါးအန္တရာယ်ကို ကမ္ဘာ့နိုင်ငံတိုင်းလိုလို ရင်ဆိုင်နေရသည်။ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးက "Problem of Drug and Drug Problem of People" ဟူ၍ ဆောင်ပုဒ်ထားရှိပြီး မူးယစ်ဆေးဝါးသည် လူသားတစ်မျိုးနွယ်လုံး ရင်ဆိုင်နေရသည့် ပြဿနာ ဖြစ်သည်ဟု ဖွင့်ဆိုခဲ့သည်။ ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံများ၊ ဖွံ့ဖြိုးဆဲနိုင်ငံများပါမကျန် မူးယစ်ဆေးသည် ဘုံရန်သူအဖြစ် တိုက်ထုတ်နေသည့် အရာလည်းဖြစ်သည်။ မူးယစ်ဆေးဝါး ကိုအချို့သောနိုင်ငံများတွင် ပြတ်ပြတ်သားသား တိုက်ထုတ် နေသလို အချို့နိုင်ငံများကလည်း ကာကွယ်တုံ့ပြန်နည်းဖြင့် ရင်ဆိုင်နေကြရသည်။ ဥပမာ ဖိလစ်ပိုင်နိုင်ငံတွင် မူးယစ် ဆေးဝါးသုံးစွဲသူများအား သေဒဏ်အထိ အပြစ်ပေးလျက် ရှိသည်။ မြန်မာနိုင်ငံတွင်လည်း လွတ်လပ်ရေးရပြီး နောက်ပိုင်းတွင် မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ပြဋ္ဌာန်း ခဲ့သည့် ဥပဒေနှစ်ခုရှိသည်။ ၁၉၇၄ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် မူးယစ်ထုံထိုင်း လေးပင်စေနိုင် သော ဆေးဝါးများဆိုင်ရာ ဥပဒေနှင့် ၁၉၉၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဥပဒေတို့ဖြစ်သည်။ ယခင်က မူးယစ်ဆေးဝါးဟု သတ်မှတ်ထားသည့် ဆေးအမျိုးအစား ပေါင်း ၁၁၁ မျိုးရှိပြီး ယခုအခါတွင် မူးယစ်ဆေးဝါးများ သာမက စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ၊ ဓာတု ပစ္စည်းနှင့် ပြုပြင်ထုတ်လုပ်ထားသည့် ဆေးဝါးများ ပါသည့် အတွက် ဥပဒေကို ပြောင်းလဲပြဋ္ဌာန်းရခြင်း ဖြစ်သည်။


မူးယစ်ဆေး အပိုင်းသုံးပိုင်း

မူးယစ်ဆေးကို အပိုင်းသုံးပိုင်း ခွဲမည်ဆိုပါက ဘိန်း၊ ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားတို့ဖြစ်သည်။ ယနေ့ကာလ တွင် စိတ်ကြွဆေးပြားသည်လူသားများကြားထဲသို့ ပိုမို ပျံ့နှံ့ ဝင်ရောက်လျက်ရှိပြီး အထူးသဖြင့် ကျောင်းသား လူငယ်များ ကြားထဲသို့ပါ စိမ့်ဝင်လျက်ရှိသည်ကိုတွေ့ရ သည်။ ကမ္ဘာပေါ်တွင်လည်း မူးယစ်ဆေးဝါးသုံးစွဲသည့် အသက်အရွယ်သည် ကိုးနှစ်အရွယ်မှပင် စတင်ကြောင်း ကောက်ယူရရှိသည့် စစ်တမ်းများအရ သိရှိရသည်။ မြန်မာနိုင်ငံတွင်လည်း မူးယစ်ဆေးဖြတ်သူများကို စာရင်းကောက်ယူသည့်အခါ အသက် ၂၀ မှ ၃၉ နှစ်ကြား တွင် ရှိကြောင်းသိရှိရသဖြင့် မည်သည့်အရွယ်တွင် ဆေးစတင် သုံးစွဲသည်ဆိုသည်ကို ခန့်မှန်းသိရှိနိုင်မည် ဖြစ်သည်။
ဘိန်း၊ ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြားကို လက်လှမ်းမမီသည့် လူငယ်များကမူ ကော်ရှူခြင်း၊ ဓာတ်ဆီရှူခြင်း စသည့် နည်းလမ်းများမှတစ်ဆင့်လည်း မူးယစ်စေမှုကို ရှာဖွေခံစားတတ်ကြသည်။ ထို့ကြောင့် မူးယစ်ဆေးသည် လက်လှမ်းမီသုံးစွဲနိုင်သည့် လူငယ် များကြားတွင်သာမက ငွေကြေးမပြည့်စုံသည့် လူငယ် များအကြားသို့ပါ ထိုးဖောက် ရောက်ရှိလာနေပြီဖြစ်သည်။ ခေတ်၏ ပြောင်းလဲလာမှုကြောင့် မူးယစ်ဆေးဝါးများ သည်လည်း နည်းလမ်းမျိုးစုံဖြင့် ပြောင်းလဲလာကြသည်။ ဘိန်းခင်းများကို ဖျက်ဆီးခြင်း၊ ဘိန်းအစားထိုးသီးနှံများ စိုက်ပျိုးခြင်းတို့ဖြင့် ဘိန်းကို အမြစ်ပြတ်အောင် လုပ်ဆောင်နေချိန်တွင် စိုက်ခင်းမလို၊ လူအင်အားလည်း မလိုဘဲ ဓာတ်ခွဲခန်း တစ်ခုရှိရုံမျှဖြင့် ပစ္စည်းအရေအတွက် သိန်းပေါင်း၊ သန်းပေါင်းများစွာ ထုတ်လုပ်နိုင်သော စိတ်ကြွရူးသွပ်ဆေးပြားများမှာ ဝိသမလောဘသားများ ၏ သည်းခြေကြိုက် ဖြစ်လာခဲ့သည်။ ဝိသမလောဘသား များအနေဖြင့် မူးယစ်ဆေးဈေးကွက်အတွက် လူငယ် များအား အဓိကပစ်မှတ်ထားလာကြသည်ကို တွေ့မြင် နေရသည်။ ကျောင်းများ/ ရပ်ကွက်များအတွင်း စိတ်ကြွ ရူးသွပ်ဆေးပြားများကို အလွယ်တကူဝယ်ယူ ရရှိနိုင်ပြီး ကျောင်းသား ကျောင်းသူချင်း၊ လူငယ်လူရွယ်ချင်းမှ တစ်ဆင့် ရောင်းဝယ်ဖောက်ကားမှုများ ပြုလုပ်လျက် ရှိသည်ကို တွေ့ရှိရသည်။ စိတ်ကြွရူးသွပ်ဆေးပြားများ သည်လည်း ဈေးကွက်အတွင်း နာမည်အမျိုးမျိုးဖြင့် ထွက်ရှိလျက်ရှိသည်။ ယခင်က စိတ်ကြွဆေးများကို နိုင်ငံခြားတိုင်းပြည်များတွင် နေ့မအား၊ ညမနား အလုပ် လုပ်ကြရသည့်လုပ်သားများ သောက်သုံးရန် ထုတ်လုပ် ခြင်းဖြစ်ပြီး ထိုမှတစ်ဆင့်လူသားများကြားသို့ အဆင့်ဆင့် ထိုးဖောက်ဝင်ရောက်လာခြင်း ဖြစ်သည်။


ဆေးအာနိသင်မှာ ညမအိပ်ဘဲ အလုပ်လုပ်နိုင်ခြင်း၊ အစာမစားဘဲ အလုပ်လုပ်နိုင်ခြင်း၊ ခွန်အားပြည့်ဝသကဲ့သို့ ခံစားရခြင်း၊ ဉာဏ်ရွှင်ခြင်း စသည်တို့ဖြစ်သည်။ သို့သော် သုံးစွဲသည့်ကာလကြာလာလျှင်မူ ဆေးအာနိသင်မရပါက အားအင်မရှိသကဲ့သို့ ပင်ပန်းနွမ်းနယ်ခြင်း၊ မှတ်ဉာဏ် ချို့ယွင်းခြင်း၊ သွားများကျွတ်ခြင်း၊ ယိုင်နဲ့ခြင်း၊ ကိုယ်တွင်း ကလီစာများပျက်စီးခြင်း စသည့်ဘေးထွက်ဆိုးကျိုးများ ရင်ဆိုင်ရမည်ဖြစ်သည်။


မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် သုံးစွဲသူကိုယ်တိုင် တွင် စိတ်ကျန်းမာရေးထိခိုက်ခြင်း၊ ပုံမှန်အသိစိတ် မရှိခြင်း၊ သံသယဝင်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ သွေးတိုး၊ နှလုံးသွေး ကြောကျဉ်းရောဂါများနှင့် အိပ်ရေးပျက်ပြီး အသိဉာဏ် ချို့ယွင်းလာခြင်းများ ဖြစ်တတ်သည်။ ဦးနှောက်ကြောင်လာခြင်း၊ ဉာဏ်ရည်ကျဆင်းပြီး ခုခံ အားကျဆင်းလာခြင်း စသော ရောဂါဝေဒနာများပါ နောက်ထပ်ခံစားလာရတတ်သည်။


မူးယစ်ဆေးဝါးကို အလွန်အကျွံသုံးစွဲမှုကြောင့် စိတ် အာရုံချောက်ချားမှုများ ဖြစ်လာပြီး စာရိတ္တပျက်စီးခြင်း၊ ဥစ္စာပျက်စီးခြင်းတို့ကြောင့် လူ့အသိုင်းအဝိုင်းကိုလည်း ထိခိုက်စေပါသည်။ တစ်မျိုးသားလုံး လူညွန့်တုံးစေမည့် မူးယစ်ဆေးဝါးကို တားဆီးကာကွယ်ရန်မှာ အမျိုးသားထု တစ်ရပ်လုံး၏ တာဝန်ဖြစ်သည်။ မူးယစ်ဆေးဝါးကို ထုတ် လုပ်၊ ဖြန့်ချိ၊ ရောင်းချ၊ တင်ပို့၊ တင်သွင်း ကိုယ်တိုင်မလုပ် သော်လည်း အားပေးကူညီထောက်ပံ့လျှင် ထောင်ဒဏ်၊ သေဒဏ်အထိ ကျခံရနိုင်ဖွယ်ရှိသည်။ ထို့ကြောင့် မိမိနှင့် အတူ ဆိုင်ကယ်စီးလာသော သူငယ်ချင်းသည် မူးယစ် ဆေးဝါးသုံးစွဲခဲ့လျှင် စစ်ဆေးသည့်အခါတွင် ကိုယ်တိုင် မသုံးစွဲသော်လည်း မူးယစ်ဆေးသုံးစွဲနေသည်ဟု မသင်္ကာလျှင် မိမိပါအဖမ်းခံရမည်ဖြစ်သောကြောင့် အပေါင်းအသင်းကိုလည်း ရှောင်ကြဉ်ရန် လိုအပ်သည်။


မူးယစ်ဆေးအန္တရာယ်ကို တိုက်ဖျက်ရန်

မူးယစ်ဆေးဝါးသုံးစွဲပါက ယခင်က ထောင်ဒဏ် ချမှတ်ခဲ့သော်လည်း ယခုအခါတွင် ထောင်ဒဏ်အစား လူမှုရေးပြစ်ဒဏ်သို့ ပြောင်းလဲချမှတ်ရန် ပညာရှင်များက အဆိုပြုကြသည်။ ထို့အပြင် မူးယစ်ဆေးသုံးစွဲသူများ ကိုလည်း ပစ်ပယ်ထားခြင်းမပြုဘဲ မူးယစ်ဆေးစွဲခြင်းကို စိတ်ပိုင်းဆိုင်ရာ ရောဂါတစ်ခုအဖြစ် သတ်မှတ်ကာ လူ့အသိုင်းအဝိုင်း၏ ဖေးမမှုဖြင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်ကြရမည်ဖြစ်သည်။ မိမိတို့၏ ရင်သွေးငယ်များကိုလည်း မူးယစ်ဆေးဝါး၏ မကောင်းကျိုးများကို ပြောဆိုဆုံးမရုံသာမက ယနေ့ ခေတ်လူငယ်များ ရင်ဆိုင်နေရသည့် အခက်အခဲများ၊ စိတ်ပိုင်းဆိုင်ရာ မွန်းကျပ်မှုများနှင့် ခံစားမှုများကို လူကြီး မိဘများက နားလည်မှုရှိရှိ မျှဝေသိရှိနိုင်မှသာ မူးယစ် ဆေးကဲ့သို့သော မကောင်းသည့် ထွက်ပေါက်များကို ရှာဖွေမှု လျော့နည်းသွားမည်ဖြစ်သည်။


မူးယစ်ဆေးသုံးစွဲသူများအနေဖြင့် မိမိတို့ကိုယ်တိုင် မူးယစ်နွံထဲမှ ရုန်းထွက်လိုသော်လည်း မူးယစ်ဆေးဖြတ် ပြီးနောက်ပိုင်း ရုပ်ပိုင်းဆိုင်ရာ ကုသမှုများကိုသာ ဆောင်ရွက်ပြီး စိတ်ပိုင်းဆိုင်ရာကုသမှု မပြုလုပ်သည့် အတွက် ယခင်အသိုက်အဝန်းနှင့် ပြန်လည်တွေ့ဆုံပါက ပြန်လည်သုံးစွဲမိသည့်အဆင့်သို့ ရောက်ရှိသွားသည်ကို မကြာခဏတွေ့ရသည်။ ထို့ကြောင့် မူးယစ်ဆေးဖြတ်ထား သည့် မူးယစ်ဆေးဖြတ်လိုသည့်သူများကိုလည်း မိသားစု က ပစ်ပယ်မထားဘဲ ဂရုတစိုက်ဖေးမလျှင် မူးယစ်ကင်းစင် ပြီး လှပသော လူမှုဘဝများကို ပိုင်ဆိုင်နိုင်မည်မှာ အသေအချာပင် ဖြစ်သည်။


၁၉၈၇ ခုနှစ် ဒီဇင်ဘာလက ကျင်းပခဲ့သော ကမ္ဘာ့ ကုလသမဂ္ဂ ညီလာခံကြီးက နှစ်စဉ် ဇွန်လ ၂၆ ရက်နေ့ကို ‘‘ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့’’ ဟု သတ်မှတ် ရန် ဆုံးဖြတ်ခဲ့ကြပြီး ကမ္ဘာ့နိုင်ငံအသီးသီးတွင် နှစ်စဉ် ကျင်းပလျက်ရှိသည်။


မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့

မူးယစ်ဆေးဝါးကင်းစင်ရေးသည် တစ်နိုင်ငံလုံး၏ အရေးဖြစ်၍ နိုင်ငံသားတိုင်း ပူးပေါင်းဆောင်ရွက်သင့်ပါ သည်။ သို့မှသာ လူသားများ၏ဘဝ သစ်လွင်၍ နိုင်ငံကို အလှဆင်နိုင်ကြမည်ဖြစ်သည်။ လူ့ဘောင်တစ်ခုလုံးကို ပျက်ပြုန်းစေနိုင်သော မူးယစ်ဆေးဝါးအန္တရာယ်ကို နိုင်ငံ သားတိုင်း ကမ္ဘာသူကမ္ဘာသားတိုင်းက စုပေါင်းလက်တွဲ တွန်းလှန်တိုက်ဖျက်သင့်သည်။ သို့ဖြစ်၍ ၂၀၂၀ ပြည့်နှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် (Health for Justice. Justice for Health) ‘‘ ကျန်းမာရေးနှင့် တရားရေးမူးယစ်ကင်းဖို့ လက်တွဲစို့’’ ဟူသော ဆောင်ပုဒ်နှင့်အညီ မူးယစ်ဆေးဝါး ပြဿနာကို ကျန်းမာရေးရှုထောင့်မှ ရှုမြင်သုံးသပ်ပြီး ကုသရေးလုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက် ကြရန် လိုအပ်သလို ဥပဒေပြုရေးနှင့် တရားစီရင်ရေး အပိုင်းတွင်လည်း ယခုထက် ပိုမိုထိရောက်စွာ ပူးပေါင်း ဆောင်ရွက်သွားရမည်ဖြစ်သည်။


မူးယစ်ဆေးဝါးအန္တရာယ်ကို တားဆီးကာကွယ်ရန် အစိုးရဆိုင်ရာ အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများအချင်း ချင်း ပူးပေါင်းဆောင်ရွက်ပြီး ပြည်သူလူထုတစ်ရပ်လုံးက လည်း အမျိုးသားရေးပြဿနာအဖြစ် ခံယူပြီး အဖွဲ့ အစည်းတစ်ခုချင်းစီမှ လူတစ်ဦးတစ်ယောက်ချင်းစီအထိ တာဝန်ကိုယ်စီရှိစွာဖြင့် မူးယစ်ကင်းစင်သည့် လူ့အဖွဲ့ အစည်း ဖြစ်ပေါ်လာစေရေးအတွက် ဆောင်ရွက်ကြရန်နှင့် ပြည်သူ့ကျန်းမာရေးအမြင်နှင့် မျှတမှုရှိအောင် ဥပဒေပြု ရေး၊ တရားစီရင်ရေး၊ မီဒီယာနှင့် အရပ်ဘက် လူ့အဖွဲ့ အစည်းများက အလေးအနက် ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းရေးသား လိုက်ရပေသည်။ ။