လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်ရေးရာကိစ္စရပ်များကို ကဏ္ဍပေါင်းစုံမှ စနစ်တကျ ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်

နေပြည်တော် စက်တင်ဘာ ၁၆

 

နိုင်ငံတော်အနေဖြင့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်ရေးရာကိစ္စရပ် များကို ကဏ္ဍပေါင်းစုံမှ စနစ်တကျ ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် တွန်းအားပေး ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း က ပြောကြားသည်။

 

ယနေ့နံနက်ပိုင်းက နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားကွင်း လူငယ်ရေးရာဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည့် ဒုတိယအကြိမ် မြန်မာနိုင်ငံ လူငယ်ရေးရာလုပ်ငန်းကော်မတီ(၂/၂၀၂၂) လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် မြန်မာနိုင်ငံ လူငယ်ရေးရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

 

ထို့ပြင် ဒုတိယဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် ဦးတည်ချက်(၉)ရပ်အနက် လူမှုရေးဦးတည်ချက် (၃)ရပ်နှင့် လိုက်လျောညီထွေဖြစ်စေရေး၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း(၂၀၁၈-၂၀၃၀)တို့နှင့်အညီ မူဝါဒ(၇)ရပ်၊ ရည်မှန်းချက် (၇)ရပ်၊ ရှေ့လုပ်ငန်း စဉ်(၁၀)ရပ်ချမှတ်ပြီး ဆယ်ကျော်သက်လူငယ်များ၏ ကျန်းမာကြံ့ခိုင်ရေး၊ စိတ်ဓာတ်၊ စည်းကမ်း၊ လူ့ကျင့်ဝတ်၊ လူ့တန်ဖိုးနှင့် ပြည်ထောင်စုစိတ်ဓာတ်များ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုး တက်လာစေရေး အလေးထား ဆောင်ရွက်လျက်ရှိသည့်အပြင် လူငယ်များ၏ အခွင့်အရေးများ အပြည့်အဝရရှိခံစား နိုင်စေရေး ကာကွယ်သွားရန် ဥပဒေရေးဆွဲပြဌာန်း၍ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ လူငယ်များ အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရန် အသက်မွေးဝမ်းကြောင်း နည်းပညာပေးသင်တန်းများ ဖွင့်လှစ်နိုင်ရေးတို့အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဘဏ္ဍာရေးလုပ်ထုံးလုပ် နည်းများအတိုင်း ကြိုတင်တွက်ချက်၍ လျာထားတင်ပြဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းကိုလည်း ထည့်သွင်း ပြောကြားခဲ့သည်။

 

ထို့နောက် မြန်မာနိုင်ငံလူငယ်ရေးရာ လုပ်ငန်းကော်မတီအတွင်းရေးမှူး အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်းက ပထမအကြိမ် ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ လူငယ်ရေးရာလုပ်ငန်းကော်မတီ (၁/၂၀၂၂)၏ဆုံးဖြတ်ချက် (၁၂)ချက်အပေါ် ဆောင်ရွက်ထား ရှိမှုအခြေအနေကို ရှင်းလင်းတင်ပြပြီး အစည်းအဝေးသို့ တက်ရောက်လာကြသည့် မြန်မာနိုင်ငံလူငယ်ရေး ရာလုပ်ငန်းကော်မတီ အဖွဲ့ဝင်များက လူငယ်များ၏ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရေး၊ ဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် အသက်မွေးဝမ်းကြောင်းနည်းပညာသင်တန်းများ ဖွင့်လှစ် ဆောင်ရွက်နိုင်ရေးစသည့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်ရေးရာကိစ္စရပ်များကို အရှိန် အဟုန်မပြတ် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်နှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေပြီး အတွေးအခေါ်မှန်ကန်စေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုး တိုးတက်စေရန်အတွက် ဆက်လက် ဆောင်ရွက်သွား မည့်လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးအကြံပြုတင်ပြကြရာ ဒုတိယဝန်ကြီးက လူငယ်များ ဖွံ့ဖြိုးတိုးတက်စေရန် ထောင့်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံမှ အကောင် အထည်ဖော် ဆောင်ရွက်နိုင်စေရန်အတွက် သက်ဆိုင်ရာဌာနများ အားလုံးပေါင်းစပ် ညှိနှိုင်းလုပ်ကိုင်ဆောင်ရွက်သွားခြင်းဖြင့် အနာဂတ်တွင် လူငယ်များ၏ဘဝ သာယာလှပပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်စေရန်အတွက် အထောက်အကူပြုနိုင်မည့် လူတော်လူကောင်းများစွာ မွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

 

အဆိုပါ အစည်းအဝေးသို့ တိုင်းဒေသကြီးနှင့်ပြည်နယ် လူငယ်ရေးရာ ကော်မတီဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ မြန်မာနိုင်ငံကင်းထောက်အဖွဲ့နှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကိုယ်စား လှယ်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနများမှ ညွှန်ကြားရေး မှူးများက Virtual Online ဖြင့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)