နေပြည်တော် မေ ၂၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများ တက်ရောက်ကြသည်။

အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိမှုအခြေအနေများနှင့် ရည်မှန်းချက်တာဝန်များကို အောင်မြင်အောင် ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ လုပ်ငန်းလည်ပတ်လျက်ရှိမှုအခြေအနေများ၊ အထွေထွေ တင်ပြချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။
တင်ပြချက်များနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဖြည့်စွက်ပြောကြားရာတွင် လျှပ်စစ်နှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် လိုအပ်ချက်ပြည့်မီမှု မရှိသေးကြောင်း၊ လျှပ်စစ်စွမ်းအင်မရှိပါက ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ထိုက်သင့်သလောက် ဆောင်ရွက်နိုင်မည်မဟုတ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် လျှပ်စစ်ဓာတ်အား ဖူလုံစွာရရှိရေးအတွက် လျှပ်စစ်ဓာတ်အားပေးစီမံကိန်းများကို ယခင်ကာလများကတည်းကပင် ချမှတ်ဆောင်ရွက်ခဲ့ကြောင်း၊ သို့သော်လည်း အဆိုပါ ရှိရင်းစွဲလျှပ်စစ်ဓာတ်အားပေးစီမံကိန်းများကို အကြောင်းအမျိုးမျိုးကြောင့် ဆက်လက်အကောင်အထည်ဖော်ဆောင်နိုင်မှု မရှိခဲ့ခြင်းကြောင့် လျှပ်စစ်ဓာတ်အား ဖူလုံမှု မရှိခြင်းဖြစ်ကြောင်း၊ ထင်ရှားသည့်ဥပမာတစ်ခုကို ပြမည်ဆိုပါက မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်း ရပ်ဆိုင်းခဲ့ရမှုမရှိပါက မဂ္ဂါဝပ် ၆၀၀၀ ရရှိမည်ဖြစ်ကြောင်း၊ ရှိပြီးဖြစ်သည့်လျှပ်စစ်ဓာတ်အားပေး စက်ရုံများနှင့် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းတို့ ပေါင်းစပ်လိုက်မည်ဆိုပါက လျှပ်စစ်ဓာတ်အား လိုအပ်ချက်ပြည့်မီရုံသာမက ကျော်လွန်သည့်အနေအထားသို့ပင် ရောက်ရှိနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့ ကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ပြည့်ဖြိုးမြဲ လျှပ်စစ်စွမ်းအင်ကို ထုတ်ယူသုံးစွဲခြင်းသည် အကောင်းဆုံး ဖြစ်ကြောင်း၊ ပြည့်ဖြိုးမြဲစွမ်းအင်တွင် ရေအား၊ လေအားနှင့် နေအား ဟူ၍ရှိကြောင်း၊ ရေအားလျှပ်စစ် စီမံကိန်းများကို မိမိတို့နိုင်ငံအတွင်း စီးဆင်းနေသည့် မြစ်ချောင်းများပေါ်၌ ဆောင်ရွက်၍ရနိုင်သည် ဖြစ်သော်လည်း အချို့သောနေရာများ၌ လုံခြုံရေးအခြေအနေအရ စီမံကိန်းများ ရပ်တန့်ထားရခြင်းများနှင့် လုပ်ငန်းဆောင်ရွက်၍ မရနိုင်သည်များလည်းရှိကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် လုပ်ဆောင်၍ ရနိုင်သည့်နေရာများကို ဖော်ထုတ်၍ ဆောင်ရွက်သွား ရန်လိုကြောင်း၊ အနိမ့်တမံ Low-Head Dam များပြုလုပ်၍လည်း ရေအားလျှပ်စစ်ထုတ်ယူ၍ရနိုင်မည် ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် နေသာသည့်နေ့ရက်များပြားသည့် နိုင်ငံတစ်ခုဖြစ်သဖြင့် နေရောင်ခြည် စွမ်းအင်သုံး ဆိုလာလျှပ်စစ်စွမ်းအင်ထုတ်ယူခြင်းကို ဆောင်ရွက်သင့်ကြောင်း၊ ဆိုလာထုတ်လုပ်ရေး လုပ်ငန်းများကို လည်း ဆောင်ရွက်ရမည်ဖြစ်ပြီး ဆိုလာများသည် အနာဂတ်တွင် လိုအပ်ချက် ကြီးမားလာနိုင်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌လည်း Small Skill ဆိုလာစက်ရုံများကို ဆောင်ရွက်သင့် ကြောင်း၊ ပြည့်ဖြိုးမြဲစွမ်းအင်နှင့်ပတ်သက်၍ မဖြစ်မနေဆောင်ရွက်ရန် လိုအပ်သည်ဟူသည့် မူဝါဒကို ချမှတ်ဆောင်ရွက်သွားရန်လိုကြောင်း။
အလားတူ စက်သုံးဆီနှင့်ပတ်သက်၍လည်း နှစ်စဉ်အမေရိကန်ဒေါ်လာ ၅ ဘီလီယံခန့်တန်ဖိုးရှိ စက်သုံးဆီများကို တင်သွင်းနေရကြောင်း၊ လောင်စာဆီသုံးစွဲမှု လျှော့ချနိုင်ရေးအတွက် လျှပ်စစ်စွမ်းအင် သုံးမော်တော်ယာဉ် (EV) ကား တင်သွင်းမှုများကို ခွင့်ပြုပေးထားသော်လည်း နိုင်ငံခြားငွေ လိုအပ်ချက်များရှိနေသည့်အတွက် ကန့်သတ်ချက်ရှိနေကြောင်း၊ ကုန်သွယ်မှုပိုငွေ ပြနေသော်လည်းပဲ အခြားသုံးစွဲမှုများ အနုတ်များ များပြားမှုရှိနေခြင်းကြောင့် နိုင်ငံခြားငွေဈေး မြင့်တက်နေကြောင်း၊ ဥပမာအားဖြင့် ပြည်ပသို့ အကြောင်းအမျိုးမျိုးဖြင့် ထွက်ခွာမှုများနှင့် နိုင်ငံခြားငွေသုံးစွဲမှု များပြားလျက်ရှိကြောင်း၊ နိုင်ငံခြားငွေ လိုအပ်ချက်များရှိနေသဖြင့် လျှပ်စစ်စွမ်းအင်သုံး မော်တော်ယာဉ် (EV) ကား တင်သွင်းမှုများတွင် ကန့်သတ်ချက်များ ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း၊ ယခင်နေ့အစည်းအဝေးတွင် ရှင်းပြခဲ့ပြီးဖြစ်သည့် စိုက်ပျိုးသီးနှံများ ပန်းတိုင်ရည်မှန်းချက် ပြည့်မီအောင်နှင့် သီးထပ်စွမ်းအားများ ရာနှုန်းပြည့်ပြည့်မီအောင် ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံ့ဝင်ငွေပိုမိုရရှိလာမည်ဖြစ်ကြောင်း၊ အများပြည်သူသုံးသယ်ယူ ပို့ဆောင်ရေး (Public Transportation) များကို ပိုမိုအားပေးဆောင်ရွက်ပြီး အသုံးပြုမှုများပြားလာမည် ဆိုပါက နှစ်စဉ်ပြည်ပမှ လောင်စာဆီတင်သွင်းနေရမှုများကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ပို့ဆောင်ရေးနှင့် ပတ်သက်၍လည်း လျှပ်စစ်စွမ်းအင်သုံး ပို့ဆောင်ရေးစနစ်သို့သွားနိုင်ရေး ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မိမိတို့ အစိုးရအနေဖြင့် တတ်နိုင်သရွေ့ ဆောင်ရွက်သွားမည်ဖြစ်ပြီး မကြာမီကာလအတွင်း ဘက်ထရီစနစ်သုံး မီးရထားစက်ခေါင်းများလည်း ရောက်ရှိတော့မည်ဖြစ်ပြီး စတင်အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ စွမ်းရည်မြှင့်တင်ရေး၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးနှင့် လိုင်စင်မဲ့ယာဉ်များ ဖော်ထုတ်ရေး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပတ်သက်၍ တပ်ဖွဲ့ဝင်များ အရည်အသွေး ပြည့်မီစေရေးအတွက် လေ့ကျင့်ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ တပ်ဖွဲ့ဝင်များ၏ သက်သာချောင်ချိရေး၊ နေရေးထိုင်ရေးနှင့် ဝတ်စားဆင်ယင်မှုများနှင့်ပတ်သက်၍ ဖြည့်ဆည်း ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ စည်းကမ်းစနစ်တကျဖြင့် နေထိုင်သွားလာ စားသောက်မှုရှိစေရေး၊ လုံခြုံရေးအသိ၊ လုံခြုံရေးသတိ အမြဲရှိစေရေးအတွက်လည်း ကြပ်မတ်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ လူထုနှင့် ထိတွေ့ဆက်ဆံနေရသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များဖြစ်သဖြင့် ၎င်းတို့၏ သက်သာချောင်ချိရေးဆိုင်ရာကိစ္စရပ်များကို ကြည့်ရှုဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း။
လိုင်စင်မဲ့မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များ စီးနင်းနေမှုများကိုလည်း ဖော်ထုတ်သွားရန် လိုကြောင်း၊ နံပါတ်ပြားများ အတုပြုလုပ်ခြင်း၊ လိုင်စင်များအတုပြုလုပ်ခြင်းများ လုပ်ဆောင်နေမှုများကို တွေ့ရှိရပြီး တာဝန်ရှိသူများအနေဖြင့် ပါဝင်ပတ်သက်နေသူများအားလုံးကို စိစစ်ဖော်ထုတ် အရေးယူဆောင်ရွက်သွားရန်လိုကြောင်း၊ ထိုသို့စီးနင်းနေမှုများကြောင့် နိုင်ငံတော် အနေဖြင့် အခွန်အခ များစွာနစ်နာမှု ရှိမည်ဖြစ်သကဲ့သို့ လုံခြုံရေးဆိုင်ရာကိစ္စရပ်များတွင်လည်း အခက်အခဲများ ဖြစ်ပေါ်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ အလိုက်တွင် လိုင်စင်မဲ့မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များ စီးနင်းမှုမရှိစေရေး ကြပ်မတ်ဆောင် ရွက်သွားရန် လိုကြောင်း။
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသရှိ တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ရန်ဖြစ်ပြီး သက်ဆိုင်ရာပြည်နယ်၊ ဦးစီးအဖွဲ့များနှင့် ပေါင်းစပ် ဆောင်ရွက်ရန်လိုကြောင်း၊ တိုင်းရင်းသားဒေသများအနေဖြင့် ဖွံ့ဖြိုးတိုးတက်မှုမြန်ဆန်စေရေး ပညာရေးကို အားပေးမြှင့်တင်ရမည်ဖြစ်သဖြင့် နိုင်ငံတော်အနေဖြင့် ခေတ်အဆက်ဆက် အားပေးဆောင်ရွက်ခဲ့ကြကြောင်း၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ဒီဂရီကောလိပ်များကိုလည်း သီးခြားအနေဖြင့် ဖွင့်လှစ်ပေးထားပြီး ဘွဲ့ရရှိသူများအနေဖြင့် မိမိတို့ဒေသ၏ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးမွေးမြူရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး တို့တွင် ပြန်လည်ထမ်းဆောင်နိုင်ရမည်ဖြစ်ကြောင်း၊ နယ်စပ်ဒေသများ၌ စည်းစနစ်ကျသည့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဦးဆောင်၍ လက်တွေ့ကျသည့်ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများကို ဖော်ဆောင်ပေးရန်လိုကြောင်း၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ဘွဲ့ရများအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်၊ နိုင်ငံတော်အဆင့်တာဝန်များကို ထမ်းဆောင်၍ နိုင်ငံတော်ကို အကျိုးပြုနိုင်ရမည်ဖြစ်ကြောင်း။
အားကစားနှင့် လူငယ်ရေးရာကဏ္ဍနှင့်ပတ်သက်၍ အားကစားသည်နိုင်ငံတော်ကို ချစ်သည့်စိတ်နှင့် စည်းလုံးညီညွတ်မှုကိုဖြစ်ပေါ်စေပြီး အားကစားမြှင့်တင်ခြင်းသည် နိုင်ငံတော်၏ဂုဏ်ကို မြှင့်တင်ခြင်းပင်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အားကစားပြိုင်ပွဲများကို မြို့ကြီးများတွင် သာမက လုပ်ဆောင်၍ရနိုင်သည့်နေရာများ၌ လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံး၌ မီတာ ၄၀၀ ပြေးလမ်းနှင့် အထူးတန်းပွဲကြည့်စင်ပါရှိသည့် အားကစားကွင်း ရှိရမည်ဖြစ်ကြောင်း၊ Indoor Game အားကစားများ ဆောင်ရွက်နိုင်သည့် မိုးလုံလေလုံအားကစားရုံနှင့် ရေကူးကန်များလည်း ရှိရမည်ဖြစ်ကြောင်း၊ အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ရာတွင် အဆင့်မီသည့် ပြိုင်ပွဲများဖြစ်ရန်လိုသကဲ့သို့ အားကစားသမားများသည် အားကစားစိတ်ဓာတ်အပြည့်ဖြင့် ယှဉ်ပြိုင်ကစားကြရန် လိုကြောင်း၊ အားကစားမြှင့်တင်ရာတွင် အခြေခံအဆောက်အအုံနှင့် အထောက်အကူပြု ပစ္စည်းများ ဖြည့်ဆည်းပေးရမည်ဖြစ်သကဲ့သို့ အရည်အချင်းပြည့်ဝသည့် နည်းပြများကိုလည်း စနစ်တကျဖြင့် ခန့်အပ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အားကစားသမားများ ရွေးချယ်ရာ၌လည်း စနစ်တကျဖြင့် စိစစ်ရွေးချယ်သွားရန်လိုအပ်မည်ဖြစ်ကြောင်း၊ လူငယ် လူရွယ်များကို အခြေခံပညာ ကျောင်းများကတည်းကပင် စနစ်တကျစိစစ်မွေးထုတ် သွားရန်လိုကြောင်း၊ လူငယ်များသည် နိုင်ငံတော်၏ အနာဂတ်ကို ဖန်တီးကြမည်ဖြစ်သဖြင့် စိတ်ဓာတ် စည်းကမ်းကောင်းပြီး စာပေပညာ၊ အတတ်ပညာ ပြည့်စုံသည့် လူငယ်များကို မွေးထုတ်ပေးခြင်းသည် တိုင်းပြည်၏ အနာဂတ်ကို တည်ဆောက်နေခြင်းပင် ဖြစ်ကြောင်း။
မတ် ၂၈ ရက်တွင်ဖြစ်ပေါ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများနှင့်ပတ်သက်၍လည်း မိမိတို့အနေဖြင့် သင်ခန်းစာရရှိခဲ့ပြီးဖြစ်ကြောင်း၊ ထိခိုက်ပျက်စီးခဲ့ရမှုများနှင့်ပတ်သက်၍ ဆုံးရှုံးမှု ပမာဏအလိုက်တွက်ချက်၍ ထောက်ပံ့မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း၊ အမှန်တကယ် နစ်နာသူများထံသို့ရောက်ရှိစေရေး တာဝန်ရှိသူများက ကြပ်ကြပ်မတ်မတ်ဖြင့် စိစစ်ထုတ်ပေးသွားရန် လိုကြောင်း၊ ပြည်ပနိုင်ငံများမှ လက်ခံရရှိသည့် ကူညီကယ်ဆယ်ရေးပစ္စည်းများကိုလည်း လိုအပ်နေသူများထံသို့ အမြန်ဆုံးရောက်ရှိနိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ ဖြစ်ပေါ် ကြုံတွေ့ခဲ့ရသည့် ဆုံးရှုံးမှုတို့ကို သင်ခန်းစာယူ၍ နောင်တွင် အဆောက်အအုံများ ဆောက်လုပ်ရာ၌ သတ်မှတ်စံချိန်စံညွှန်းများပြည့်မီအောင် ဆောင်ရွက်သွားရန်နှင့် အနာဂတ်ကိုမျှော်တွေး၍ တည်တံ့ ခိုင်မြဲအောင် ဆောင်ရွက်သွားရန်လိုကြောင်း၊ တာဝန်ရှိသူများအနေဖြင့် စနစ်တကျ စိစစ်ပြီးမှသာ ခွင့်ပြုပေးသွားရန်လိုကြောင်း၊ လမ်း၊ တံတားများ တည်ဆောက်မှုနှင့်ပတ်သက်၍လည်း သတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိသည်ကို တွေ့မြင်ရကြောင်း၊ အင်ဂျင်နီယာရှုထောင့်မှ ရှုမြင်၍ ဘေးအန္တရာယ် ကင်းရှင်းစေရေး၊ ရေရှည်တည်တံ့ခိုင်မြဲစေရေး စနစ်တကျဖြင့် တည်ဆောက်သွားကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ ကားလမ်းများလမ်းဘေးဝဲယာ၌ စိမ်းလန်း စိုပြည်မှု ရှိစေရေးနှင့် သဘာဝပတ်ဝန်းကျင်ကို အထောက်အကူဖြစ်စေရေးအတွက် သစ်ပင်စိုက်ပျိုး ခြင်းများကို သတ်မှတ်အကွာအဝေးများအလိုက်၊ အပင်အတန်းအခြားအလိုက် စိုက်ပျိုးသွားရန်လိုအပ်မည် ဖြစ်ကြောင်း၊ ကားလမ်းဘေးများအပြင် ရထားလမ်းဘေးများ၌လည်း သတ်မှတ်ချက်များနှင့်အညီ သစ်ပင်များ စိုက်ပျိုးသွားမည်ဆိုပါက ခရီးသွားပြည်သူများအတွက် မျက်စိပသာဒဖြစ်စေနိုင်မည့်အပြင် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်မှုကိုလည်း ဖြစ်ပေါ်စေနိုင်မည်ဖြစ်ကြောင်းနှင့် အခြားလိုအပ် သည်များကို ဖြည့်စွက်ဆွေးနွေးပြောကြားသည်။ ထို့နောက်လမ်းမကြီးများကို စံချိန်စံညွှန်းများနှင့်အညီ ဖောက်လုပ်ရေး၊ စနစ်တကျတွက်ချက်၍ အရိပ်ရပင်များစိုက်ပျိုးရေးအတွက် စံပြုပုံစံ Video Clip ကို ပြသသည်။
ထို့နောက် တက်ရောက်လာကြသူများက အထွေထွေဆွေးနွေးတင်ပြရာတွင် ကောင်စီတွဲဖက် အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက နိုင်ငံတော်အနေဖြင့် ပညာရေးမြှင့်တင်မှုလုပ်ငန်းများ ဆောင်ရွက်နေချိန်တွင် အကြမ်းဖက်အဖျက်သမားများအနေဖြင့် အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိသဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပြန်လည်ဖြေဆိုရမည့် ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းအပ်နှံရေး ရက်သတ္တပတ်အတွင်း လာရောက်အပ်နှံကြမည့် ကျောင်းသား၊ ကျောင်းသူများ၊ မိဘပြည်သူများ ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် အထူးအလေးထား ဆောင်ရွက်သွားကြရန် လိုအပ်မှု၊ ဘာသာ သာသနာ ညှိုးနွမ်းစေမည့်အပြုအမူများနှင့် မျိုးချစ် စိတ်ဓာတ် ရှင်သန်ထက်မြက်ရေးဆိုင်ရာများအပေါ် ထိခိုက်ပျက်စီးစေမည့် အပြုအမူများအပေါ် နိုင်ငံတော်အနေဖြင့် အရေးယူဆောင်ရွက်လျက်ရှိမှု၊ ယခုနှစ်ဆန်းပိုင်းကာလအတွင်း မူးယစ်ဆေးဝါးနှင့် လက်နက်၊ ခဲယမ်းများ ဖမ်းဆီးရမိမှုများရှိခဲ့ပြီး စစ်ဆေးရေးဂိတ်များအနေဖြင့် စစ်ဆေးမှုများကို စနစ်တကျ ဆက်လက်ဆောင်ရွက်သွားရန်နှင့် ယာဉ်ကြောပိတ်ဆို့မှုနှင့် ကုန်စည်စီးဆင်းမှုများကိုလည်း ထိခိုက်မှုမရှိအောင် ဆောင်ရွက်သွားရန်လိုအပ်မှုနှင့် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးဆိုင်ရာများနှင့် ပတ်သက်၍ တင်ပြဆွေးနွေးရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးမှာကြားသည်။
ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ဆွေးနွေး ပြောကြားရာတွင် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတစ်ရပ်ကို ယခုနှစ်လကုန်ပိုင်းတွင် ကျင်းပ ပြုလုပ်သွားမည်ဖြစ်သဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် ရွေးကောက်ပွဲ အောင်မြင်မှုရှိစေရေး လိုအပ်သည်များ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိရန် လိုကြောင်း၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များအလိုက် ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များကို ပြည့်စုံစွာဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း၊ လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုံခြုံရေးနှင့်တည်ငြိမ်အေးချမ်းရေးသည် အဓိကကျ ခြင်းကြောင့် ရွေးကောက်ပွဲ ဆောင်ရွက်၍ ရနိုင်သည့်နေရာများအားလုံး၌ တည်ငြိမ်အေးချမ်းမှုရှိအောင် ဆောင်ရွက်သွားရန်လိုကြောင်း။
ရွေးကောက်ပွဲကျင်းပပြီးစီးချိန်၌ အနိုင်ရရှိသည့် ပါတီအား အာဏာလွှဲပြောင်းပေးအပ်ချိန်၌ စနစ် တကျဖြင့် လွှဲပြောင်းပေးအပ်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန်လိုကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံ့အရေးကိုဆောင်ရွက်ခြင်းဖြစ်သဖြင့် မိမိတို့အစိုးရအဖွဲ့ တာဝန်ယူဆောင်ရွက်ချိန်မှစ၍ အာဏာရပါတီအား လွှဲပြောင်းချိန်အထိ ပြည်သူများအထင်အမြင်လွဲမှားမှုမရှိစေရေး မိမိတို့ ကိုယ်တိုင်နှင့် မိမိတို့လက်အောက် ဝန်ထမ်းများအား စနစ်တကျ ဆောင်ရွက်စေရေး ကြပ်မတ် ဆောင်ရွက်သွားရန်လိုကြောင်း။
အကြောင်းအမျိုးမျိုးကြောင့် ခေတ္တနေရပ်စွန့်ခွာ နေရသူများအနေဖြင့်လည်း တည်ငြိမ်အေးချမ်းသည့် အချိန်တွင် မိမိတို့နေရပ်သို့ ပြန်လည်နေထိုင်နိုင်ရေး တာဝန်ရှိသူများအနေဖြင့်လည်း ဆောင်ရွက်ပေးရ မည်ဖြစ်ကြောင်း၊ လုံခြုံရေးနှင့်ပတ်သက်၍ မိမိတို့နိုင်ငံ၏ အရှေ့ဘက်နယ်စပ်ဒေသတွင် ဖြစ်ပေါ် ခဲ့သည့် တရားမဝင်လောင်းကစားမှုများ၊ အွန်လိုင်းငွေကြေး လိမ်လည်မှုများ၊ တရားမဝင် လူကုန် ကူးမှုများနှင့် အကြမ်းဖက်မှုများကိုလည်း မိမိတို့အနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့်ပူးပေါင်း၍ ဖြေရှင်း ဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါတရားမဝင်လုပ်ငန်းများနှင့် အကြမ်းဖက်မှုများမှ ဖမ်းဆီးရမိသည့် အိမ်နီးချင်းနိုင်ငံများနှင့် အခြားနိုင်ငံစုံမှ ဖမ်းဆီးရမိသူများကိုလည်း ပြန်လည် လွှဲပြောင်းပေးလျက် ရှိကြောင်း၊ နယ်မြေဒေသအလိုက် အဆိုပါ တရားမဝင်လုပ်ငန်းများ လုပ်ဆောင်မှု မရှိစေရေး သတင်း ရရှိပါက အချိန်နှင့် တစ်ပြေးညီ အရေးယူ ဆောင်ရွက်သွားရန်လိုကြောင်း။
စီးပွားရေးဆိုင်ရာများနှင့်ပတ်သက်၍ နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို ထိခိုက်စေသည့် နယ်စပ်ဒေသ များမှ တရားမဝင်ကုန်သွယ်မှုများ မရှိစေရေးအတွက်လည်း ဒေသအလိုက် ဖိဖိစီးစီး ကြပ်မတ်ဆောင်ရွက် သွားကြရန်လိုကြောင်း၊ တရားမဝင် ကုန်သွယ်မှုနှင့်ပတ်သက်၍ မှန်ကန်သည့် သတင်းပေးတိုင်ကြားမှု များရရှိစေရေး နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ထိုသို့ တရားမဝင်ကုန်သွယ်မှုများအား သတင်းပေးတိုင်ကြားမှုများကြောင့် ယနေ့အထိ အမှုတွဲပေါင်း ၄၀၀၀ ကျော် ဖမ်းဆီးရမိခဲ့ပြီး သတင်းပေးတိုင်ကြားသည့် တာဝန်သိပြည်သူများကိုလည်း ထိုက်တန်သည့် ချီးမြှင့်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း။
နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူဖြစ်စေရေး၊ ပြည်တွင်းကုန်ထုတ် လုပ်ငန်းများ ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းရှိစေရေး၊ စိုက်ပျိုးရေးစွမ်းအား၊ ကုန်ထုတ်စွမ်းအားနှင့် ကုန်သွယ်မှုကူးသန်းရောင်းဝယ်မှုများ တိုးတက်ကောင်းမွန်စေရေး၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး လုပ်ငန်းများအား သက်ဆိုင်ရာအစိုးရများနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများအနေဖြင့် အမျိုးသားရေး တာဝန်အဖြစ်ခံယူ၍ ဟန်ချက်ညီညီဖြင့် ဆက်လက်ပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်လိုကြောင်း။
နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက အကောက်အကူပြုနိုင်သည့် အင်အားများမှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများဖြစ် ကြောင်း၊ ယနေ့အချိန်အထိ တစ်နိုင်ငံလုံးအတိုင်း အတာအနေဖြင့် MSME လုပ်ငန်းပေါင်း ၈ သောင်း ကျော်ရှိပြီး ၄၃၀၀ ကျော်အား SME Member ကတ် များထုတ်ပေးပြီးဖြစ်ကြောင်း၊ အဆိုပါ MSME လုပ်ငန်းများတွင် လုပ်သားဦးရေ ၄၆၄၀၀၀ ကျော် လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် MSME လုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ မန္တလေးငလျင်ကြီးကြောင့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ နေပြည်တော်ကောင်စီ နယ်မြေနှင့် ရှမ်းပြည်နယ်တို့၌ MSME လုပ်ငန်းများ ထိခိုက်မှုရှိခဲ့ကြောင်း၊ အဆိုပါထိခိုက်မှုဖြစ်ပေါ်ခဲ့သည့် MSME လုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်ရေး မိမိ တို့အနေဖြင့် လိုအပ်သည်များ ကူညီဆောင်ရွက်ပေး လျက်ရှိကြောင်း။
မကြာမီကာလအတွင်း ကျောင်းဖွင့်ရာသီသို့ ရောက်ရှိတော့မည်ဖြစ်ပြီး အခြေခံပညာကျောင်းများ နှင့် အဆင့်မြင့် ပညာကျောင်းများ ပြန်လည်ဖွင့်လှစ် တော့မည်ဖြစ်ကြောင်း၊ မေလ ၂၂ ရက်နေ့မှစတင်၍ ကျောင်းအပ်နှံရေး ရက်သတ္တပတ်စတင်တော့မည် ဖြစ်ကြောင်း၊ ထို့ကြောင့် ဒေသအလိုက်ရှိ ကျောင်းသား၊ ကျောင်းသူများအားလုံး ကျောင်းတက်ရောက်၍ ပညာသင်ကြားနိုင်ရေးနှင့် တန်းစဉ် ကူးပြောင်းမှုများ လျော့နည်းမှုမရှိစေရေး တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် တာဝန်ရှိသူများအနေဖြင့် စနစ်တကျကြပ်မတ်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မကြာမီ မိုးရာသီသို့ ရောက်ရှိတော့မည်ဖြစ်ပြီး ရေကြီးရေလျှံမှု အပါအဝင် သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်မှုများ အနည်းဆုံးဖြစ်စေရေး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားကြရန်လိုကြောင်း၊ အလားတူ မိုးရာသီသစ်ပင်စိုက်ပျိုးမှုများကိုလည်း တစ်ပင်စိုက် တစ်ပင်ရှင်စနစ်ဖြင့် ရှင်သန်ဖြစ်ထွန်းအောင်မြင် အောင် ဆောင်ရွက်သွားရန်လိုကြောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ရွေးကောက်ပွဲပြီးဆုံးချိန်တွင် အနိုင်ရသည့်ပါတီအား မိမိတို့အနေဖြင့် နိုင်ငံတော်၏ တာဝန်များကို ပြန်လည်အပ်နှင်းပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့အစိုးရတာဝန် ထမ်းဆောင်ခဲ့သည့် အချိန်မှစ၍ တာဝန်များ ပြန်လည်လွှဲပြောင်းပေးသည်အထိ ဆောင်ရွက်ခဲ့မှုမှတ်တမ်းများကို စနစ်တကျဖြင့် ပြုစုထိန်းသိမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် သမိုင်း မှတ်တမ်းများနှင့် ပတ်သက်ပါကပြုစုခြင်း၊ ထိန်းသိမ်းခြင်းတို့တွင် အားနည်းမှုများရှိခဲ့သည်ကို သမိုင်းကြောင်းအချက်အလက်များအရ တွေ့ရှိရကြောင်း၊ ထို့ကြောင့် မိမိတို့အစိုးရအဖွဲ့အနေဖြင့် လုပ်ဆောင်ခဲ့သည်များ၊ ဆောင်ရွက်ခဲ့သည်များ၊ ပြောဆိုခဲ့သည်များကို စနစ်တကျဖြင့် မှတ်တမ်းပြုစု ဆောင်ရွက်သွားရန်လိုကြောင်း၊ ဆောင်ရွက်ရန်ကျန်ရှိသည့် လုပ်ငန်းရပ်များကို စနစ်တကျ မှတ်တမ်းပြုစုထားခြင်းဖြင့် လုပ်ဆောင်ရန်ကျန်ရှိသည်များကို ပြီးပြတ်အောင် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ Check ၊ Recheck၊ Counter Check ဖြင့် ဆောင်ရွက်ပါက ကောင်းမွန်သည့် အရွေ့တစ်ခုကိုလည်း ရရှိစေနိုင်မည်ဖြစ်ကြောင်း။
ရှေ့ဆက်လက်ဆောင်ရွက်ရန်လိုအပ်သည်များကို မှာကြားနိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ခြင်းဖြစ်ပြီး တက်ရောက်လာကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ပြည်ထောင်စုဝန်ကြီးများအနေဖြင့် မိမိတို့၏ တင်ပြချက်များသည် အချက်အလက်များ မှန်ကန်မှုရှိရန်နှင့် မြေပြင်အချက်အလက်များနှင့် ကိုက်ညီမှု ရှိရန်လိုကြောင်း၊ အချက်အလက်များ မှန်ကန်မှုရှိမှသာလျှင် နောင်တွင်ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းရပ်များအတွက် မှန်ကန်သည့်ဆုံးဖြတ်ချက်များကို ချမှတ်နိုင်မည်ဖြစ်ကြောင်း။
စိုက်ပျိုးရေးလုပ်ငန်းများတွင် ပန်းတိုင်ရည်မှန်းချက်များ ပြည့်မီရေးအတွက် လိုအပ်သည့် သွင်းအား စုများကို မှန်မှန်ကန်ကန်ဖြည့်သွင်းပေးနိုင်ရန် လိုအပ်မည်ဖြစ်ပြီး စိုက်နည်းစနစ်များလည်း မှန်ကန်မှု ရှိရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးကို အခြေခံသည့် မွေးမြူရေးလုပ်ငန်းများကိုလည်း အောင်မြင်စွာဆောင် ရွက်နိုင်သည့်အခြေခံကောင်းများကို ပိုင်ဆိုင်ထားရှိပြီးဖြစ်ကြောင်း၊ ကမ္ဘာပေါ်တွင် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များဖြင့် ဖွံ့ဖြိုးတိုးတက်နေသည့်နိုင်ငံ များစွာရှိကြောင်း၊ ဥပမာအားဖြင့် ကမ္ဘာ့စတုတ္ထ စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံသည် ကမ္ဘာ့ဆန်တင်ပို့မှု အများဆုံးနိုင်ငံဖြစ်ကြောင်း၊ ဘရာဇီးနိုင်ငံသည် ပဲပုပ်တင်ပို့မှု များပြားကြောင်း၊ ယင်းနိုင်ငံများ၏ လုပ်ဆောင်မှုများ၊ အောင်မြင်မှုများကို အတုယူ၍ ဆောင်ရွက်မည်ဆိုပါက မိမိတို့အနေဖြင့်လည်း ဖွံ့ဖြိုးတိုးတက်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် အမှန်တကယ် အလုပ်မလုပ်၍သာ အောင်မြင်မှု မရရှိခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးရေးကို အခြေခံသည့် AgroBase Industry ကို သွားနိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ပြီး ဥပမာအားဖြင့် ဝါစိုက်ပျိုးမှု ကို အောင်မြင်အောင်ဆောင်ရွက်ပြီး ဝါကိုအခြေခံ သည့် စက်မှုလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်နိုင်ကြောင်း၊ ဝါမှချည်ထည်၊ ၎င်းမှ ပိတ်စ အထည်အလိပ်လုပ်ငန်းစဉ်တစ်ခုလုံး ဆောင်ရွက်၍ရကြောင်း။
အလားတူ ဝါးကိုအခြေခံသည့် စက်မှုလုပ်ငန်းများကိုလည်း ဆောင်ရွက်၍ရနိုင်ကြောင်း၊ ဝါးပျော့ဖတ် ထုတ်လုပ်ခြင်းမှစ၍ ဝါးကြိတ်သားဖြင့် ပြုလုပ်ထားသည့် အသုံးအဆောင်ပစ္စည်းများ၊ စားသောက်ကုန် များ စသည်ဖြင့် များစွာပြုလုပ်၍ရနိုင်ကြောင်း၊ မိမိတို့နိုင်ငံတွင် ဝါးအရင်းအမြစ်များစွာရှိပြီးဖြစ် သဖြင့် ဆောင်ရွက်သွားကြရန်လိုကြောင်း။
နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်ရှိ မြို့ကြီးများကို Green City၊ Clean City ၊ Smart City ဖြစ်စေရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ မိုးရာသီ ကာလသို့ ရောက်ရှိတော့မည်ဖြစ်သဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများပြုလုပ်၍ ဆောင်ရွက်ကြရာတွင် တစ်ပင်စိုက် တစ်ပင်ရှင်အောင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ ပြည်ထောင်စုဝန်ကြီးများအနေဖြင့် မိမိတို့တာဝန်ယူထားသည့် ဝန်ကြီးဌာနအလိုက်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဖွံ့ဖြိုးတိုးတက်မှုရှိစေရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း ပြောကြားပြီး အစည်းအဝေးကို ညနေပိုင်းတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်