လူငယ်နှင့် စာပေအနုပညာ     

ရဿဝတီမေနန်း

ယနေ့လူငယ်များသည် အနာဂတ်တိုင်းပြည်၏ မျိုးဆက်သစ်ကလေးများဖြစ်ရာ အမိနိုင်ငံတော်အတွက် အရေးပါလှသော အဖိုးတန် လူ့အရင်းအမြစ်ကလေးများပင် ဖြစ်ပါသည်။ မိမိတို့နိုင်ငံတော် အဘက်ဘက်က ဖွံ့ဖြိုးတိုးတက်လာစေရန် လူငယ်များသည် အဓိကအားဖြင့် စာပေတွင် မွေ့လျော်သင့်ပါသည်။

“စာအုပ်စာပေ လူ့မိတ်ဆွေ” ဆိုသည့်စကား အတိုင်း လူငယ်ကလေးများသည် စာအုပ်စာပေကို ချစ်မြတ်နိုးစွာ ဖတ်ရှုလေ့လာသင့်ပေသည်။ စာအုပ် စာပေများထဲမှ အကျိုးရှိသော အနှစ်သာရများကို ကောက်နုတ်မှတ်သားပြီး မိမိအတွက်၊ တိုင်းပြည် အတွက် အသုံးချသင့်ပေသည်။ ယနေ့ခေတ်သည် IT နည်းပညာ ထွန်းကားသောခေတ်ဖြစ်သည်နှင့် အညီ     လက်ကိုင်ဖုန်းနှင့်သော်လည်းကောင်း၊ ကွန်ပျူတာဖြင့်လည်းကောင်း မိမိတို့ သိလိုသော အကြောင်းအရာများကို  E -book ဖြင့် လေ့လာဖတ်ရှု သင်ယူနိုင်ပေသည်။  စာအုပ်စာပေမှ   လူငယ်တို့    တိုးတက်ရေးနည်းလမ်းကောင်းများ၊    အတွေး အမြင်သစ်များ ရရှိလာမည်ဖြစ်ပေသည်။
“ယနေ့လူငယ်   နောင်ဝယ်လူကြီး”  ဆိုသည့် စကားနှင့်အညီ အမိနိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး တွင်  ပါဝင်ဆောင်ရွက်နိုင်သောလူကြီးများ ပေါ်ထွန်း လာရေးသည်   ငယ်စဉ် အခြေခံကျောင်းသားဘဝ ကပင် စတင်ရပေမည်။ ကျောင်းချိန်သည် ပုံမှန်အား ဖြင့် ငါးရက်တစ်ပတ်လျှင် တစ်ချိန်အတွက် ၄၅ မိနစ် ဖြင့် စာသင်ချိန်စုစုပေါင်း ၃၅ ချိန်   ရှိရပေသည်။ ထိုအချိန်များအနက်  ကာယပညာချိန်၊  ဖွံ့ဖြိုးရေး ချိန်၊ စာကြည့်တိုက်ချိန်နှင့် (ရသ) ချိန် နှစ်ချိန်ဟူ၍ ထားရှိသင့်ကြောင်း အကြံပြုတင်ပြလိုပါသည်။
“ရသ” စာသင်ချိန်
လူငယ်စာပေနှင့်ပတ်သက်၍ “ရသ” စာသင်ချိန် ကို အဓိကထားပြီး တင်ပြလိုပါသည်။ ရသဘာသာ တွင်  စာပေ၊ ဂီတ၊ ပန်းချီ၊ အိမ်တွင်းမှု၊ စက်မှုဘာသာ ဟူ၍  ခွဲခြားထားပါသည်။   ဆရာအတတ်သင် ကောလိပ် (TTC) များတွင် အခန်းများ သီးသန့်ဖွဲ့ထား နိုင်သော်လည်း ကျောင်းများတွင် ယင်းသို့ သီးသန့် ခန်း မရှိနိုင်။ သို့ဖြစ်၍ ဤအချိန်မျိုးတွင် တစ်ကျောင်း လုံးလှုပ်ရှားရသည်ဖြစ်၍   ကျောင်းသားအနည်း အများပေါ်မူတည်ပြီး စာပေခန်း၊ ပန်းချီခန်း၊ ဂီတ ခန်း စသည်ဖြင့်  အခန်းများခွဲ၍ သင်ကြားစေနိုင် သည်။ 
စာပေခန်းကို အထူးပြင်ဆင်စရာမလို။ စာကြည့် တိုက်ခန်း၌  သင်ကြားနိုင်သည်။   ကျောင်းသား လူငယ်လေးများအား  စာစီစာကုံး၊  ဝတ္ထု၊  ကဗျာ၊ ဆောင်းပါး   စသည်တို့ကို   ရေးသားနည်းများ မသင်ကြားမီ  စာကြည့်တိုက်အတွင်းရှိ မိမိဝါသနာ ပါရာ   စာအုပ်တစ်အုပ်စီကို  ရှာဖွေဖတ်ရှုစေရပါ မည်။ ဖတ်ပြီးလျှင် စာကြည့်ခန်း  အတွင်း၌ဖြစ်စေ၊ အိမ်စာဖြစ်စေ “မိမိ ဖတ်ထားသော စာအုပ်မှရရှိသော ဗဟုသုတနှင့် သင်ခန်းစာ” ဟု  ခေါင်းစဉ်ပေးပြီး စီကုံးရေးခိုင်းပါက ကလေးများစာဖတ်လိုစိတ်နှင့် စာဖတ်စွမ်းရည်၊  အရေးစွမ်းရည်များ   တိုးတက် လာပေမည်။ ကျောင်းသားလူငယ်၊  လူကြီးမရွေး စာဖတ်ခြင်းသည် ဗဟုသုတရရှိသည့်အပြင် အတွေး အခေါ် ကောင်းမွန်လာခြင်း၊ ဦးနှောက်ဆဲလ်စွမ်းရည် ရှင်သန်လာခြင်းများ ဖြစ်ပေါ်စေပါသည်။ စာဖတ်သူ သည် စာမဖတ်သူထက် အတွေးအခေါ် မြင့်မားပါ သည်။ သို့ပါ၍ စာပေခန်း၌ ကျောင်းသားကလေးများ အား စာရေးနည်း၊ ကဗျာစပ်နည်း၊ ဝတ္ထု၊ ဆောင်းပါး ရေးနည်းများကို  သင်ကြားပေးပြီး   ကျောင်းတွင်း စာပေပြိုင်ပွဲများ  ကျင်းပပေးသင့်ပါသည်။  အပြော စွမ်းရည်တိုးတက်အောင်   ကျပန်းစကားပြိုင်ပွဲ၊ စကားရည်လုပွဲများကိုလည်း   အလျဉ်းသင့်သလို ကျင်းပပေးရပေမည်။
ကလေးလူငယ် စာပေပွဲတော်များ
နိုင်ငံတော်က   ကြီးမှူးကျင်းပသော   ကလေး လူငယ် စာပေပွဲတော်များကိုလည်း ကျောင်းသား ကျောင်းသူများအား သွားရောက်ပြသလေ့လာစေရပါ မည်။ ဤပွဲကြီးများ၌ ရေးသားထားသော စာပေ၊ ဗဟုသုတများကို     ဖတ်မှတ်လေ့လာစေခြင်းဖြင့် အသိပညာ၊ အတတ်ပညာများ  တိုးပွားလာပေမည်။ ကျောင်းတွင် ရသပန်းချီပညာသည်လည်း မရှိမဖြစ် လိုအပ်ပေသည်။ ပန်းချီချိန်တွင်   ကလေးများအား ပန်းချီဆွဲသားနည်း အဆင့်ဆင့်ဖြစ်သော မျဉ်းဖြောင့်၊ မျဉ်းကွေး၊ မျဉ်းကောက်မှ အစပြု၍ ပန်းချီအခြေခံ ဆွဲသားနည်းကို ခဲတံဖြင့် စတင်ရေးဆွဲစေရပေမည်။ ပြီးလျှင်  ရောင်စုံခဲတံဖြင့်  ဆွဲစေခြင်း၊ ဖယောင်း ရောင်စုံဖြင့်  ဆွဲသားစေခြင်း   ပြုလုပ်ရပေမည်။ နောက်ဆုံးအဆင့်အနေနှင့် ရေဆေးပန်းချီ (water colour)ဖြင့် ရေးဆွဲနည်းကို အဆင့်ဆင့် သင်ကြား ရပေမည်။  ကျောင်းသားလူငယ်များအား   ပန်းချီ ပြိုင်ပွဲများကို ကျင်းပပေးရပေမည်။ သို့မှသာ ပန်းချီ လက်ရာ တက်လာပေမည်။ ကျောင်းအဆင့်ပြိုင်ပွဲမှ တစ်ဆင့် မြို့နယ်အဆင့်၊ ပြည်နယ်/တိုင်းအဆင့်၊ နိုင်ငံ တော်အဆင့်ပြိုင်ပွဲများကျင်းပပေးခြင်းဖြင့် ထူးချွန် သော လူငယ်ပန်းချီဆရာလေးများ ဖြစ်လာပေမည်။
ကျောင်းတွင်းနံရံကပ်စာစောင်
ဆရာဆရာမများဦးဆောင်၍   ကျောင်းတွင်း စာပေသင်တန်းသားများနှင့် ပန်းချီသင်တန်းသား များ ပူးပေါင်းကာ  ကျောင်းတွင်းနံရံကပ်စာစောင် ဖြစ်လာစေရန် ဖန်တီးပေးကြရပေမည်။ ယခုခေတ် တွင် IT နည်းပညာများ  ထွန်းကားနေသော်လည်း ကျောင်းတွင်း နံရံကပ်စာစောင်ကိုမူ ကျောင်းသား လူငယ်လေးများ၏ လက်ရာစစ်စစ်ဖြင့် ဖန်တီးစေ သင့်သည်။ လူငယ်စာပေပွဲတော်သို့ သွားဖူးသူကလေး များက ဤနေရာ၌ အရေးအသား တစ်ပန်းသာနေ သည်ကို တွေ့ရပေမည်။ ပန်းချီဆွဲမည့် ကလေးများ ကို ဆရာက လမ်းညွှန်၍  စာမူနှင့်ပတ်သက်သော ရုပ်ပုံပန်းချီပုံအသေးကို ရေးဆွဲစေရပါမည်။ တစ်ခါ တစ်ရံ  စာရွက်ကြီးပေါ်တွင်   ချဆွဲမခိုင်းဘဲ   သူတို့ ဆွဲထားသောပုံကို    ဖြတ်ညှပ်ကပ်ခိုင်းရပေမည်။ မကပ်မီကတည်းက ဆရာများက  စာမူ၏ စာလုံး ပေါင်းသတ်ပုံများကို  သေချာစွာ စစ်ဆေးပြင်ဆင် ရပေမည်။  ကျောင်းတွင်းစာပေအဖွဲ့နှင့် ပန်းချီအဖွဲ့ တို့ ပူးပေါင်းတင်ဆက်သည့် နံရံကပ်စာစောင်ရေးဆွဲ ပြီးဖြစ်ပါ၍ ကျောင်းအုပ်ကြီးက ဦးဆောင်ဖွင့်လှစ် နိုင်ပြီဖြစ်သည်။   ကျောင်းသားများ၏   လက်နှင့် ရေးဆွဲ အားထုတ်ထားသော နံရံကပ်စာစောင်ဖြစ်၍ သူငယ်ချင်းများ အားပေးရာမှ စာရေးသူတို့ ရင်ဝယ် ပီတိဖြစ်ကြရပေသည်။ နံရံကပ်စာစောင်မှ အစပြု ၍စာရေးလိုသောစိတ်များ တဖွားဖွားပေါ်ပေါက်လာ ပေပြီ။ ဤကလေးများ၏ စာပေချစ်မြတ်နိုးသည့်စိတ် ကို နှိုးဆွပေးလိုက်ခြင်းပင်ဖြစ်ပေသည်။
မူရင်းလက်ရေးဖြင့်   ရေးသောစာမူဖြစ်သော် လည်း ပန်းချီရောင်စုံနှင့် မွမ်းမံလိုက်သောအခါ လှပသောနံရံကပ်စာစောင်ဖြစ်ခဲ့ရပေကာ စာမူ၏ မူရင်း ကို နံရံကပ်ဖော်ပြခွင့်ရသဖြင့် ဝမ်းသာကြည်နူးမဆုံး ဖြစ်ခဲ့ရသည်။ စာမူရှင်ကျောင်းသားလေး၏ သူငယ် ချင်းများကလည်း  အားကျအတုယူပြီး   စာပေ လိုက်စားလာနိုင်ပါသည်။   ရှေးရိုးနည်းဖြစ်သော် လည်း ကလေးများအား ဤနည်းလမ်းဖြင့် ဆွဲဆောင် ခြင်းသည် စာပေဖွံ့ဖြိုးလာရေး နည်းလမ်းကောင်း တစ်ရပ်ပင်ဖြစ်ပေသည်။ ကျောင်းနံရံကပ်စာစောင် ကို သန္ဓေတည်၍ မျိုးဆက်သစ်လူငယ် စာရေးဆရာ များ ထွန်းကားလာနိုင်ပေသည်။
စာဖတ်ရန် ဆွေးနွေးဟောပြော
ကျောင်းတွင်   စာဖတ်ချိန်ကို    စာကြည့်ခန်း သွားချိန်သာမကပဲ      နံနက်   ကျောင်းမတက်မီ  ၄၅ မိနစ်နှင့် နေ့လယ်ထမင်းစားချိန်ကိုပါ စာကြည့် တိုက်တာဝန်ကျ Duty  ဆရာ   ဆရာမများအား ခွဲဝေစောင့်ကြပ်စေပြီး ဖွင့်ပေးသင့်ပါသည်။ ကလေး များအား                                စည်းကမ်းရှိစွာ   စာဖတ်ကြရန်နှင့်    ကျောင်း စာကြည့်တိုက်အတွင်း အစာမစားရန်၊ စကားတိုးတိုး ပြောရန် ဆိုင်းဘုတ်ကလေးများ ချိတ်ဆွဲထားရပေ မည်။ “ စာဖတ်ခြင်းသည်   မိမိအတွက်သာမက တိုင်းပြည်တိုးတက်ဖို့ အခြေခံဖြစ်ကြောင်း”၊ “နိုင်ငံ ရပ်ခြားတွင်ကလေးများ၊ လူငယ်၊  လူကြီးများပါ မကျန် စာဖတ်ကြသဖြင့် တိုင်းပြည်တိုးတက်ကြောင်း” ကို ဆရာ  ဆရာမများက  ကျောင်းသားများအား ဆွေးနွေးဟောပြောထားရပေမည်။ သူတို့နိုင်ငံတွင် ထိုင်မနေဘဲ အားလျှင်  စာဖတ်ကြောင်း၊   ရထား စောင့်လျက်သော်လည်းကောင်း၊   ဘတ်စ်ကား စီးရင်းသော်လည်းကောင်း၊ လူတိုင်း၏ လက်ထဲ၌ စာအုပ်ကိုယ်စီဖတ်၍ နေကြကြောင်း။
ဤအခြင်းအရာကြောင့် သူတို့နိုင်ငံ  တိုးတက် ကြောင်း၊ စာဖတ်ခြင်းဖြင့် ဗဟုသုတရသည့်အပြင် အဆိုးအကောင်း၊ အကျိုးအကြောင်း စုံလင်စွာသိရှိ ရ၍ ရှောင်သင့် ဆောင်သင့်သည်များကို ရှောင်နိုင် ‌ဆောင်နိုင်ကြောင်း ဆရာများက မိမိတို့၏တပည့်များ ကို နားလည်အောင် ရှင်းလင်းပြသထားရပေမည်။
အခြားရသပညာများ
ကျောင်းသားလူငယ်များအား  စာပေနှင့်ပန်းချီ တို့တွင် စိတ်အာရုံကို နှစ်မြှုပ်စေခြင်းသည် အာရုံကို အခြားတစ်ပါးမသွား‌စေဘဲ   စိတ်အာရုံလွင့်ပျံခြင်း အလျဉ်းမရှိ။ စိတ်ကြည်နူးမှု  ရရှိစေသည်။ ကျောင်း တွင်း   နံရံကပ်စာစောင်ကိုလည်း   တစ်နှစ်လျှင် အနည်းဆုံး  နှစ်ကြိမ်ခန့်   ပြုလုပ်ပေးသင့်သည်။ တစ်ဖန်  အခြားရသပညာများဖြစ်သော   ဂီတ၊ အိမ်တွင်းမှု၊ စက်မှုပညာတို့တွင်လည်း (ဆို၊ က၊ ရေး၊ တီး) ပညာနှင့်   (အချုပ်အလုပ်ချက်ပြုတ်   ဇာထိုး ပန်းထိုးပညာ) တို့ကိုလည်းကောင်း၊ စက်မှု၊ လက်မှု ပညာတို့ကိုလည်းကောင်း၊ လျှပ်စစ်သွယ်တန်းနည်း နှင့် IT နည်းပညာဖြင့် ကွန်ပျူတာအသုံးပြုပုံများကို ကျောင်းများတွင် ပညာစုံ၊ ရသစုံ သင်ကြားပေးရပေ မည်။  သို့မှသာ    ဘက်စုံဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်နိုင်မည့် အခြေခံပညာ များကို ရရှိသွားမည် ဖြစ်ပေသည်။
ယခုကဲ့သို့ “လူငယ် စာပေ အနုပညာပြပွဲ” ၌ ကျောင်းသား ကျောင်းသူများ သင်ကြားထားသော ရသပညာများကို  အစွမ်းကုန်၊ ပညာကုန် ထုတ်သုံး နိုင်ပြီ ဖြစ်သည်။ ဥပမာအားဖြင့်  -  လူငယ်စာပေ ဖွင့်ပွဲအခမ်းအနားတွင် (၁) ကျောင်းပေါင်းစုံ အတီး၊ အမှုတ်၊ အက၊ အခုန်ဖြင့် အလှည့်ကျ ကြိုဆိုတီးမှုတ် ဧည့်ခံကပြခြင်း၊ (၂) ကျောင်းသားလူငယ်လေးများ၏ လက်ရာဖြစ်သော  နံရံကပ်စာစောင်များ၊ ပန်းချီကား များ ချိတ်ဆွဲပြသထားခြင်း၊ (၃) ကျောင်းပေါင်းစုံ ကျောင်းသူလေးများ၏လက်ရာ   ဇာထိုးပန်းထိုး လက်ကိုင်ပဝါ၊ မီးဖိုချောင်သုံး ရင်ပတ်ကာ အဝတ်၊ ‌ခေါင်းအုံးစွပ်များ၊ ချည်ထည်လက်သုတ်ပဝါ ပန်းထိုး လေးများကိုလည်းကောင်း ကျောင်းအိမ်တွင်းမှုအဖွဲ့ က ရောင်းချခြင်းဖြင့် ကျောင်းရန်ပုံငွေ   ရှာနိုင်ပေ သည်။ ထို့ပြင်   ကျောင်းပေါင်းစုံ   အစားအစာ ရောင်းချပွဲကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချစေ ပါက ကျောင်းရန်ပုံငွေလည်းရ၊ နိုင်ငံတော်အစိုးရ ကလည်း ကျွေးမွေးဧည့်ခံကုန်ကျစရိတ်  သက်သာ ပေမည်။  ထို့ကြောင့်   လူငယ်စာပေပွဲတော်သည် လူငယ်များ  တစ်ဦးနှင့်တစ်ဦး၊   ကျောင်းပေါင်းစုံ ကျောင်းသားများလည်း တွေ့ဆုံခွင့်၊ ချစ်ကြည်ရင်းနှီး ခွင့်ရသည့်ပွဲလည်း ဖြစ်ပေသည်။ ဤကဲ့သို့ လူငယ် စာပေပွဲတော်ကို နှစ်စဉ်ကျင်းပပေးခြင်းဖြင့် လူငယ် များအတွက် စာပေဗဟုသုတများ  တိုးပွားနိုင်သည့် အပြင်  အနာဂတ်နိုင်ငံတော်ကြီးအတွက်    စာပေ လမ်းစများ ပွင့်လန်းလာပြီဖြစ်၍ အမိနိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်တော့မည်မှာ မလွဲဧကန်ပင်ဖြစ်ပေ တော့သည်။ လူငယ်မောင်မယ်လေးများ စာပေဗဟု သုတ၊ စာပေအသိ၊ စာပေချစ်မြတ်နိုးစိတ်များ တိုးပွား နိုင်ကြပါစေကြောင်း  ဤဆောင်းပါးဖြင့်   တင်ပြ လိုက်ရပေသည်။      ။