“လူငယ်နှင့်ဖြောင့်မတ်တည်ကြည်မှု” လူငယ်စကားဝိုင်း ကျင်းပ

တောင်ကြီး ဇွန် ၂၈

 

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနအောက်ရှိ အစိုးရ နည်းပညာ အထက်တန်းကျောင်း(တောင်ကြီး)တို့ ပူးပေါင်း၍ “လူငယ်နှင့် ဖြောင့်မတ်တည်ကြည်မှု” လူငယ်စကားဝိုင်း ကို ယနေ့ နံနက် ၁၀ နာရီတွင် အစိုးရနည်းပညာ အထက်တန်းကျောင်း(တောင်ကြီး) အစည်းအဝေးခန်းမ၌ ကျင်းပရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးမောင်မောင်တင့်၊ ပြည်နယ်  တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ကော်မရှင်ရုံးမှတာဝန်ရှိပုဂ္ဂိုလ်များ၊ အစိုးရနည်းပညာ အထက်တန်းကျောင်းမှ ဒုတိယကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ကျောင်းသား ကျောင်းသူ တက်ရောက်ခဲ့ကြသည်။

 

ဦးစွာ ကော်မရှင်အဖွဲ့ဝင် ဦးမောင်မောင်တင့်က အဂတိလိုက်စားမှုသည် လူငယ်များ၏ ပညာသင်ကြားခွင့်၊ အလုပ်အကိုင်ရရှိမှု အခွင့်အလမ်းများကို ပိတ်ပင်ပြီး ဘဝအောင်မြင်မှုအထိ နှောက်ယှက်ဖျက်ဆီးနိုင် သည့်အပြင် လူငယ်များ၏ အရည်အသွေး၊ စွမ်းဆောင်ရည်နှင့် တက်ကြွမှုများကိုပါ နှောင့်နှေးသွားစေနိုင် သည့်အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် လူငယ်များ ပါဝင်ကြရမည်ဖြစ်ကြောင်း၊ အဂတိလိုက်စားမှုများကို တိုက်ဖျက်ရန် ဖြောင့်မတ်တည်ကြည်မှုကို ဦးစွာတည်ဆောက်ရမည်ဖြစ်ကြောင်း၊ ဖြောင့်မတ်တည်ကြည်မှုရှိသည့် ယဉ်ကျေးမှုတစ်ရပ်ဖြစ်ပေါ်လာစေရန် လူငယ်များ၏ ပညာရေးကဏ္ဍ ဖြစ်သည့် စာသင်ကျောင်းများမှ စတင်ရမည်ဖြစ်ကြောင်း၊ ကျောင်းသား လူငယ်များအနေဖြင့် မိမိတို့ နေထိုင်ရာ လူမှုပတ်ဝန်းကျင်နေ့စဉ်ဘဝတွင် အကောင်းအဆိုး၊ အကြောင်းအကျိုးကို ဝေဖန်ပိုင်းခြားပြီး ဖြောင့်မတ်တည်ကြည် မှုကို ကိုယ်ပိုင်အသိတရားဖြင့် လက်တွေ့ ကျင့်သုံးကြရန်လိုကြောင်း ပြောကြားသည်။

 

ဆက်လက်၍ “လူငယ်နှင့်ဖြောင့်မတ်တည်ကြည်မှု” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပပြီး အစိုးရနည်းပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်း ကြရာ ဆွေးနွေးသူများအဖြစ် ပါဝင်ဆောင်ရွက်ကြသည့် ကျောင်းသား၊ ကျောင်းသူများက ပြန်လည် ဖြေကြားကြပြီး အစိုးရနည်းပညာအထက်တန်းကျောင် ဒုတိယကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင် စကားပြောကြား၍ အမှတ်တရလက်ဆောင်များ အပြန်အလှန်ပေးအပ်ကာ အခမ်းအနားကို ရုပ်သိမ်း လိုက်ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)