လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားကျင်းပ

ပျဉ်းမနား        ဇွန်       ၂၈

 

နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီက ကျင်းပပြုလုပ်သည့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့ အမှတ်-၂ အခြေခံပညာ အထက်တန်းကျောင်း၌ကျင်းပရာ နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ လူငယ်ရေးရာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီဝင်များ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက် ကြသည်။

 

ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက နိုင်ငံတော်အနေဖြင့် အရည်အချင်းပြည့်ဝ သည့် လူငယ်များဖြစ်ရန် ကျောင်းနေအရွယ်အားလုံး Grade-9 အထိ အခမဲ့ပညာသင်ကြား နိုင်အောင် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် လူငယ်များသိသင့်သိထိုက်သည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို သိရှိနားလည်စေရန်၊ လူငယ်နှင့် ပတ်သက်သည့် ကျင့်ဝတ်များ၊ စည်းကမ်းများကို သိရှိစေရန်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများက ဟောပြော ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အသိပညာ အတတ်ပညာကြွယ်ဝ ပြည့်စုံပြီး အကျင့်စာရိတ္တကောင်းမွန်သည့် လူတော်လူကောင်းများဖြစ်အောင် ကျင့်ကြံနေထိုင်ကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် နေပြည်တော် အမှတ်()ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူးရုံးမှ ရဲအုပ်မင်းထွေးက ယာဉ်စည်းကမ်း၊ လမ်းစည်း ကမ်းနှင့် မော်တော်ဆိုင်ကယ်စီးနင်းမှုဆိုင်ရာ စည်းကမ်းများကိုလည်းကောင်း၊ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန လူငယ်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစည်သူထွန်းက လူငယ်ရေးရာ အသိပညာပေး အကြောင်းအရာများကိုလည်းကောင်း ဟောပြောဆွေးနွေးကြရာ တက်ရောက်လာသည့် ကျောင်းသား ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းကြသည်။

 

ယင်းနောက် နေပြည်တော် လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဦးခင်မောင်သိန်းက ကလေးသူငယ်ဥပဒေ အကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက အမှတ်-၂ အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးထံ အားကစား ပစ္စည်းများပေးအပ်ကာ လူငယ်ရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ဉာဏ်စမ်းပဟေဠိ ဖြေဆိုနိုင်ကြသည့် ကျောင်းသား ကျောင်းသူ များကို ဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ကြသည်။

 

အခမ်းအနားအပြီးတွင် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများသည် ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များ၊ အသိပညာပေးနံရံကပ်စာစောင်များနှင့် ကျောင်းစာကြည့်တိုက်အတွင်း ပြသထာသည့် စာအုပ်စာစောင်များကို ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)