လူညွန့်တုံး၊ လူမျိုးတုံးစေတတ်သော မူးယစ်နွယ်ဝင်မှန်သမျှကို ရှောင်ရှားနိုင်ကြပါစေ


ပေါက်ပေါက်
ဇွန်လ ၂၆ ရက်နေ့သည် “အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ - International Day Against Drug Abuse and Illicit Trafficking” ဖြစ်သည်။ ဇွန်လ ၂၆ ရက်နေ့ကို သတ်မှတ်ရသည့် သမိုင်းကြောင်းရှိပါသည်။ တရုတ်ပြည်တွင် ပထမဘိန်းစစ်ပွဲဖြစ်ခါနီး ၁၈၃၉ ခုနှစ်မှာ ဥရောပတိုက်သားများဖြစ်ကြသော ပေါ်တူဂီ၊ စပိန်နှင့် ဒတ်ချ်ကုန်သည်များက တရုတ်ပြည်ကို ဘိန်းများရောင်းချရန်အတွက် ဂွမ်ဒုန်းပြည်နယ် ဟူမင်းမြို့သို့ ရောက်လာကြသည်။ ထိုအခါ ဖူးကျန့်ပြည်နယ်အုပ်ချုပ်ရေးမှူး Li Zexu ဆိုသူက ဇွန်လ ၂၆ ရက်နေ့တွင် ဟူမင်းသို့ အချိန်မီသွားရောက်ပြီး ဥရောပဘိန်းကုန်သည်များ သယ်ယူလာသည့်ဘိန်းများကို သိမ်းဆည်းမီးရှို့ဖျက်ဆီးသည်။ ထိုသို့ဘိန်းများမီးရှို့ဖျက်ဆီးခဲ့သော ဇွန်လ ၂၆ ရက်နေ့ကို နှောင်းလူတို့ အမြဲအောက်မေ့သတိရကြစေရန်ရည်ရွယ်၍ သြစတြီးယားနိုင်ငံ ဗီယင်နာမြို့တွင် ၁၉၈၇ ခုနှစ် ဇွန်လအတွင်း ကျင်းပခဲ့သည့် ကုလသမဂ္ဂအထွေထွေညီလာခံက ဇွန်လ ၂၆ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အဖြစ် အထူးတလည် သတ်မှတ်ပေးခဲ့ခြင်းဖြစ်ပါသည်။
မူးယစ်ဆေးဝါး
မူးယစ်ဆေးဝါးဆိုသည်မှာ လူသားများ၏ ဆင်ခြင်တုံတရားများ၊ ကာယအား၊ ဉာဏအား၊ လူ့စွမ်းအားအရင်း အမြစ်အားလုံးကို အန္တရာယ်အပေးနိုင်ဆုံး ပစ္စည်းဖြစ်သည်။ တစ်နည်းဆိုသော် လူ့ဘဝတိုးတက်မှု အရာမှန်သမျှကို အောက်ဆုံးအထိ နိမ့်ကျစေအောင် အန္တရာယ်ပေးနိုင်သည့် ပစ္စည်းကို မူးယစ်ဆေးဝါးဟုခေါ်ပါသည်။ ထို့ကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးတွင် မူးယစ်ဆေးဝါးမသုံးစွဲ ကြရေး ဥပဒေအသီးသီးပြဋ္ဌာန်းပြီး အရေးယူလျက်ရှိသည်။ မြန်မာနိုင်ငံတွင်လည်း ၁၉၇၆ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့က ဥပဒေသစ်ပြဋ္ဌာန်းပြီး စီမံချက် သုံးရပ်ချမှတ်ခဲ့သည်။ ယင်းစီမံချက်ပါ အကြောင်းအရာများမှာ (၁) ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုပပျောက်ရေး၊ (၂) မူးယစ်ဆေးဝါးသုံးစွဲမှု ပပျောက်ရေးနှင့် (၃) မူးယစ် ဆေးဝါးရောင်းဝယ်မှု ပပျောက်ရေးတို့ဖြစ်ကြပြီး စီမံချက်များနှင့်အညီ နိုင်ငံ တော်က အရှိန်အဟုန်မြှင့် ဆောင်ရွက်နေ ပါသည်။
နှစ်စဉ် ဇွန်လ ၂၆ ရက်နေ့ရောက်တိုင်း မြန်မာပြည်၌ တစ်နှစ်တာအတွင်း ဖမ်းဆီးရမိသော ဘိန်းဖြူ၊ စိတ်ကြွရူးသွပ် ဆေးပြား၊ အိုက်စ်၊ ဆေးခြောက်စသည့် မူးယစ်ဆေးဝါးများနှင့်အတူ ၎င်းမူးယစ်ဆေးဝါးများ ထုတ်လုပ်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းအမျိုးပေါင်း ၅၀ ကျော်တို့ကိုလည်း နိုင်ငံတော်က နိုင်ငံခြား သံရုံးများကိုပါ ဖိတ်ကြားပြီး အခမ်းအနားဖြင့် မီးရှို့ဖျက်ဆီးလေ့ရှိသည်။ သို့သော် ခေတ်အဆက်ဆက် ယနေ့အထိတိုင် နေ့စဉ်ထုတ်သတင်းစာများ၊ တီဗွီရုပ်သံလိုင်းများတွင် မူးယစ်ဆေးဝါး၊ စိတ်ကြွဆေးပြားသုံးစွဲမှု၊ ရောင်းဝယ်မှုများကို ဖမ်းဆီးရမိနေဆဲဖြစ်ပါသည်။
ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ မဖြစ်ပွားခင် ၂၀၁၉ ခုနှစ်ထုတ်ပြန်ချက် သတင်းများအရ ကမ္ဘာ့လူဦးရေ သန်းပေါင်း ၂၀၀ ကျော်သည် မူးယစ်ဆေး သုံးစွဲလျက်ရှိကြောင်း ကြောက်ခမန်း လိလိသိရသည်။ အနာဂတ်ကမ္ဘာအတွက် ရင်လေးစရာဖြစ်ပါသည်။ မူးယစ်ဆေးဝါးဆိုသည်မှာ တစ်ကြိမ်သုံးမိရုံမျှဖြင့် စွဲလမ်းသွားကာ ဖြတ်တောက်ရန် လွန်စွာခက်ခဲသည်။ အိမ်တစ်အိမ် သို့မဟုတ် မိသားစုတစ်စုမှာ မူးယစ်ဆေးစွဲသူတစ်ဦးရှိနေလျှင် တစ်မိသားစုလုံး စိတ်ဆင်းရဲရသည့်အပြင် စီးပွားရေးနာလန်မထူနိုင် တော့ဘဲ ချွတ်ခြုံကျကြရသည်။ ဖော်ပြပါ ၂၀၁၉ နောက်ပိုင်းမှစ၍ ယခု ၂၀၂၄ ခုနှစ် ကာလများအတွင်း မူးယစ်ဆေးသုံးစွဲနှုန်းကို စစ်တမ်းကောက်ယူကြည့်မည်ဆိုပါက ဆေးစွဲလူဦးရေ သန်းပေါင်း အဆမတန် တိုးပွားနေလောက်ပြီဖြစ်ကြောင်း ပညာရှင်များက ခန့်မှန်းထားကြသည်။
ဘိန်းဖြူ
ဘိန်းဖြူသည် မူးယစ်ဆေးဝါးအားလုံးထဲတွင် အပြင်းထန်ဆုံးနှင့် ကြောက်စရာ အကောင်းဆုံးဖြစ်သည်။ အက်စစ် ၁၄ မျိုးပါဝင်နေပြီး လူ့ခန္ဓာကိုယ်၏ အမာဆုံးအစိတ်အပိုင်းဖြစ်သော အရိုးများကိုပင် အမှုန့်ဖြစ်စေသည်။ မြန်မာနိုင်ငံတွင် မည်သည့်အချိန်ကစပြီး မူးယစ်ဆေးဝါးရှိနေကြောင်း လေ့လာကြည့်ရာ ဘိုးတော်ဘုရားဗဒုံမင်းလက်ထက် (၁၇၈၂-၁၈၁၉)တွင် တိုင်းတစ်ပါးကုန်သည်များက သင်္ဘောဖြင့် ကုန်ကူးရာမှစပြီး မြန်မာနိုင်ငံအတွင်းသို့ မူးယစ်စေတတ်သောအရာများ ရောက်ရှိလာခဲ့သည်။ “ဘိန်း၊ ဘင်း၊ ကစော်၊ လှော်စာ၊ အရက် လူကိုဖျက် အရှက်ရမည်ကြောက်” ဆိုသည့် ယစ်မျိုးဥပဒေတွေထုတ်ပြီး မသုံးစွဲ၊ မသောက်စားကြရန် တားမြစ်ခဲ့သည်။ ယင်းကာလမှာ မူးယစ်များကို တွင်တွင်ကျယ်ကျယ် မသုံးစွဲကြသေးပေ။
၁၈၆၂ ခုနှစ်တွင် အင်္ဂလိပ်တို့က မြန်မာနိုင်ငံကို နယ်ချဲ့လာကြသည်။ လူငယ်များကို ပစ်မှတ်ထားပြီး ဘိန်းကျွေးသည်။ တရားဝင်ဘိန်းသုံးစွဲခွင့် မှတ်ပုံတင်များ ထုတ်ပေးသည်။ ဘိန်းရှူခန်းများစွာကိုလည်း တရားဝင်ဖွင့်ပေးသည်။ နယ်ချဲ့တို့၏ ရည်ရွယ်ချက်မှာ နိုင်ငံ့အနာဂတ် လူငယ်များပျက်စီးစေရန်၊ လူငယ်များ မျိုးချစ်စိတ်ဓာတ် ပျက်ပြားစေရန်၊ လူမျိုးတုံးစေရန်၊ မြန်မာနိုင်ငံကို အလွယ်တကူ သိမ်းပိုက်နိုင်ရန်တို့အတွက် ပရိယာယ်သုံးပြီး ဘိန်းကျွေးခြင်းဖြစ်သည်။ ထို့ပြင် ငွေအရင်းအနှီးထုတ်ပေးပြီး ဘိန်းပင်များ စိုက်စေသည်။ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် ဘိန်းပင်များ စိုက်ခိုင်းပြီးနောက် ထွက်ရှိသောဘိန်းများကို ပြည်ပသို့ပို့ပြီး ဖြန့်ဖြူးရောင်းချသည်။ နယ်ချဲ့တို့က ဤနည်းဖြင့် မြန်မာနိုင်ငံကို ကုပ်သွေးစုပ်ခဲ့ကြသည်။ နိုင်ငံရေး၊ လူမျိုးရေးသာမက စီးပွားရေးအမြတ်ထုတ်ခဲ့ကြသည်။
မူးယစ်ဆေး၏ သဘောသဘာဝသည် ပစ္စည်းပမာဏနည်းနည်းဖြင့် အမြတ်များများရသော ရောင်းကုန်တစ်မျိုး ဖြစ်သည်။ သို့ကြောင့်ပင် မိစ္ဆာအာဇီဝဖြင့် စီးပွားရှာသူများက လက်မလွှတ်နိုင်ကြဘဲ တရားမဝင်နည်းလမ်းအမျိုးမျိုးဖြင့် ရောင်းဝယ်နေကြဆဲဖြစ်သည်။ ယင်းအကျိုးဆက်အဖြစ် ယနေ့ကမ္ဘာတွင် စိတ်ကိုပြောင်းလဲစေတတ်သော မူးယစ်ဆေးဝါးအမျိုးမျိုး မပျောက်ကွယ်နိုင်ဘဲ ဖြစ်နေပါသည်။ ဆေးပညာရှုထောင့်အရ ဘိန်းမှတစ်ဆင့် ဥပမာ “မော်ဖင်း” ကို ဆေးအဖြစ် ထုတ်လုပ်သုံးစွဲပါသည်။ ဥပမာ စစ်မြေပြင်တွင် သေနတ် သို့မဟုတ် ဗုံးဆန်ထိသောအခါ လူနာကို ခံစားရသက်သာစေပြီး မှိန်းနေစေရန်အတွက် မော်ဖင်းထိုးသွင်းပေးရသည်။ တချို့ကင်ဆာရောဂါ နောက်ဆုံးအဆင့်လူနာမှာလည်း လိုအပ်လျှင် မော်ဖင်းထိုးနှံပေး ရပါသည်။ ထို့ကြောင့် ကမ္ဘာ့လူသားများ ရှိနေသမျှ ကာလပတ်လုံး ဆေးဝါးကုထုံးအရ အသုံးချရန်အတွက် မူးယစ်က ရှိနေရမည်ဖြစ်ပေသည်။ သို့သော် အလွဲသုံးနေကြပြီး မူးယစ်ဆေးဝါးများသုံးစွဲမှု၊ ရောင်းချမှုတို့ဖြင့် မူးယစ်သံသရာဖြစ်နေရာ နိုင်ငံအသီးသီးက ဥပဒေများပြဋ္ဌာန်းပြီး ထိန်းချုပ်နေရခြင်း ဖြစ်ပါသည်။
စိတ်ကြွရူးသွပ်ဆေးပြား
ဂျပန်နိုင်ငံတွင် ဒုတိယကမ္ဘာစစ်တွင်း ကာလကမက်အက်ဖီတမင်း ဆေးအမှုန့်တစ်မျိုးကို Dr. Nagayoshi Nagai ဆိုသူက ဖော်ထုတ်တွေ့ရှိခဲ့သည်။ ရည်ရွယ်ချက်က ပန်းနာရင်ကျပ်ပျောက်ဆေး၊ အဝလွန်တိုက်ဖျက်ဆေး၊ စိတ်ကျရောဂါပျောက်ဆေး၊ ဝမ်းကိုက်ပျောက်ဆေး၊ ဝက်ရူးပျံကာကွယ်ဆေးစသည့် ဆေးဝါးများဖော်စပ်ရာတွင် ထည့်သုံးရန်ဖြစ်သည်။ နောက်ပိုင်းတွင် အမှုန့်ကို WY အမ်ဖက်တမင်းဆေးလုံး သို့မဟုတ် ဆေးပြားများအဖြစ် ဖော်စပ်လာကြပြီး စိတ်ကျရောဂါသည်များ သို့မဟုတ် စိတ်ဝေဒနာသည်တချို့ကို စိတ်ဖိစီးမှုပြေပျောက်ရန် စိတ်ကိုမြှင့်တင်သည့်အနေဖြင့် တရားဝင်ဆေးတိုက်ကျွေးသည်။ သို့သော် လိုအပ်သည့်ပမာဏ ထက် ပိုမကျွေးသင့်ပေ။ မလိုအပ်ဘဲ လုံးဝ(လုံးဝ) မကျွေးရ။ Over dose ဖြစ်သွား ပါက စိတ်ကြွဆေးပြား မဟုတ်တော့ဘဲ “စိတ်ကြွရူးသွပ်ဆေးပြား” ဖြစ်သွားသည်။ ၎င်းဆေးထဲတွင် Sluphuric Acid, Nitric Acid များလည်းပါရှိနေကြသည်။ ယနေ့မြန်မာနိုင်ငံတွင် အထူးသဖြင့် လူငယ်၊ လူရွယ်များ အကြောင်းအမျိုးမျိုးကြောင့် တလွဲသုံးမိကြပြီး ဆေးစွဲလာကြသည်။ စိတ်ကြွဆေးပြားအမျိုးမျိုး ရှိသည်။ မီးရှို့ပြီး အနံ့ရှူကြသည်။ ဆေးပြားသောက်ကြသည်။ ခန္ဓာကိုယ်ထဲ ဆေးထိုးသွင်းကြသည်။
တစ်ကြိမ်သုံးမိရုံဖြင့် စိတ်မခိုင်သူများမှာ ဆေးစွဲသွားကြသည်။ ဆေးစွဲအဆင့်မှာ အမြင်အကြား ဝေဝါးသွားပြီးမဟုတ်ကို အဟုတ်ထင်၊ မရှိကို အရှိထင်ပြီး ရူးသွပ်ချောက်ချားမှုဖြစ်ပေါ်လာသည်။ ထိုအခါ ပင်ကိုအသိစိတ်များကွယ်ပျောက်သွားပြီး မိမိကိုယ်ကို အသက်အန္တရာယ်ပြုနိုင်သလို အတူနေ မိသားစုနှင့် ပတ်ဝန်းကျင်ကိုလည်း အသက်အန္တရာယ်ပေးနိုင်သည်။ ၎င်းပစ္စည်းက ဘိန်းဖြူလောက်မရှားပါး၊ ဈေးလည်းမကြီးဘဲ လမ်းဘေးကွမ်းယာဆိုင်တချို့တွင် အလွယ်တကူ ဝယ်ယူရနိုင်သည်။
ရှောင်ရှားနိုင်သော နည်းလမ်းကောင်းများ
“မူးယစ်အစ ဆေးလိပ်က” ဖြစ်၍ ဆေးလိပ်၊ ဆေးရွက်ကြီးအမျိုးမျိုးနှင့် ကွမ်းယာတို့ကို အစလုပ်ပြီး မသုံးမိကြရန် အထူးအရေးကြီးသည်။ စိတ်ဓာတ်မခိုင် မာသူ၊ စိတ်မနိုင်သူများက မူးယစ်ဆေး များကို သုံးမိတတ်ကြသည်။ မကောင်းမှန်းသိလျက်နှင့် လက်တည့်စမ်းလိုခြင်း၊ မိမိကိုယ်ကိုအထင်ကြီးခြင်း စသည့် တလွဲ ဆံပင်ကောင်းကာ စမ်းသုံးကြည့်မိတတ်သည်။ တချို့ကမူ အကြောင်းအမျိုးမျိုးပြကာ သုံးမိကြသည်။ အရင်းစစ်ကြည့်လျှင် စိတ်မခိုင်ခြင်း၊ စိတ်မနိုင်ခြင်းကြောင့် သုံးစွဲခြင်းသာဖြစ်ပါသည်။
ထို့ကြောင့် မိမိမှစ၍ ဘယ်လိုအကြောင်းကြောင့်မှ တစ်ကြိမ်တစ်ခါမျှ မသုံးဖို့၊ မထိဖို့လိုပါသည်။ ထို့ပြင် ယောက်ျားလေးများ အားကစားတစ်ခုခု ပုံမှန်လုပ်သင့်သည်။ ကျောင်းစာအပြင် အကျိုးပြုပြင်ပစာများကိုလည်း လေ့လာဖတ်ရှုသင့်သည်။ ဝါသနာတူ သူငယ်ချင်းများနှင့် အားကစားလုပ်ခြင်း၊ ရပ်ရွာ အကျိုးအတွက် ပရဟိတလုပ်ခြင်း သို့မဟုတ် ဘာသာရေးကိုလည်း မမေ့ မလျော့လုပ်ခြင်း၊ မြို့နယ်ပြည်သူ့ စာကြည့်တိုက်များတွင် ပိုက်ဆံမပေးရဘဲ စာအုပ်ငှားဖတ်နိုင်ခြင်း စသည်ဖြင့် လုပ်ဆောင်မည်ဆိုပါက မူးယစ်စိတ်ကြွ ဆေးများကို ရှောင်ရှားနိုင်ပါလိမ့်မည်။
မူးယစ်သားကောင်များအတွက် အကြံပြုချက်
လူဆိုသည်မှာ မှားတတ်သည့်အမျိုး ဖြစ်ပါသည်(ဝါ)အမှားမကင်းပေ။ သို့သော် ထိုအမှားကို တစ်သက်တာလုံး ထမ်းပိုးထွေးပိုက်ပြီး သယ်သွားစရာမလို အပ်ပေ။ “မှား၊ မှားမှန်းသိ လူတော်ဖြစ်၏။ မကောင်း၊ မကောင်းမှန်းသိ လူကောင်းဖြစ်၏၊ မကောင်းလျက်ပင်ကောင်းသည် ထင် မကောင်းမြဲမကောင်းမည်ပင်” ဆိုသည့် ဆုံးမစကားအတိုင်း မကောင်းသော အရာမှန်သမျှကို ဖြတ်တောက်ပါ။ မည်သူမျှ မွေးကတည်းက ဆေးမသုံးတတ် ကြပေ။ မည်သည့်ကျောင်း၊ မည်သည့် စာပေများကလည်း ဆေးသုံးစွဲဖို့ သင်ပြရိုး ထုံးစံအလျင်းမရှိပေ။ မိမိအမှားကို မိမိကိုယ်တိုင် ချေဖျက်ရပါမည်။ အမှန်တကယ် ပြတ်ချင်စိတ်လည်းရှိရမည်။ မိဘ၊ အုပ်ထိန်းသူများကလည်း ပြန်လည်ထူထောင်ရေးပိုင်းတွင် အတတ်နိုင်ဆုံး စိတ်ရှည်ရှည်ဖြင့် ကူညီအားပေးဖို့လိုပါသည်။ ကာယယံရှင်ဘက်ကလည်း ကိုယ့်ကိုမိသားစုများ၊ လူအများ ယုံကြည်လာအောင်နေပြနိုင်ရမည်။ အဓိက အချက်မှာ မိမိတိုယ်တိုင်က စိတ်ပြတ် သားဖို့လိုသည်။ လူ့ဘဝရခဲလှပါသည်။ လူ့ဘဝ၊ လူဖြစ်ရတုန်းခဏမှာ မူးယစ်သားကောင်ဖြစ်နေမည်ဆိုပါလျှင် ဘယ်လိုနည်းနှင့်မျှ ကံငါးပါးမလုံတော့ပေ။ တစ်သံသရာလုံး မှောက်တတ်သည်။
မူးယစ်ဆေးဖြတ်ထားပြီးလျှင်လည်း ယခင်ကဆေးသုံးဖော်၊ ဆေးဝယ်ဖူးသူများကို ဝေးဝေးကရှောင်ရပါမည်။ မိမိကိုယ်ကို တကယ်ချစ်ပါ။ မိသားစုကိုချစ်ပါ။ မိမိအတွက်ကြောင့် မိသားစုကို ဝန်ထုပ်ဝန်ပိုးမဖြစ်စေဘဲ မိသားစုအပေါ်တွင် တာဝန်သိစိတ်၊ တာဝန်ယူချင်စိတ်ရှိရန် လိုအပ်ပါသည်။
ထို့ပြင် အရက်သောက်ခြင်း၊ ကွမ်းစားခြင်း၊ ဆေးရွက်ကြီးငုံခြင်း၊ ဆေးလိပ်သောက်သုံးခြင်းကြောင့် နောက်ဆက်တွဲ ဆိုးကျိုးများအဖြစ် ကုသရန်ခက်ခဲသည့် ကင်ဆာရောဂါများ ဖြစ်လာနိုင်ပါသည်။ အထူးသဖြင့် ခံတွင်းကင်ဆာ၊ အစာရေမျိုကင်ဆာ၊ အသည်းကင်ဆာ၊ အဆုတ်ကင်ဆာ၊ ကျောက်ကပ်ကင်ဆာများကို ဖြစ်စေသည်။ ထို့ပြင် ခြေပုပ်လက်ပုပ် ရောဂါ၊ မျက်စိရောဂါ၊ ပန်းသေပန်းညှိုးရောဂါ ဖြစ်တတ်သည်။ ဆေးလိပ်သောက် ၍ ထွက်ရှိလာသော နီကိုတင်းအဆိပ်က ပတ်ဝန်းကျင်ကသူများကို second smoker အဖြစ် ဆေးလိပ်ငွေ့အန္တရာယ် ဖြစ်စေသည်။ ကိုယ်ဝန်ဆောင်ဗိုက်ထဲက သန္ဓေသားအတွက် third smoker အဖြစ် ကိုယ်ဝန်ပျက်ကျခြင်း၊ လမစေ့ဘဲမီးဖွားခြင်း၊ အင်္ဂါမစုံသော ကလေးမွေးခြင်းဖြစ်တတ်သည်။
ထို့ပြင် အီးစီးကရက်ကလည်း ဆေးလိပ်သောက်ခြင်း တစ်မျိုးဖြစ်သည်။ အီးစီးကရက်သောက်၍ ဆေးလိပ်မပြတ် ပေ။ ၎င်းထဲတွင်ပါသော ဂက်စ်အရည်က အခန့်မသင့်လျှင် ပေါက်ကွဲပြီးလူကို ဘေးဖြစ်စေသည်။ ဆေးလိပ်သောက်ခြင်း သည် ပိုက်ဆံကိုမီးရှို့နေခြင်းဖြစ်သည်။ ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်းကြောင့် ကုန်ကျစရိတ်ကို မိသားစုနှင့်အတူ အဆာပြေ ကြက်ဥပြုတ်စားကြမည် ဆိုပါက လွန်စွာအကျိုးရှိပြီး ကျန်းမာရေး အတွက်လည်း အထောက်အကူဖြစ်စေ ပါသည်။
နိဂုံးချုပ်အနေဖြင့် ယခုကာလ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ဖြစ်ပွားနေဆဲမှာ ကွမ်းတံတွေးများကို တွေ့ရာနေရာ ထွေးထုတ်မည်ဆိုပါက အကယ်၍ မိမိမှာ Covid Positive ဖြစ်နေမည်ဆိုလျှင် အခြားသူများကို ကွမ်းတံတွေးကတစ်ဆင့် ရောဂါဖြန့်နေရာရောက်ပါသည်။ သို့ပါ၍ စိတ်ကိုပြောင်းလဲစေတတ်သော၊ လူကိုဘေးဖြစ်စေတတ်သော၊ လူညွန့်တုံးစေတတ်သော၊ လူမျိုးတုံးစေတတ်သော မူးယစ်နွယ်ဝင်မှန်သမျှကို ရှောင်ရှားနိုင်ကြပါစေရန် အကြံပြုရေးသားလိုက်ရပါသည်။ ။