မေယု-မျိုးအောင် (MANA)

 

ကမ္ဘာ့မြစ်ကြီးများသည် ပြီးခဲ့သည့်နှစ်အတွင်း နှစ်ပေါင်း ၃၀ ကျော်ကာလ၌ အခြောက်သွေ့ဆုံးဖြစ်ခဲ့ကာ ရေခဲတောင်ထွတ်နှင့် ရေခဲမြစ်များသည်လည်း နှစ်ပေါင်း ၅ဝ အတွင်း ရေခဲထုအများဆုံးဆုံးရှုံးခဲ့ပြီး ရေကြီးမှုအရေအတွက်လည်း များပြားခဲ့ကြောင်း ကုလသမဂ္ဂ၏ ကမ္ဘာ့မိုးလေဝသအဖွဲ့ကြီး (WMO) က ထုတ်ပြန်သည့် အစီရင်ခံစာတစ်စောင်၌ ဖော်ပြထားသည်။ ကမ္ဘာ့လေထုပူပြင်းလာခြင်းသည် ကမ္ဘာ့ ရေသံသရာစက်ဝန်းကို ပိုပြီးခန့်မှန်းရခက်ခဲလာစေခဲ့ကြောင်းနှင့် ရေအလွန်များပြားခြင်းနှင့် ရေအလွန်နည်းပါးခြင်းပြဿနာများကို ရင်ဆိုင်လာရကြောင်း WMO အတွင်းရေးမှူးချုပ်က ကမ္ဘာ့ရေ အရင်းအမြစ် အခြေအနေ အစီရင်ခံစာထုတ်ပြန်ရာ၌ ပြောကြားခဲ့သည်။ ကမ္ဘာ့မြေမျက်နှာပြင်၏ ၇၀ ရာခိုင်နှုန်းကျော်ကို ရေထုဖြင့် ဖုံးလွှမ်းထားသော်လည်း လူသားများအသုံးပြုနိုင်သော သန့်စင်သည့်ရေပမာဏမှာ ၂ ဒသမ ၅ ရာခိုင်နှုန်းသာရှိသည်။ ကမ္ဘာကြီး၌ ရေအရင်းအမြစ်များ တဖြည်းဖြည်း ယုတ်လျော့လာသည်။ အထူးသဖြင့် ကမ္ဘာ့လူဦးရေတိုးပွားနေခြင်း၊ လူမှုဘဝဖွံ့ဖြိုးလာသဖြင့် ရေသုံးစွဲမှု ပိုမိုများပြားလာခြင်း၊ စီမံခန့်ခွဲမှု အားနည်းသော နိုင်ငံများတွင် ရေပြုန်းတီးမှုများပြားလာခြင်း၊ ရေကိုလိုအပ်သည်ထက် ပိုမိုသုံးစွဲရခြင်းနှင့် ရာသီဥတုပြောင်းလဲမှုကြောင့် ရေသယံဇာတများ ယုတ်လျော့လာခြင်းတို့မှာ ရေအရင်းအမြစ်များ လျော့ပါး လာခြင်း၏ အကြောင်းရင်းခံများဖြစ်သည်။

 

မြေအောက်သဘာဝရေလှောင်ကန်များမှ ရေပမာဏ ၂၁၅၀ ဂီဂါတန် ထုတ်ယူခဲ့

 

ကမ္ဘာတစ်ဝန်းလုံး၌ စိုက်ပျိုးရေနှင့် သောက်ရေ သုံးရေအတွက် မြေအောက်ရေအလွန်အကျွံ ထုတ်ယူမှုကြောင့် ၁၉၉၃ ခုနှစ်နှင့် ၂ဝ၁ဝ ပြည့်နှစ်အကြား ကာလအပိုင်းအခြားတစ်ခုတည်းမှာပင် ကမ္ဘာဂြိုဟ်ဝင်ရိုးသည် အရှေ့ဘက်သို့ ၃၁ လက်မအထိ ပို၍တိမ်းစောင်းသွားခဲ့ရကြောင်း တောင်ကိုရီးယားနိုင်ငံ ဆိုးလ်အမျိုးသားတက္ကသိုလ်မှ သိပ္ပံပညာရှင်များက ပြောကြားခဲ့သည်။ ယင်းကာလအတွင်း လူသားများသည် မြေအောက်သဘာဝရေလှောင်ကန်များမှ ရေပမာဏ ၂၁၅၀ ဂီဂါတန် ထုတ်ယူခဲ့ကြောင်း၊ ယင်းပမာဏကို ကမ္ဘာ့သမုဒ္ဒရာရေပြင်အတွင်း ထည့်သွင်းပါက သမုဒ္ဒရာရေမျက်နှာပြင် သုည ဒသမ ၂၄ လက်မ ပိုမိုမြင့်တက်လာမည်ဖြစ်ကြောင်းနှင့် ကမ္ဘာ့ဝင်ရိုးတိမ်းစောင်းမှုသည် ကမ္ဘာ့ရာသီဥတု ဖြစ်စဉ်များအပေါ် အကျိုးသက်ရောက်မှုရှိလာနိုင်ကြောင်း သိရသည်။ မြေအောက်ရေဆိုသည်မှာ မြေမျက်နှာပြင်အောက် မြေလွှာရှိ သဲ၊ ကျောက်စရစ် အတွင်း၌သော်လည်းကောင်း၊ ကျောက်လွှာကြား များအတွင်း၌သော်လည်းကောင်း စိမ့်ဝင်ခိုအောင်းနေသောရေဖြစ်သည်။ ကမ္ဘာပေါ်ရှိ သန့်စင်သောရေများတွင် မြေအောက်ရေသည် အများဆုံးနှင့် အသန့်စင်ဆုံးဖြစ်သည်။ သန့်စင်သော မြေပေါ်ရေပမာဏ၏ ၃ဝ ရာခိုင်နှုန်းသည် မြေအောက်ရေဖြစ်ကြောင်း သိရသည်။ တစ်နှစ်လျှင် ၈၃ သန်းဝန်းကျင် တိုးပွားနေသည့် ကမ္ဘာ့လူဦးရေ၊ ကျယ်ပြန့်လာသော စနစ်မကျသည့် မြို့ပြဖြစ်ထွန်းမှုများ၊ ရေကိုအလွန်အကျွံသုံးစွဲမှု၊ အလဟဿဖြုန်းတီးမှုများ အပါအဝင် ရာသီဥတုပြောင်းလဲမှု၏ အကျိုးဆက်တို့က ရေချိုအရင်းအမြစ်များကို ပျက်စီးဆုံးရှုံးစေလျက်ရှိသည်။

 

မြန်မာနိုင်ငံသည် မြစ်ချောင်းများ၊ အင်းအိုင်များ၊ သဘာဝရေထွက်များ စသည့်ပုံစံအမျိုးမျိုးဖြင့် ရေချိုအရင်းအမြစ်များ ကြွယ်ဝမှုကြောင့် တစ်ကမ္ဘာလုံး ရေချိုပိုင်ဆိုင်မှု၏ ၁ ဒသမ ၇ ရာခိုင်နှုန်းရှိသည်။ အပူပိုင်းအညာဒေသ မိုးခေါင်ရေရှားသောဒေသအချို့တွင် နွေရာသီကာလ၌ သောက်သုံးရေရရှိမှု အခက်အခဲရှိနေပြီး ဒေသအချို့လည်း သောက်သုံးရေ မလုံလောက်သည့် ပြဿနာများရှိနေသည်။ အကြောင်းအမျိုးမျိုးဖြင့် ရေအရင်းအမြစ်များ ပျက်စီးဆုံးရှုံးလျက်ရှိသည်။ စနစ်မကျသော မြို့ပြတိုးချဲ့မှုနှင့် မြေအောက်ရေကို အတိုင်းအဆမရှိ ထုတ်ယူနေမှုတို့သည် မြေအောက်ရေအရင်းအမြစ်များကို ထိခိုက်လျက်ရှိသည်။ နိုင်ငံအချို့တွင် မြေအောက်ရေ အလွန်အကျွံထုတ်ယူမှုကြောင့် နေရာဒေသအချို့၌ မြေအောက်ရေအောင်းလွှာမှ ရေထွက်နှုန်းကျဆင်းလာသည်။ မြေအောက်ရေ မျက်နှာပြင်နိမ့်ကျမှုများ ဖြစ်ပေါ်လာသည်။ မြေပေါ်မျက်နှာပြင်နိမ့်ကျသွားခြင်း၊ မြေကျွံကျခြင်းများကို ခံစားလာကြရသည်။ မှတ်တမ်းများအရ တရုတ်နိုင်ငံရှိ ဒေသအချို့တွင် ၁၉၇၀ ပြည့်နှစ်မှစ၍ မြေအောက်ရေမျက်နှာပြင် နိမ့်ကျလာခဲ့ရာ ယနေ့ အထိ ပေ ၁ဝဝဝ ခန့်နိမ့်ကျသွားကြောင်း သိရသည်။ အာရှမြို့ကြီးများဖြစ်သော ဂျကာတာ၊ ဗန်ကောက်၊ ဒါကာနှင့် မနီလာမြို့ကြီးများ၏ နေရာအချို့သည်လည်း မြေမျက်နှာပြင်နိမ့်ကျမှုများနှင့် ရင်ဆိုင်နေရ သည်ဟုဆိုသည်။ မြေအောက်ရေကို အထိန်းအကွပ်မရှိ တူးဖော်သုံးစွဲမှုသည် ကမ္ဘာဂြိုဟ်အပေါ် သက်ရောက်မှုရှိလာသကဲ့သို့ မြေနိမ့်ပိုင်း ကမ်းရိုးတန်းဒေသများတွင် နေထိုင်ကြသော အာရှလူဦးရေ ၏ ၅၄ ရာခိုင်နှုန်းကိုလည်း ရိုက်ခတ်လျက်ရှိသည်။

 

ရေဓာတ် ၆၀ ရာခိုင်နှုန်းဖြင့်ဖွဲ့စည်းထား

 

လူ့ခန္ဓာကိုယ်သည် ခန့်မှန်းခြေအားဖြင့် ရေဓာတ် ၆၀ ရာခိုင်နှုန်းဖြင့် ဖွဲ့စည်းထားပြီး မှန်ကန်သော ရေဓာတ်ကို ထိန်းသိမ်းထားရန်မှာ ကျန်းမာရေးအတွက် အရေးအကြီးဆုံးဖြစ်သည်။ ရေသည် ဇီဝကမ္မဖြစ်စဉ်များအတွက် ကြားခံအဖြစ်၊ ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးခြင်း၊ အစာခြေခြင်းကို လွယ်ကူချောမွေ့စေပြီး အာဟာရဓာတ်နှင့် အောက်ဆီဂျင်ကို ဆဲလ်များဆီသို့ ပို့ဆောင်ပေးသည်။ ရေဓာတ်မလုံလောက်ခြင်းကြောင့် လူ့ခန္ဓာကိုယ်သည် ရေဓာတ်ခန်းခြောက်ပြီး လူ့အသက်ကို အန္တရာယ်ပြုနိုင်သည်။ ရေသည် စိုက်ပျိုးမွေးမြူရေးတွင် အဓိကအခန်းကဏ္ဍမှပါဝင်ပြီး လူသားတို့ စားဝတ်နေရေး၏ အခြေခံအုတ်မြစ် ဖြစ်နေပြန်သည်။ ကောက်ပဲသီးနှံများစိုက်ပျိုးရန်၊ လူသားများအတွက် မရှိမဖြစ်လိုအပ်သော ပရိုတင်းဓာတ် အရင်းအမြစ်ဖြစ်သည့် မွေးမြူရေးတိရစ္ဆာန်များ မွေးမြူရန်၊ ငါးနှင့် ပင်လယ်စာများ မွေးမြူရန်အတွက် ရေကိုမှီခိုနေရပြီး ဘီလီယံနှင့်ချီသော လူသားများကို စားရေရိက္ခာ ထောက်ပံ့ပေးလျက်ရှိသည်။ စက်မှုနယ်ပယ်တွင်လည်း ရေသည်ကုန်ကြမ်းနှင့် အအေးခံပစ္စည်းအဖြစ် အဓိကအခန်းကဏ္ဍမှ ပါဝင်သည်။ ထုတ်လုပ်မှုမှ စွမ်းအင်ထုတ်လုပ်ခြင်းအထိ စက်မှုလုပ်ငန်းများသည် လုပ်ငန်းစဉ်အမျိုးမျိုးအတွက် ရေကို အသုံးပြုရသည်။ ရေကန်များ၊ မြစ်များနှင့် သမုဒ္ဒရာများသည် ရေကူးခြင်း၊ လှေစီးခြင်း၊ ငါးဖမ်းခြင်းနှင့် အခြားသော အပန်းဖြေလှုပ်ရှားမှုများစွာအတွက် အခွင့်အလမ်းများပေးသည်။ ထို့ပြင် ဂေဟစနစ်များ၊ ရေချိုရေစပ်မြေများမှ အဏ္ဏဝါသန္တာကျောက်တန်းများအထိ ၎င်းတို့၏ ရှင်သန်မှုအတွက် ရေအပေါ် မူတည်မှီခိုရသည်။ ကျန်းမာသောရေနေဂေဟစနစ်များသည် ရေကိုသန့်စင်စေပြီး ကာဗွန်ကိုစုဆောင်းကာ မရေမတွက်နိုင်သော မျိုးစိတ်များအတွက် နေထိုင်ရာနေရာများကို ထောက်ပံ့ပေးသည်။ ရေအရင်းအမြစ်များ ကာကွယ်ရေးနှင့် ထိန်းသိမ်းရေး သည် လူသားများ၏ ကျန်းမာရေးအတွက်သာမက ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ကမ္ဘာမြေ၏ ရာသီဥတုတည်ငြိမ်မှုအတွက်လည်း အရေးကြီးသည်။

 

တရားဝင်လုပ်ကိုင်ခွင့်ရ ရေသန့်လုပ်ငန်းပေါင်း ၄၀၀ နီးပါးရှိ

 

သန့်ရှင်းသောသောက်သုံးရေဟူသည် အနည် အမှုန်ကင်းရှင်းခြင်း၊ အရောင်အဆင်း၊ အနံ့အရသာ ကင်းရှင်းခြင်း၊ ကျန်းမာရေးကို ထိခိုက်စေသော ပိုးမွှားများနှင့် ဓာတ်သတ္တုများကင်းရှင်းခြင်း စသောအင်္ဂါရပ်များနှင့် ပြည့်စုံရမည်ဖြစ်သည်။ သန့်စင်သော သောက်သုံးရေများသည် ဗက်တီးရီးယားပမာဏကို နည်းပါးစေခြင်း၊ ပိုမိုကောင်းမွန်သည့် အရသာကိုပေးအပ်ခြင်း၊ ရောဂါဖြစ်နိုင်ခြေကို လျော့ကျစေခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိစေသည်။ လူအများသောက်သုံးနေသော ရေများတွင် သာမန်မျက်စိဖြင့်မမြင်နိုင်သော ရောဂါပိုးများ ပါဝင်နေလေ့ရှိသဖြင့် မသန့်ရှင်းသောသောက်သုံးရေကြောင့် ရောဂါဘယများဖြစ်ပွားနိုင်သည်။ မြန်မာနိုင်ငံတွင် သောက်ရေသန့်ကို သောက်သုံးသည့်အလေ့အထသည် ဈေးကွက်စီးပွားရေးစနစ်သို့ ကူးပြောင်းပြီးနောက်ပိုင်းတွင် သိသိသာသာများပြားလာခဲ့သည်။ နိုင်ငံတစ်ဝန်းတွင် သောက်ရေသန့် ထုတ်လုပ်နေသည့် တရားဝင်လိုင်စင်ရလုပ်ငန်းပေါင်း အများအပြားရှိသည့်အနက် ရန်ကုန်မြို့တော် တစ်ခုတည်းတွင် တရားဝင်လုပ်ကိုင်ခွင့်ရ ရေသန့်လုပ်ငန်းပေါင်း ၄၀၀ နီးပါးရှိကြောင်းသိရသည်။ တရားဝင် မှတ်ပုံတင် ထားခြင်းမရှိသော ရေသန့်လုပ်ငန်းများ ဈေးကွက်အတွင်း နေရာယူလာမှုကြောင့် တရားဝင်လိုင်စင်ရ ရေသန့်လုပ်ငန်းများ ရေရှည်ရပ်တည်ရန် အခက်အခဲရှိလာသည်။

 

ရေသန့်ဈေးကွက်တွင် တရားဝင်ရေသန့် လုပ်ငန်းများမှ ရောင်းချသောဈေးနှုန်းမှာ လီတာ ၂ဝ ရေသန့်ဘူးကြီး တစ်ဘူးလျှင် ကျပ် ၁၃၀ဝ ဝန်းကျင်ဖြစ်သည်။ တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသော ရေသန့်လုပ်ငန်းများမှာ လီတာ ၂၀ ရေသန့်ဘူးကြီးများကို ယင်းပမာဏအောက်လျော့သော ဈေးနှုန်းများဖြင့် ရောင်းချနေသဖြင့် လိုင်စင်ရ ရေသန့်လုပ်ငန်းများ ရပ်တည်ရန်ခက်ခဲလာခြင်းဖြစ်သည်။ လက်ရှိတွင် တရားဝင်ရေသန့် စက်ရုံများအနေဖြင့် အသုံးပြုရသော ကုန်ကြမ်းပစ္စည်းများ ဈေးနှုန်းမြင့်လာခြင်း၊ လျှပ်စစ်မီးမမှန်သဖြင့် လောင်စာဆီဝယ်ယူအသုံးပြုနေရခြင်း၊ လောင်စာဆီရရှိရန် ခက်ခဲလာခြင်း စသည့်အခြေအနေ အရပ်ရပ်တို့ကြောင့် ထုတ်လုပ်မှုစရိတ် မြင့်တက်လာသည်။ အချို့သော ရေသန့်စက်ရုံများမှာ ရပ်နားသွားသည်အထိ ဖြစ်ပေါ်ခဲ့ရကြောင်းသိရသည်။ သောက်ရေသန့်ထုတ်လုပ်မှု လုပ်ငန်းများသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ၏ ခွင့်ပြုချက်ဖြင့်သာ ထုတ်လုပ်ရသည်။

နိုင်ငံတစ်ဝန်းတွင် သောက်ရေသန့်ထုတ်လုပ်နေသည့် လိုင်စင်ရလုပ်ငန်းပေါင်း အများအပြားရှိသော်လည်း အချို့သော ရေသန့်လုပ်ငန်းများသည် ကာလကြာရှည်လာသည်နှင့်အမျှ သတ်မှတ်ထားသော ထုတ်လုပ်မှု နည်းစဉ်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများအပေါ် ချိုးဖောက်လုပ်ဆောင်မှုများရှိလာသည်။ သက်ဆိုင်ရာက စိစစ်နိုင်မှုအားနည်းသဖြင့် တစ်နိုင်တစ်ပိုင် အိမ်တွင်းထုတ် တရားမဝင်သောက်ရေသန့်များကို အလွယ်တကူ ထုတ်လုပ်လာကြသည့် အနေအထားအထိ ဖြစ်ပေါ်လာသည်။

 

သန့်ရှင်းသောသောက်ရေသန့်များ လူတိုင်းသုံးစွဲနိုင်ရေးသည် ကျန်းမာသောဘဝတစ်ခု တည်ဆောက်ရာ၌ မရှိမဖြစ် လိုအပ်ချက်များဖြစ် သည်။ ကျန်းမာရေးဝန်ကြီးဌာနက ၂၀၀၇ ခုနှစ်တွင် ကောက်ယူခဲ့သည့်စာရင်းအရ လက်ရှိတွင် မြန်မာ နိုင်ငံ လူဦးရေ၏ ၈၂ ရာခိုင်နှုန်းသာ သန့်ရှင်းသည့် ရေကိုသောက်သုံးနေရကြောင်း သိရသည်။ ရေသန့် စက်ရုံများနှင့် ကိုယ်စားလှယ်အရောင်းဆိုင်များကို ပုံမှန်စစ်ဆေးခြင်း၊ ရှောင်တခင်စစ်ဆေးခြင်း၊ စည်းကမ်းဖောက်ဖျက်မှုရှိပါက ထိရောက်စွာ အရေးယူခြင်းတို့ကို အလေးထားလုပ်ဆောင်ရန် လိုအပ်နေသည်။ သန့်ရှင်းသောသောက်သုံးရေ ရရှိရေးသည် မြို့ပြများ၏ တိုးတက်မှုအတွက် အရေးပါသောအချက်ဖြစ်လာသည်။ ရေပေးဝေမှုနှင့် မိလ္လာစနစ်များ အပါအဝင် ခေတ်မီမြို့ပြအခြေခံအဆောက်အအုံများကို တိုးချဲ့တည်ဆောက်ခဲ့ပြီး လူဦးရေလိုအပ်ချက်များကို ဖြည့်ဆည်းခဲ့ကြသည်။ ဆယ်စုနှစ်များအတွင်း ရေအရင်းအမြစ်များပေါ်ရှိ လူတို့လုပ်ဆောင်မှုများ၏ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ အကျိုးသက်ရောက်မှုများကို သတိပြုမိလာခဲ့သည်။

 

လေထုညစ်ညမ်းမှု၊ အလွန်အကျွံသုံးစွဲမှုနှင့် နေထိုင်ရာများကို ဖျက်ဆီးခြင်းသည် ရေနေဂေဟ စနစ်နှင့် သန့်ရှင်းသောရေရရှိနိုင်မှုကို ခြိမ်းခြောက် လျက်ရှိသည်။ သန့်ရှင်းပြီး ဘေးကင်းသော သောက်သုံးရေရရှိရေးသည် ကမ္ဘာလုံးဆိုင်ရာအရေးပါသော ပြဿနာတစ်ရပ်ဖြစ်နေဆဲဖြစ်သည်။ သန်းနှင့်ချီသောလူများသည် အခြေခံမိလ္လာနှင့် ဘေးကင်းသော ရေအရင်းအမြစ်များကို လက်လှမ်းမမီနိုင်သေး။ ရေရှားပါးမှုကို ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ရေရှည်တည်တံ့သော ရေစီမံခန့်ခွဲမှုသေချာစေရေးတို့သည် ၂၁ ရာစုအတွက် အရေးကြီးသော စိန်ခေါ်မှုများဖြစ်လာသည်။ ကမ္ဘာ့လူဦးရေ၏ ၉၅ ရာခိုင်နှုန်းခန့် စားသုံးသော အစားအစာများသည် မြေဆီလွှာနှင့် ရေအရင်းအမြစ်များအပေါ်တွင် တိုက်ရိုက်သို့မဟုတ် သွယ်ဝိုက်၍ မှီခိုနေသည်။ ကမ္ဘာ့လူဦးရေအတွက် ရေရှည်တည်တံ့၍ ယုံကြည်စိတ်ချရသော အစားအစာထောက်ပံ့မှု သေချာစေရန် ရေရှည်တည်တံ့သော မြေဆီလွှာလုပ်ဆောင်မှုသည် မရှိမဖြစ်လိုအပ်သည်။ အနာဂတ် စားရေရိက္ခာ ထုတ်လုပ်မှုအတွက် မြေဆီလွှာနှင့် ရေအရင်းအမြစ်များကို ထိန်းသိမ်းခြင်းနှင့် စီမံခန့်ခွဲခြင်းမှာ အရေးပါပြီး မြေဆီလွှာကျန်းမာရေးနှင့် ရေရရှိနိုင်မှုကို ထိန်းသိမ်းရန်အတွက် ရေရှည်တည်တံ့သော စိုက်ပျိုးရေးအလေ့အကျင့်များ လိုအပ်သည်။

 

စိုက်ပျိုးရေးကဏ္ဍသည် ကမ္ဘာ့ရေချိုသုံးစွဲမှု၏ ၇၂ ရာခိုင်နှုန်းကို သုံးစွဲသည်။ ကောက်ပဲသီးနှံ ကြီးထွားမှုနှင့် အစားအစာထွက်ရှိမှု ရေရှည်တည်တံ့ စေရန် အဓိကအသုံးပြုသည်။ ခန့်မှန်းခြေအားဖြင့် ရေချို၏ ၁၆ ရာခိုင်နှုန်းမှာ အိမ်တွင်းအသုံးပြုမှုနှင့် စည်ပင်ရေပေးဝေမှုကဲ့သို့သော အိမ်ထောင်စုများနှင့် ဝန်ဆောင်မှုများအတွက် သုံးစွဲသည်။ သောက်သုံးရေ၊ မိလ္လာစနစ်နှင့် နေ့စဉ်လုပ်ငန်းဆောင်တာများ ပါဝင်သည်။ ရေချို၏ ၁၂ ရာခိုင်နှုန်းကို စက်မှုလုပ်ငန်း အမျိုးမျိုးက ၎င်းတို့၏ လုပ်ငန်းစဉ်များနှင့် လည်ပတ် ဆောင်ရွက်မှုများအတွက် အသုံးချသည်။ လက်ရှိ တွင် လူဦးရေ ၂ ဒသမ ၄ ဘီလီယံသည် ရေရှားပါးသည့် နိုင်ငံများ၌ နေထိုင်ကြပြီး ခန့်မှန်းခြေအားဖြင့် ကမ္ဘာ့လူဦးရေ၏ ၁၀ ရာခိုင်နှုန်းသည် ရေရှားပါးမှုဆိုးရွားသော နိုင်ငံများတွင် နေထိုင်ကြသည်။ သန့်ရှင်းသောသောက်သုံးရေရရှိရေး၊ စားရေရိက္ခာ ဖူလုံရေးနှင့် အလုံးစုံ ကျန်းမာရေးမှာ သိသာထင်ရှားသော ရေရှားပါးမှု၏ ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုပင်ဖြစ်သည်။ ကုလသမဂ္ဂ အစီရင်ခံစာနှင့် ယူနက်စကိုမှ ရေဖွံ့ဖြိုးတိုးတက်မှု အစီရင်ခံစာများအပါအဝင် အရင်းအမြစ်အမျိုးမျိုးအရ ကမ္ဘာ့ရေဆိုးများ၏ ၈၀ ရာခိုင်နှုန်းခန့်မှာ သန့်စင်ခြင်းမပြုဘဲ ပတ်ဝန်းကျင်သို့ စွန့်ပစ်သည်။ သန့်စင်မထားသော ရေဆိုးများသည် သဘာဝရေထုများကို ညစ်ညမ်းစေပြီး ရေထု ညစ်ညမ်းမှုနှင့် ရောဂါများ ပြန့်ပွားစေသည်။ ရေနေ ဂေဟစနစ်ကိုလည်း ထိခိုက်စေပြီး ရပ်ရွာများအတွက် သန့်ရှင်းသောရေရရှိမှုကို ထိခိုက်စေနိုင်သည်။

 

ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ညံ့ဖျင်းသော မိလ္လာအခြေခံအဆောက်အအုံများသည် မသန့်စင်သော ရေဆိုးများကို စွန့်ထုတ်ရာတွင် အထောက်အကူဖြစ်စေပြီး အဆိုပါပြဿနာများကို ပိုမိုဆိုးရွားစေသည်။ ရေဆိုးသန့်စင်ရေး အဆောက်အအုံများ ပိုမိုကောင်းမွန်လာစေရန်၊ သင့်လျော်သော မိလ္လာအလေ့အကျင့်များ အကောင်အထည် ဖော်ခြင်းနှင့် စွန့်ပစ်ခြင်းမပြုမီ ရေဆိုးသန့်စင်ခြင်း၏ အရေးကြီးပုံကို အသိပညာပေးခြင်းတို့သည်လည်း ဖွံ့ဖြိုးဆဲနိုင်ငံများ အတွက် စိန်ခေါ်မှုများပင်ဖြစ်သည်။ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ၏ သုတေသနလေ့လာမှုများအပါအဝင် အရင်းအမြစ်များစွာအရ ၂၀၅၀ ပြည့်နှစ်တွင် ကမ္ဘာ့စိုက်ပျိုးရေ လိုအပ်ချက်သည် ၃၅ ရာခိုင်နှုန်း တိုးလာမည်ဟု ခန့်မှန်းထားသည်။ စိုက်ပျိုးရေလိုအပ်ချက်တိုးလာခြင်းသည် ကမ္ဘာ့ရေအရင်းအမြစ်နှင့် စိုက်ပျိုးရေး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် သိသာထင်ရှားသော စိန်ခေါ်မှုဖြစ်သည်။ ကမ္ဘာပေါ်တွင် မှီတင်းနေထိုင်ကြသော လူသားများအနေဖြင့် ကမ္ဘာကြီး အစဉ်တည်တံ့ ရှင်သန်ရေးကို အလေးဂရုမပြုကြပါက ကာလတစ်ခုတွင် ပျက်စီးဆုံးရှုံးမှုများစွာဖြင့် ရင်ဆိုင်ရမည်သာဖြစ်သည်။

ရေသယံဇာတအရင်းအမြစ်များ ယုတ်လျော့မှုသည် ရာသီဥတုပြောင်းလဲမှုကြောင့် ကမ္ဘာကြီးပူနွေးလာခြင်း၊ စိမ်းလန်းစိုပြည်မှု နည်းပါးလာခြင်း၊ သစ်ပင်သစ်တောများပြုန်းတီးခြင်း စသည့်သဘာဝဝန်းကျင် ပျက်စီးယိုယွင်းမှုများနှင့် ဆက်စပ်နေသဖြင့် အပြန်အလှန်သက်ရောက်မှုများကို ခံစားနေ ကြရခြင်းဖြစ်သည်။ အဖိုးတန်ရေအရင်းအမြစ် ကာကွယ်ရေးကို အမြော်အမြင်ရှိရှိ အစီအစဉ်ဆွဲရန် ပျက်ကွက်ခဲ့သောနိုင်ငံသည် အမြင်တိုမှုကြောင့် ခန်းခြောက်ယုတ်လျော့ကိန်း ကြုံရပေလိမ့်မည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။