လူသိသိပ်မများလှတဲ့ သခွားသီးရဲ့ ဘေးထွက်ဆိုးကျိုးများ

၅ ဇန်နဝါရီ

သခွားသီး ချိုချိုအေးအေးလေးကို လူတိုင်းနီးပါး နှစ်သက်သဘောကျကြပါတယ်။ မြန်မာထမင်းဝိုင်း တွေမှာဆို အတို့အမြှုပ်အနေနဲ့ရော တခါတရံမှာ ဟင်းချိုလို၊ အသုပ်လို ဟင်းအမည်အနေနဲ့ပါ ပါဝင်နေတတ်တဲ့ အစားအစာတစ်မျိုးပေါ့။

ဒါတင်ပဲလားဆိုရင်တော့ မဟုတ်သေးပါဘူး။ သခွားသီးက ဆေးဘက်ဝင်လှသလို အလှအပကြိုက်တတ်တဲ့ ပျိုမေတွေအတွက်လည်း အသုံးတည့်လှတဲ့ ဆေးဝါးဓာတ်စာတစ်မျိုးပါ။ အသားအရေကို အေးမြစေပြီး ဘက်တီးရီးယားပိုးမွှားတွေကို သေစေလို့ အရေပြားအလှအပ ထိန်းသိမ်းတဲ့နေရာမှာလည်း သခွားသီးကို အသုံးများလာကြပါတယ်။ ဝက်ခြံနဲ့ အဖုအပိမ့်တွေ၊ ချွေးပေါက်ကျယ်တာကို သက်သာစေပြီး နေလောင်ဒဏ်ကြောင့် အသားအရေမပျက်စီးစေဖို့ကိုလည်း အစိုဓါတ်ထိန်းပြီး ကာကွယ်ပေးနိုင်ပါသေးတယ်။

နောက်ပြီး သခွားသီးမှာ ကစီဓါတ်၊ အသားဓါတ်၊ အမျှင်ဓါတ်၊ ဗီတာမင် စီ၊ ဗီတာမင် ကေ၊ မဂ္ဂနီဆီယမ်ဓါတ်၊ ပိုတက်စီယမ်ဓါတ်တွေ ပါဝင်နေပြီးတော့ ကယ်လိုရီနဲ့ အဆီဓါတ်အလွန်နည်းလို့ ကိုယ်အလေးချိန်ကို မတက်စေသလို ဝိတ်ချချင်သူတွေအတွက်လည်း အဆင်ပြေစေပါတယ်။ ရေဓါတ်ပမာဏက ၉၆ ရာခိုင်နှုန်းမို့ ရေဓါတ်ဖြည့်ပေးနိုင်စွမ်း အလွန်မြင့်မားတဲ့ အစားအစာတစ်ခုလည်းဖြစ်ပါရဲ့။

ဒီလိုနေရာတကာ အသုံးတည့်လှတဲ့ သခွားသီးမှာလည်း ဘေးထွက်ဆိုးကျိုးလေးတွေ ရှိနေပါတယ်။ လူသိနည်းလှတဲ့ ဘေးထွက်ဆိုးကျိုးလေတွေဆိုပေမယ့် သိထားရင်ဖြင့် အကျိုးရှိစေမှာမို့ ဗဟုသုတအနေနဲ့ ပြောပြပေးလိုက်ပါတယ်။

•           ၁။ အဆိပ်သင့်နိုင်တယ် – သခွားသီးမှာပါဝင်တဲ့ cucurbitacins နဲ့ tetracyclic triterpenoids တွေက အဆိပ်အတောက်တွေဖြစ်ပါတယ်။ သခွားသီးခါးနေရင် မြွေကျော်ထားတာမို့ မစားနဲ့လို့ လူကြီးတွေပြောတာကြားဖူးကြမှာပါ။ တကယ်တော့ သခွားသီးကို ခါးစေတာဟာ ဒီဓာတ် ၂ မျိုးပါ။ ဒီအဆိပ်အတောက်တွေဟာ ပြင်းထန်လွန်းရင် ဒါမှမဟုတ် အခန့်မသင့်ရင် အသက်အန္တရာယ်ရှိတဲ့အထိ ဒုက္ခပေးနိုင်ပါတယ်။

•           ၂။ ဆီးသွားရခက်စေတယ် – သခွားသီးဟာ ရေဓာတ်ကြွယ်ဝတဲ့ အစားအစာတစ်မျိုးပါ။ ဒါပေမယ့် သူ့ရဲ့ အစေ့မှာပါရှိနေတဲ့ cucurbitin ဆိုတဲ့ ပါဝင်ပစ္စည်းကတော့ အနုစားဆီးလမ်းကြောင်းပြဿနာတွေ ကြုံရစေနိုင်ပါတယ်။ ဆီးမမှန်တာမျိုးပေါ့။

•           ၃။ ဗီတာမင် C လွန်ကဲစေတယ် – ဗီတာမင် C ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတယ်ဆိုပေမယ့် လွန်ကဲလာရင် ပြဿနာရှိနိုင်ပါတယ်။ သခွားသီးဟာ ဗီတာမင် C ကြွယ်ဝတာမို့ ခန္ဓာကိုယ်က ပြည့်ပြည့်ဝဝ မချဖျက်နိုင်ရင် ဗီတာမင် C လွန်ကဲမှုဖြစ်တတ်ပါတယ်။

•           ၄။ ကျောက်ကပ်ထိခိုက်စေတယ် – Hyperkalemia က အန္တရာယ်ရှိတဲ့ ကျန်းမာရေး အခြေအနေတစ်ရပ်ပါ။ ပိုတက်ဆီယံ ကြွယ်ဝတဲ့ သခွားသီးကြောင့် ပိုတက်ဆီယံလွန်ကဲပြီး Hyperkalemia ဖြစ်စေနိုင်တာကိုလည်း သတိထားဖို့ လိုအပ်ပါတယ်။

•           ၅။ နှလုံးကျန်းမာရေးကို အန္တရာယ်ပေးနိုင်တယ် – သခွားသီးက ရေဓာတ် ၉၆% အထိပါဝင်နေတာမို့ ရေအလွန်အမင်းသောက်တတ်သူတွေမှာ ရေဓာတ်လွန်ကဲတာမျိုး ခန္ဓာကိုယ်အစိတ်အပိုင်းတွေနဲ့ သွေးထဲမှာ ရေဓာတ်ပိုလျှံနေတာမျိုးတွေဖြစ်တတ်ပါတယ်။ သွေးထဲမှာ ရေဓာတ်ရှိသင့်တာထက် ပိုနေမယ်ဆိုရင် နှလုံးကိုပါ ထိခိုက်တတ်ပါတယ်။

•           ၆။ နို့နဲ့ ဓာတ်မတည့်တာဖြစ်စေနိုင်တယ် – ဘာမှမဆိုင်သလို ထင်ရပေမယ့် အမှန်တရားဖြစ်ပါတယ်။ နို့နဲ့ ဓာတ်မတည့်သူတွေဟာ တခါတရံမှာ သခွားသီးနဲ့ပါ ဓာတ်မတည့်ဖြစ်တတ်တာက ထူးခြားချက်တစ်ခုဖြစ်ပါတယ်။

•           ၇။ အော့အန်စေနိုင်တယ် – သခွားသီးမှာပါဝင်တဲ့ အဆိပ်အတောက်တစ်မျိုးဖြစ်တဲ့ cucurbitacin က အစာမကျေဖြစ်စေနိုင်ပြီး ယင်းကြောင့် အော့အန်တာမျိုး ဖြစ်စေနိုင်ပါတယ်။

•           ၈။ ခံတွင်းနဲ့ အရေပြား ဓာတ်မတည့်ဖြစ်နိုင်တယ် – American Academy of Allergy Asthma and Immunology ရဲ့ လေ့လာချက်အရဆိုရင် သခွားသီးဟာ တချို့လူတွေမှာ ဓာတ်မတည့်မှုဖြစ်နိုင်တယ်လို့ ဆိုထားပါတယ်။ သခွားသီးတင်မက ငှက်ပျောသီး၊ နေကြာစေ့နဲ့ သခွားမွှေးတွေလည်း ဒီအတိုင်းပါပဲ။ ဓာတ်မတည့်တဲ့အခါ အရေပြားနဲ့ ခံတွင်းမှာ ဝေဒနာအဓိက ခံစားရတတ်ပါတယ်။

•           ၉။ တခါတရံ နှာခေါင်းပိတ်စေတယ် – သခွားသီးဟာ အအေးစာလို့ မြန်မာအယူအဆရှိပါတယ်။ အမှန်ပါပဲ။ ဒါကြောင့် အသက်ရှူလမ်းကြောင်းပြဿနာတွေ ကြုံရစေနိုင်ပါတယ်။ အထူးသဖြင့်တော့ နှာခေါင်းပိတ်တာနဲ့ သာမန် အအေးမိတာမျိုးလောက်ပါပဲ။

•           ၁၀။ ကိုယ်ဝန်ဆောင်ချိန်မှာ မစားသင့်ဘူး – သခွားသီးဟာ ကိုယ်ဝန်ဆောင်ချိန်မှာ မစားသင့်တဲ့အစားအစာလို့ လေ့လာချက်တွေက ဆိုပါတယ်။ သခွားသီးကို အလွန်အမင်းစားမိရင် ကိုယ်ဝန်ဆောင်မိခင် မအီမသာနဲ့ နေထိုင်မကောင်းဖြစ်စေပါတယ်။

ဒါ့အပြင် သခွားသီးဟာ ဆီးသွားတာနဲ့ ပတ်သက်တဲ့ ဝေဒနာတွေ၊ နာကျင်ကိုက်ခဲတာမျိုးတွေ၊ နေထိုင်မကောင်းဖြစ်တာတွေလည်း ဖြစ်စေနိုင်တာမို့ ချင့်ချိန် မှီဝဲစားသောက်ဖို့ တိုက်တွန်းပါရစေ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn

ရေးသားသူ Ye Zon Aung