လူထုဗဟိုပြုစီမံကိန်းမှ ကျားမရေးရာ မွမ်းမံသင်တန်းဖွင့်

ဆီဆိုင် ၂   ဩဂုတ်
    

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်၏ အကူအညီဖြင့် ဆောင်ရွက်နေသည့် လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း)တွင် ကျေးရွာအဆင့်စီမံကိန်းအထောက်အကူပြုကော်မတီများအတွက် ကျားမရေးရာမွမ်းမံသင်တန်းကို  ဩဂုတ် ၂ နံနက် ၉ နာရီခွဲက ပင်စုံကျေးရွာအုပ်စု၊ ထီမန့်ကျေးရွာရှိ ဘက်စုံသုံးကျေးရွာခန်းမဆောင်၌ ကျင်းပြပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါသင်တန်း၌ မြို့နယ်အဆင့် နည်းပညာအကြံပေး ကျားမရေးရာတာဝန်ခံ ဒေါ်ယဉ်ယဉ်အေး၊ လူထုစည်းရုံးရေးမှူးများဖြစ်သည့် ခွန်သိန်းအောင်နှင့် နန်းကြည်သန်းထွန်းတို့က လုပ်ဆောင်နေသော လုပ်ငန်းတာဝန်များကို ခွဲခြမ်းစိတ်ဖြာခြင်းနှင့် ကျားမရေးရာအခန်းကဏ္ဍများ၊ ကျားမရေးရာနှင့် ဖွံ့ဖြိုးတိုးတက်မှု၊ လုပ်ငန်းတာဝန်အသစ်များနှင့် အခန်းကဏ္ဍအသစ်များကို စီမံခန့်ခွဲရာတွင် အမျိုးသမီးများ၏အခန်းကဏ္ဍများ စသည့်အကြောင်းအရာများကို ပို့ချပေးသွား မည်ဖြစ်သည်။ 


အဆိုပါသင်တန်းတွင် ပင်စုံကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ ၉ ရွာမှ စီမံကိန်းအထောက်အကူပြုကော်မတီဝင် စုစုပေါင်း(၆၉)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။


ကျားမရေးရာအခန်းကဏ္ဍများကို နားလည်စေရန်နှင့် မတူညီသည့် အခန်းကဏ္ဍများက အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများတွင် အမျိုးသမီးပူးပေါင်းပါဝင်လာစေရေးအတွက် အကျိုးသက်ရောက်ပုံကို နားလည်စေရန်၊ အမျိုးသမီးများ၏ ပူးပေါင်းပါဝင်မှုကိုမြှင့်တင်ရန်နှင့် ကော်မတီဝင်အမျိုးသမီးများ၏ လုပ်ငန်းတာဝန်အသစ်များနှင့် အခန်းကဏ္ဍအသစ်များအား ၎င်းတို့ကိုယ်တိုင်စီမံခန့်ခွဲတတ်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သိရသည်။


ခွန်ရဲထွေး(ဆီဆိုင်)