လူတိုင်းမဖြစ်မနေတပ်ဆင်ရမည့် နှာခေါင်းစည်း

၁၄ ဇွန်

 

နှာခေါင်းစည်း၏ မူလအစ ပြင်သစ်လူမျိုး ခွဲစိတ်ဆရာဝန် Dr. Paul Berger သည် [ ၁၈၉၇ ခုနှစ်၌ ခွဲစိတ်ရာတွင် ချည်ထည်ဖြင့်ပြုလုပ်ထားသော နှာခေါင်းစည်းကို စတင်အသုံးပြုခဲ့သည်။ ထိုအချိန် မှစ၍နှာခေါင်းစည်းကို ကူးစက်ရောဂါများ ကာကွယ်ရန် ဆက်လက်အသုံးပြုလာကြသည်။

 

တရုတ်လူမျိုး Wu Lein-teh သည် ၁၉၁၀ ပြည့်နှစ်၌ မန်ချူးရီးယားပြည်နယ်တွင် ဖြစ်ပွားသော အဆုတ်ရောင် ပုလိပ်ရောဂါကပ်တွင် နှာခေါင်းစည်းကို ကျယ်ပြန့်စွာ အသုံးပြုခဲ့သည်။

 

စပိန်တုပ်ကွေးဟုခေါ်သော ၁၉၁၈ ခုနှစ်တွင် ဖြစ်ခဲ့သော ကမ္ဘာ့တုပ်ကွေးကပ်ရောဂါကာလတွင် နှာခေါင်း စည်း၏ ထိရောက်စွာကာကွယ်နိုင်စွမ်းကို သတိပြုမိလာခဲ့ကြသည်။

 

ပိုလီစတာအမျှင်များနှင့် ပြုလုပ်ထားသော ယနေ့ ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းကို ၁၉၆၀ ပြည့်နှစ်က စတင် အသုံးပြုခဲ့ကြသည်။ ကိုဗစ်- ၁၉ ကာလနှင့် နှာခေါင်းစည်းကိုဗစ် - ၁၉ ကပ်ရောဂါ အစဦးပိုင်းတွင် နှာခေါင်း စည်း၏ ကာကွယ်နိုင်စွမ်းအပေါ် အငြင်းပွားဖွယ်များ ထွက်ပေါ်လာခဲ့သည်။ ကျန်းမာနေသူများ နှာခေါင်းစည်း တပ်ရန်မလိုဟူသော အယူအဆကိုစွဲကိုင်၍ အမေရိကန် သမ္မတအပါအဝင် အချို့သောသူများသည် ယနေ့တိုင် နှာခေါင်းစည်းကို မတပ်ကြချေ။

 

သို့ရာတွင် နှာခေါင်းစည်းကိုဆောလျင်စွာ အသုံးပြု ကြသော အာရှနိုင်ငံများတွင် ရောဂါဖြစ်ပွားနှုန်းကို လျော့နည်းစေခြင်းနှင့် ရောဂါလက္ခဏာမဖော်ပြသော ရောဂါရှိနေသူများမှ ကူးစက်နိုင်ခြင်းတို့ကို တွေ့ရှိလာ သောအခါ အမေရိကန်နိုင်ငံ ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဗဟိုဌာန (CDC) သည် ပြည်သူလူထုအား နှာခေါင်းစည်းတပ်ရန် စတင်တိုက်တွန်းလာခဲ့သည်။

 

နှာခေါင်းစည်း၏ ကာကွယ်နိုင်စွမ်း

 

ကိုဗစ် -၁၉ ရောဂါသည် ယနေ့အချိန်အထိ လျှို့ဝှက် မှုများနှင့်ပြည့်နှက်နေဆဲဖြစ်သည်။ ရောဂါကို ခုခံတိုက်ဖျက်သော ကိုယ်ခံအားစနစ်အကြောင်းကို သေချာစွာ မသိကြသေးသလို ကာကွယ်ဆေးကိုလည်း ထုတ်လုပ်နိုင်စွမ်း မရှိသေးချေ။ လွန်ခဲ့သောနှစ်လက ကုသရန်အသုံးပြု ခဲ့သော ငှက်ဖျားဆေးသည် ယနေ့အချိန်တွင် ထိရောက်မှု မရှိကြောင်း တွေ့လာကြပြန်သည်။ ထို့ကြောင့် ရောဂါဖြစ်ပွားနှုန်း လျော့နည်းစေရန်နှင့် အဖိတ်အစဉ် လျော့နည်းစေရန်ကိုသာ ဦးတည်၍ ဆောင်ရွက်နေကြရသည်။

 

နှာခေါင်းစည်းများသည် ရာနှုန်းပြည့်ကာကွယ်နိုင် စွမ်းမရှိကြသော်လည်း အတိုင်းအတာတစ်ခုအထိ ကာကွယ်နိုင်သည်မှာ အမှန်ဖြစ်သည်။ ယခုအချိန်တွင် နည်းလမ်းတစ်ခုသည် ကူးစက်မှုနှုန်းကို အနည်းငယ်မျှ လျော့နည်းစေသည်ဆိုလျှင် ထိုနည်းလမ်းသည် အသုံးပြုရမည်ဖြစ်သည်။ ရေငတ်နေသောသူတစ်ဦးအဖို့ တစ်ပေါက်မျှသော ရေသည်လည်းသက်သာရာကို ပေးနိုင်မည်ဖြစ်သည်။ ထို့ကြောင့် ကာကွယ်ဆေးနှင့် ကုသဆေးများ ပေါ်ထွက်မလာမီအထိ နှာခေါင်းစည်းများ လိုအပ်နေ မည်ဖြစ်သည်။

 

ကိုဗစ် - ၁၉ ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားပုံကိုကြည့်လျှင် နှာခေါင်းစည်း၏အရေးပါပုံကို တွေ့မြင်နိုင်သည်။ ဗိုင်းရပ်စ်သည် ရောဂါရှိသူ စကားပြော၊ ချောင်းဆိုး၊ နှာချေရာမှထွက်လာသော အစက်များနှင့် အမှုန်များမှတစ်ဆင့် ကူးစက်ခြင်းဖြစ်သည်။ အစက်များသည် အရွယ် အစားကြီးမားကြပြီး တစ်ဆယ်မိုက်ခရွန်နှင့် အထက်ရှိကြသည်။ ပုံမှန်စကားပြောသောအခါ နှစ်မီတာ (ခြောက်ပေ) အကွာအဝေးအတွင်းရှိ ကြမ်းပြင်ပေါ်နှင့် အရာတ္ထု များအပေါ် ကျရောက်တွယ်ကပ်ကြသည်။ ချောင်းဆိုး နှာချေလျှင်မူ ထိုထက်ပိုဝေးသော အကွာအဝေးသို့ ရောက်ရှိနိုင်သည်။ အမှုန်များသည် အရွယ်အစားသေးငယ်ကြသဖြင့် လေထဲတွင်လွင့်မျော၍ အရပ်မျက်နှာအနှံ့ ရောက်ရှိပျံ့နှံ့နိုင်သည်။

 

ကိုရိုနာဗိုင်းရပ်စ်သည် အရွယ်အစားအတန်အသင့် ကြီးမားသဖြင့် အမှုန်များတွင်ထက် အစက်များတွင်များစွာ ပါဝင်လာသည်။ ဗိုင်းရပ်စ်ပါဝင်သော အစက်များကို ရှူမိသောအခါ ကြီးမားသောအရွယ်အစားကြောင့် အဆုတ်၏ အောက်ခြေ (သေးငယ်သောလေရှူပြွန်ကလေးများနှင့် လေရှူးဆဲလ်များ) တိုင်အောင် မရောက်ကြဘဲ အသက်ရှူ လမ်းကြောင်းအပေါ်ပိုင်း နှာခေါင်းနှင့် ခံတွင်း အနောက်ပိုင်းတွင် ဝင်ရောက်တွယ်ကပ်ကြသည်။ ထိုကြီးမားသော အစက်များကို အိမ်တွင်းဖြစ် နှာခေါင်းစည်း အပါအဝင် မည်သည့်နှာခေါင်းစည်းဖြင့်မဆို ကာကွယ်ထား နိုင်ပေသည်။ - N-95 နှာခေါင်းစည်းသည် အမှုန်များကို ကာကွယ် ရာတွင် ၉၅ ရာခိုင်နှုန်း ထိရောက်မှုရှိသော်လည်း အစက် များကိုကာကွယ်ရာတွင် အိမ်တွင်းဖြစ် နှာခေါင်းစည်းနှင့် ကွာခြားမှု သိပ်မတွေ့ရပေ။ ထို့ကြောင့် အိမ်တွင်းဖြစ် နှာခေါင်းစည်းနှင့် N-95 နှာခေါင်းစည်းတို့သည် ကိုဗစ် - ၁၉ ရောဂါအတွက် မိမိကိုယ်ကိုယ်ကာကွယ်ရန်ကိစ္စ၌ ကွာခြားမှု သိပ်မတွေ့ရခြင်းဖြစ်သည်။ ထို့အတူ မိမိမှသူတစ်ပါးအား ကူးစက်နိုင်ခြင်းတွင်လည်း ကွာခြားမှုသိပ်မတွေ့ရပေ။

 

သတိပြုရန်တစ်ချက်မှာ ထွက်လေကိုထုတ်ပေးသော အဆို့ရှင်ပါဝင်သော နှာခေါင်းစည်းများသည် မိမိမှသူတစ်ပါးအား ကူးစက်နိုင်ခြင်းကို မကာကွယ်ထားနိုင်ကြောင်း တွေ့ရခြင်း ဖြစ်သည်။

 

ခန္ဓာကိုယ်ဆဲလ်များအတွင်းသို့ ဗိုင်းရပ်စ်ထိုးဖောက် ဝင်ရောက်ပုံကို ကြည့်လျှင်လည်း နှာခေါင်းစည်း၏ ကာကွယ်နိုင်စွမ်းကို တွေ့မြင်နိုင်သည်။ အတွင်းသို့ ဝင်ရောက်ရန် ဗိုင်းရပ်စ်သည် ဆဲလ်မျက်နှာပြင်ပေါ်ရှိ ACE2 မော်လီကျူးများနှင့် ရှေးဦးစွာချိတ်ဆက်တွယ်ကပ်ရသည်။ ထိုမော်လီကျူးများကို ဗိုင်းရပ်စ်တွယ်ကပ်ရာဌာနများ (ACE2 docking sites) ဟုခေါ်ဆိုထားသည်။ ဗြိတိန်ကင်း ဘရစ်တက္ကသိုလ်မှ Dr.W Sungnak နှင့်အဖွဲ့သည် နှာခေါင်းနှင့် အာခေါင်အနောက်ပိုင်းရှိ ဆဲလ်များတွင် ဗိုင်းရပ်စ် တွယ်ကပ်ရာဌာနများ များစွာတည်ရှိကြောင်း ဖော်ပြခဲ့သည်။ (Nature Medicine 26, 681-687 2020)။

 

နှာခေါင်းနှင့် အာခေါင်အနောက်ပိုင်းသည် အစက်များနှင့် အတူပါလာသော ဗိုင်းရပ်စ် ရှေးဦးစွာ ဝင်ရောက် တွယ်ကပ်သော နေရာဖြစ်သည်။ နှာခေါင်းစည်းနှင့် ကာကွယ်ထားနိုင်သော နေရာဖြစ်သည်။

 

Heriot-Watt University, Edinburgh University, NHS Scotland တို့ ပူးပေါင်းပြုလုပ်သော လေ့လာချက် တစ်ရပ်တွင် နှာခေါင်းစည်း ခုနှစ်မျိုး၏ ကိုဗစ် - ၁၉ကို ကာကွယ်နိုင်စွမ်းကို ဖော်ပြခဲ့သည်။ ထိုအဖွဲ့သည် အရေးကြီးသော တွေ့ရှိချက်နှစ်ရပ်ကို တင်ပြခဲ့သည်။ ပထမအချက်မှာ နှာခေါင်းစည်းများအားလုံးသည် မိမိကိုယ် ကိုယ်ကာကွယ်ရန်ကိစ္စအရာတွင် ၉၀ ရာခိုင်နှုန်း ထိရောက်မှုရှိကြကြောင်း ဖြစ်သည်။ ဒုတိယအချက်မှာ ထိုသို့ထိရောက်မှုရှိရန် နှာခေါင်းစည်းကို လုံခြုံစွာဖုံးအုပ်ထားရန် လိုအပ်ကြောင်းဖြစ်သည်။ သို့မဟုတ်ပါက လစ်ဟာနေသော ဘေးနှင့်နောက်နေရာများမှ ဗိုင်းရပ်စ်များ ပျံ့နှံ့သွားကြောင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။

 

လူတိုင်းမဖြစ်မနေဝတ်ဆင်ရမည့် နှာခေါင်းစည်း

 

ကာကွယ်ဆေးနှင့်ကုသဆေး မတွေ့ရသေးသော ကိုဗစ် - ၁၉ ယနေ့ကာလတွင် နှာခေါင်းစည်းတပ်ခြင်း သည် လူတိုင်းမဖြစ်မနေလုပ်ရမည့် တာဝန်တစ်ရပ်ဖြစ် လာသည်။

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် နှာခေါင်းစည်းကို စနစ်တကျဝတ်ဆင်ရန် လမ်းညွှန်ချက် များ ချမှတ်ထားသည်။ နှာခေါင်းစည်းကိုမကိုင်မီ လက် ဆေးရန်၊ စုတ်ပြဲညစ်ပေခြင်းရှိ မရှိ စစ်ဆေးရန်၊ သတ္တုချောင်း သို့မဟုတ် ကော်ချောင်းပါသောဘက်ကို အပေါ်တွင်ထားရန် အရောင်ရင့်သောမျက်နှာပြင်ကို အပြင် ဘက်တွင်ထားရန်၊ ပါးစပ်နှင့်နှာခေါင်းကို လုံခြုံစွာဖုံးအုပ် ရန်၊ နှာခေါင်းစည်းကို ဖယ်ရှားမည်ဆိုလျှင် ကြိုးကိုင်၍ ဖယ်ရှားရန် စနစ်တကျလက်ပြန်ဆေးရန်တို့ဖြစ်သည်။

 

ထို့အပြင် ရှောင်ကြဉ်ရန် အချက်များကိုလည်း ဖော်ပြထားသည်။

 

စုတ်ပြဲညစ်ပေနေသော နှာခေါင်းစည်းများကို အသုံးမပြုရန်၊ ပါးစပ်နှင့် နှာခေါင်းကို လုံခြုံစွာမဖုံးအုပ်ခြင်း၊ စကားပြောရန် နှာခေါင်းစည်းကို အောက်သို့လျှော့ချခြင်း မေးတွင်ချိတ်ထားခြင်း၊ မိမိနှင့်ကြီးလွန်း၊ သေးလွန်းသော နှာခေါင်းစည်းများကိုသုံးခြင်း၊ နှာခေါင်းစည်းတပ်ပြီးပါက လက်ဖြင့်ကိုင်တွယ်ခြင်း၊ သုံးပြီးသားခွဲစိတ်ခန်းသုံး နှာခေါင်းစည်းများကို ပြန်သုံးခြင်းတို့ဖြစ်သည်။

 

နှာခေါင်းစည်းကို စနစ်တကျတပ်ခြင်း၊ လက်ကို မကြာခဏဆေးကြောခြင်းနှင့် တစ်ဦးနှင့်တစ်ဦး ခြောက် ပေအကွာ နေထိုင်ခြင်းတို့ဖြင့် ကိုဗစ် - ၁၉ ရောဂါ ပြန့်ပွားခြင်းကို ထိရောက်စွာ ကာကွယ်နိုင်မည်ဖြစ် ကြောင်း တင်ပြလိုက်ပါသည်။ ။

 

ပါမောက္ခ ဒေါက်တာမောင်