လူတိုင်းသက်ရှည်ကျန်းမာရန် ပြည်သူ့ကျန်းမာရေးသည် အခြေခံ

 

 

တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံး အကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေးသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လူမှုရေးဦးတည်ချက်များတွင်   ပါဝင်သည်။ လက်ရှိမိမိတို့နိုင်ငံ၏  မျှော်မှန်းလူ့သက်တမ်း  (Life Expectancy at Birth)  သည်  အရှေ့တောင်အာရှနိုင်ငံအားလုံး၏ အောက်ဆုံးသို့ရောက်ရှိနေပြီး မိခင်နှင့်ကလေး သေနှုန်းမှာ မြင့်မားလျက်ရှိသည်။

 

ပြည်သူ့ကျန်းမာရေးလုပ်ငန်းများဖြစ်သည့် မိခင်နှင့် မျိုးဆက်ပွားကျန်းမာရေး၊ မွေးကင်းစနှင့် ကလေးကျန်းမာ ဖွံ့ဖြိုးရေး၊ ကျောင်းကျန်းမာရေးနှင့် အာဟာရဖွံ့ဖြိုးရေး၊ ကူးစက်ရောဂါနှင့် မကူးစက်ရောဂါများ ကာကွယ်တိုက်ဖျက်ရေး၊ ကိုဗစ် -၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုစစ်ဆေးခြင်းနှင့် ကာကွယ်ဆေးထိုးခြင်း၊ ပုံမှန်ကာကွယ်ဆေးများထိုးခြင်း၊ လုပ်ငန်းခွင်နှင့် ပတ်ဝန်းကျင်ကျန်းမာရေး၊ ကျန်းမာရေးအဆင့်မြှင့်ရေး စသည်တို့အပါအဝင် ဝန်ဆောင်မှုများကို လူတိုင်းလက်လှမ်းမီရရှိရေး၊ တီဘီ၊ အိပ်ချ်အိုင်ဗွီကဲ့သို့သော ကူးစက်ရောဂါများ တိုက်ဖျက်ရေးတို့ကို ကျန်းမာရေးပညာရှင်များ၊ သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများနှင့် ပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် ကျန်းမာရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်သွားရမည်ဖြစ်သည်။ ယင်းသို့ဆောင်ရွက်ရာတွင် ပြည်သူလူထု၏ ကျန်းမာရေး အသိပညာမြင့်မားမှုနှင့် ကျန်းမာရေးနှင့် ညီညွတ်သည့် လူနေမှုဘဝပုံစံများနှင့်အညီ နေထိုင်မှုတို့မှာ အဓိကအရေးပါသည့်အလျောက် ကျန်းမာရေးအသိပညာပေးမှု လုပ်ငန်းများကို တိုးမြှင့် ဆောင်ရွက်သွားရန်လည်း လိုအပ်မည်ဖြစ်သည်။

 

နိုင်ငံ၏မျှော်မှန်း လူ့သက်တမ်းတွက်ချက်ရာတွင် မွေးမိခင်နှင့် ကလေးသေဆုံးမှုနှုန်း မြင့်မားခြင်းမှာ အရေးပါသည့်အလျောက် မွေးကင်းစကလေး ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အသက်ငါးနှစ်အောက် ကလေးများ ပြုစုစောင့်ရှောက်ခြင်း၊ ကလေးများ၏ ကာယဉာဏဖွံ့ဖြိုးရေး ဂရုပြုပျိုးထောင်ခြင်း၊ မတော်တဆ ထိခိုက်ဒဏ်ရာရမှုများမှ ကာကွယ်ပေးခြင်းတို့ဖြင့် ကလေးများ ကျန်းမာဖွံ့ဖြိုးရေး ဆောင်ရွက်မှုများတွင် ပြည်သူလူထု၏ ကျန်းမာရေးအသိ နိုးကြားစွာပါဝင်မှုများ လိုအပ်သည်။ တစ်ဖန် ကိုယ်ဝန်ဆောင်မိခင်များ၏ ကျန်းမာရေး၊ အာဟာရပြည့်ဝရေး၊ လိုအပ်သည့်ကာကွယ်ဆေးများနှင့် ဗီတာ မင် ဖြည့်စွက်ဆေးများ ထိုးနှံတိုက်ကျွေးရေး၊ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုများကို ကျွမ်းကျင်သူ ကျန်းမာရေးဝန်ထမ်းထံတွင် အနည်းဆုံး (၄) ကြိမ် ခံယူရေး၊ ကိုယ်ဝန်ဆောင်ကာလအတွင်း ဝတ်စားဆင်ယင်မှု၊ ပတ်ဝန်းကျင်သန့်ရှင်းမှုတို့ကို ဂရုပြုရေး၊ ငှက်ဖျား/ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် ဆေးစိမ်ခြင်ထောင်ဖြင့် အိပ်စက်‌ရေး၊ နေမကောင်းဖြစ်ပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းတို့တွင် အမြန်ဆုံးကုသမှုခံယူရေးတို့ကို ဂရုပြုလိုက်နာ ဆောင်ရွက်ကြခြင်းအားဖြင့် မိခင်သေဆုံးမှု နှုန်းများ ကျဆင်းလာစေမည်ဖြစ်သည်။

 

လူတိုင်းသက်ရှည်ကျန်းမာရေးအတွက် ပြည်သူ့ကျန်းမာရေးကို မြှင့်တင်ရာတွင် ပြည်သူတစ်ဦးချင်းစီက ကျန်းမာရေးအသိ ရှိရှိဖြင့် ကျန်းမာရေးကို ဂရုပြုသော လူနေမှုပုံစံနှင့် နေထိုင်ကြရမည်ဖြစ်သည်။ အန္တရာယ်ကင်း၍ ကျန်းမာရေးနှင့်ညီညွတ်ပြီး အာဟာရပြည့်ဝသော အစားအစာများကို စားသုံးခြင်း၊ မျှတသော ကိုယ်လက်လှုပ်ရှားမှုကို နေ့စဉ်မှန်မှန် ဆောင်ရွက်ခြင်း၊ ခြင်ယင် ပိုးမွှားများကို ရှောင်ကြဉ်ခြင်း၊ အရက်၊ ဆေးလိပ်၊ ဆေးရွက်ကြီး၊ ကွမ်း၊ မူးယစ်ဆေးဝါးတို့ကို ရှောင်ကြဉ်ခြင်း၊ ပတ်ဝန်းကျင် သန့်ရှင်း ရေးကို ဂရုပြုဆောင်ရွက်ခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုပြုခြင်း၊ စိတ်ဖိစီးမှုများကို လျှော့ချခြင်းတို့က ကျန်းမာပျော်ရွှင် သောဘဝကို ရရှိနိုင်မည်ဖြစ်ရာ လူတိုင်းကိုယ်စီ လိုက်ပါ ဆောင်ရွက်ကြခြင်းဖြင့် လူတိုင်းသက်ရှည်ကျန်းမာနိုင်ကြမည် ဖြစ်ပါကြောင်း။

 

မြန်မာ့အလင်း