လူတိုင်းသက်ရှည်ကျန်းမာရန် ပြည်သူ့ကျန်းမာရေးသည်အခြေခံ

 

နန္ဒဝင်း (ဆေး-၁)

 

ကျွန်တော်တို့ ဆရာဝန်ပေါက်စဘဝ လွန်ခဲ့သော နှစ် ၂၀ ကာလကို  ပြန်ပြောင်းသတိရမိပါသည်။ ထိုစဉ်က  ဆရာကြီးတစ်ဦးက မျိုးဆက်ပွားကျန်းမာရေးနှင့်ပတ်သက်၍ သင်ကြားပေးစဉ် ဖြစ်ပါသည်။ “မိခင်တစ်ဦး  ကိုယ်ဝန်ဆောင်တော့မယ်ဆိုရင် ‘က’သုံးလုံးကို နိုင်ရမယ်ကွ။ (၁) ကျွေးနိုင်ရမယ်၊ (၂) ကျောင်းထားနိုင်ရမယ်၊ (၃) နေမကောင်းရင် ကုနိုင်ရမယ်ဆိုတာ သိထားဖို့လိုတယ်။ မကျွေး နိင်၊ ကျောင်းမထားနိုင်၊ မကုနိုင်ရင် သူတို့မိသားစုတွေသာ ပြဿနာ တက်မှာမဟုတ်ဘဲ ပတ်ဝန်းကျင်ရော၊ လူထုရော နိုင်ငံအတွက်ပါ အကျိုးမဲ့စေတယ်ဆိုတာ တွေးတတ်ရမယ်။ မင်းတို့ ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေအားလုံးဟာ နေမကောင်းတဲ့ကလေးတွေကို ကုတာတင်မကဘူး ကျောင်းတက်မယ့်ကလေးတိုင်း ကျန်းမာဖို့၊အစာ ကျွေးနေတဲ့ကလေးတိုင်း အာဟာရပြည့်ဖို့လည်း တာဝန်ရှိတယ်ဆိုတာ မှတ်ထားပါ။ တိုတိုပြောရရင် အမေ့ဝမ်းထဲကနေ သေဆုံးသည်အထိ ပြည်သူလူထုရဲ့နေ့စဉ်ဘဝမှာ ကျန်းမာရေးဌာနနဲ့ မပတ်သက်တာ မရှိဘူး။ တိုင်းပြည်တိုးတက်ချင်တယ်၊ သာယာဝပြောချင်တယ်ဆိုရင် လူတိုင်းကျန်းမာနေဖို့လိုတယ်။ မင်းတို့ အလုပ်တွေများများလုပ်၊ ပြည်သူလူထုကျန်းမာရေးအသိ၊ သတိတိုးပြီး လှုပ်ရှားမှုတိုင်းမှာ သူတို့ပါနိုင်အောင်လုပ်။ လူတွေကျန်းမာမှ နိုင်ငံချမ်းသာမှာဆိုတာ စိတ်ထဲရှိထားကြ”ပါတဲ့။

 

နှစ်ပေါင်း ၂၀ ကျော်ကာလအတွင်း လက်တွေ့သိရှိလာ

 

ဆရာကြီး၏ ဆုံးမစကားလမ်းညွှန်ချက်သည် ဆရာဝန်ဖြစ်စ ကျွန်တော်တို့အား ဘဝလမ်းညွှန်ချက်ပမာဖြစ်ခဲ့ပါသည်။ ဝါသနာ ပါသော ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်တိုင်း ငါသည် တိုင်းပြည်ချမ်းသာအောင်၊ တိုးတက်အောင် ဆောင်ရွက်နေတာပါ လားဟု အမြဲဂုဏ်ယူမိခဲ့ပါသည်။ ဆရာကြီး၏လမ်းညွှန်ချက်အတိုင်း အောင်မြင်မှုများစွာ၊ အကျိုးရှိမှုပေါင်းများစွာကို နှစ်ပေါင်း ၂၀ ကျော် ကာလအတွင်း လက်တွေ့သိရှိလာနိုင်ခဲ့ပါတော့သည်။

 

ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးဖြစ်ပါသည်။ ကျန်းမာမှ အလုပ်လုပ်နိုင်၊ စာသင်နိုင်၊ တာဝန်ထမ်းဆောင်နိုင်မည် ဖြစ်ပါသည်။ “နေမကောင်းနေသော ကျားအုပ်စုအား ကျန်းမာသန်စွမ်းနေသော နွားအုပ်ကြီးက အနိုင်ယူနိုင်သည်”ဆိုသော တိုင်းတစ်ပါးဆိုရိုးစကား တစ်ခုပင်ရှိသည်မဟုတ်ပါလား။

 

ကိုယ်ဝန်ဆောင်မိခင်တစ်ဦးအတွက် ပဋိသန္ဓေ စရှိသည့်အချိန်မှစ၍ ကျန်းမာနေရန် လိုအပ်ပါသည်။ အပြုအမူ၊ အစားအသောက်၊ အနေအထိုင်မှသည် လိုအပ်သောကာကွယ်ဆေးများ အကြိမ်ပြည့် ထိုးနှံခြင်း၊ ဗီတာမင်အာဟာရ ဖြည့်စွက်တိုက်ကျွေးခြင်း၊ သွေးစစ် ဆေးခြင်း၊ အရည်အသွေးမီ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု အကြိမ်ပြည့်ခံယူခြင်း၊ ကိုယ်ဝန်ကာလအလိုက် ကာကွယ်ကုသ အကြံဉာဏ်ရယူခြင်းစသည်တို့ကို စနစ်မှန်စွာ အကြိမ်ပြည့်ဆောင်ရွက်ရပေမည်။ “ယောက်ျားဖောင်စီး၊ မိန်းမမီးနေ”ဟု ဆိုရိုးရှိခဲ့ကြသော်လည်း သေချာစွာ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှု ခံယူကြသော မိခင်လောင်းများအဖို့ ကျရောက်တတ်သော၊ ကျရောက်လာသောအန္တရာယ် အများစုသည် ကာကွယ်ကုသ၍ ရနိုင်ပါသည်။

 

ယဉ်ကျေးသောနိုင်ငံအသိုင်းအဝိုင်းများအတွင်းတွင် သက်ဆိုင်ရာ နိုင်ငံအသီးသီး၏ မိခင်နှင့် ကလေးသေဆုံးနှုန်း၊ တစ်နည်း မိခင်နှင့် ကလေးငယ်များ၏ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်အတန်းသည် နိုင်ငံ၏အဆင့်အတန်း ဂုဏ်သိက္ခာဖြစ်ပါသည်။ ကျွမ်းကျင်သူနှင့် သန့်ရှင်းစွာမွေးဖွားခြင်း၊ မွေးကင်းစကလေးကို စနစ်မှန်စွာ စောင့်ရှောက်ပေးခြင်း၊ မိခင်နို့ကိုစနစ်တကျတိုက်ကျွေးခြင်း၊ မှန်ကန် သောဖြည့်စွက်စာ အချိန်ကိုက်ကျွေးခြင်း၊ ဗီတာမင်အေ တိုက်ကျွေးခြင်း၊ သတ်မှတ်ထားသောကာကွယ်ဆေးများကို မှန်ကန်စွာအကြိမ်ပြည့်ထိုးနှံခြင်း၊ ဝမ်းပျက်ဝမ်းလျှောအရည်ဓာတ်ဆုံးရှုံးပါက ဓာတ်ဆားရည် တိုက်ကျွေးခြင်း၊ အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်းကဲ့သို့သော အခြေအနေများတွင် ပဋိဇီဝဆေးဝါးများကို ထိရောက်စွာအသုံးပြုခြင်း၊ ငှက်ဖျားရောဂါဖြစ်ပွားသောဒေသများတွင် ဆေးစိမ်ခြင်ထောင်ဖြင့် အိပ်စက်နိုင်ရန်စီစဉ်ခြင်း စသည်တို့သည် ငါးနှစ်အောက်ကလေးသေဆုံး နှုန်းကို ရာနှုန်းပြည့်နီးပါး ကာကွယ်နိုင်ပါသည်။

 

လူတော် လူကောင်း လူမွန်လေးများဖြစ်စေရန် ပြုစုပျိုးထောင်ရမည့်ကာလ

 

ကျောင်းနေအရွယ်ကလေးများဘဝသည် ကျောင်းသင်ပညာရပ်များသာမက ပတ်ဝန်းကျင်နှင့်လိုက်လျောညီစွာ ပေါင်းသင်းဆက်ဆံ နေတတ်ရေးအပါအဝင် မွန်မြတ်သော၊ စိတ်နေစိတ်ထားမှန်ကန်သော အယူအဆ၊ အတွေးအခေါ်၊ အမူအကျင့်များ စွဲမြဲသွားစေရန် လေ့ကျင့်သင်ကြားမှုလိုအပ်ပါသည်။ ကျောင်းနေပျော်၍ စာသင်တော်ရုံမက လူတော် လူကောင်း လူမွန်လေးများဖြစ်စေရန် ပြုစုပျိုးထောင်ရမည့်ကာလ ဖြစ်ပါသည်။ တစ်သက်တာလုံး ကျန်းမာပျော်ရွှင်စွာ နေထိုင် ကျင့်ကြံသွားနိုင်ရန် ငယ်စဉ်ဘဝကပင် အမူအကျင့်ကောင်းများကို လေ့ကျင့်တတ်မြောက်ကြရပါမည်။ ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုသည့်အတိုင်း အနာဂတ်တိုင်းပြည်ကို ခေါင်းဆောင်မည့်သူတိုင်းသည် ကျောင်းသားလူငယ်ဘဝကို ကျော်ဖြတ်လာကြသူများဖြစ်ပါသည်။ အမူအကျင့်ကောင်းများ၏ သိပ္ပံနည်းကျ အကောင်းဆုံး ဥပမာကိုဆိုရလျှင် ကလေးဘဝကပင်လက်ကို စင်ကြယ်စွာဆေးကြောတတ်ပါလျှင် ဝမ်းပျက်ဝမ်းလျှောရောဂါကို သုံးပုံတစ်ပုံနှင့် အသက်ရှူလမ်းကြောင်းမှ ကူးစက်တတ်သောရောဂါများကို ငါးပုံတစ်ပုံလျှော့ချနိုင်ခြင်းပင်ဖြစ်ပါသည်။

 

ဆယ်ကျော်သက်အရွယ် ကျောင်းသားကျောင်းသူဘဝတွင် ပျိုရွယ်သူ ကျန်းမာရေးသင်ခန်းစာများကို ကျွမ်းကျင်စွာ သင်ကြားခဲ့သူ ကျောင်းသားကျောင်းသူ လူငယ်များအတွက် စီးပွားရေး၊ လူမှုရေး၊ ဘဝတိုးတက်ရေးအတွက် အားထည့်ဆောင်ရွက်ရမည့် အသက် (၂၀) နှင့် (၄၀) ကြားကာလတွင် နောက်ကျောလုံစွာ တက်ကုန်ရွက်ကုန် အလုပ်လုပ်နိုင်မည်ဖြစ်ပါသည်။ လုပ်ငန်းခွင်ကျန်းမာရေး၊ ကူးစက်ရောဂါကာကွယ်ရေး၊ မကူးစက်ရောဂါများဖြစ်သော သွေးတိုး၊ နှလုံး၊ ဆီးချို ရောဂါများ ကာကွယ်တားဆီး ကုသရေးစသည်တို့သည် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ ပြည်သူလူထုကို စဉ်ဆက်မပြတ် ဝန်ဆောင်မှုပေးနေသောလုပ်ငန်းများဖြစ်ပါသည်။

 

လူသားတို့၏ နေ့စဉ်ဘဝများနှင့် မိသားစုရည်မှန်းချက်များ

 

လူတို့၏နေ့စဉ်ဘဝများတွင် ကျန်းမာစွာပြုမူနေထိုင်နိုင်မှ တစ်ဦးချင်းစီအလိုက် ရည်မှန်းထားသောဘဝပန်းတိုင်များကို အကောင်အထည်ဖော်နိုင်ပေမည်။ ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်း၊ အရက်အလွန်အကျွံသုံး စွဲခြင်း၊ ဆားနှင့်သကြားကို လိုအပ်သည်ထက် ပိုမိုအသုံးပြုခြင်း၊ လွဲမှားစွာသုံးစွဲခြင်း၊ ရာသီအလိုက်ဖြစ်ပွားတတ်သော ရောဂါများကို ဂရုမပြု သတိမမူတတ်ခြင်း၊ ဆေးဝါးများကို တလွဲသုံးစွဲခြင်း၊ မှန်ကန်စွာစနစ်တကျမသုံးကြခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းစသည်တို့သည် လူသားတို့၏နေ့စဉ်ဘဝများနှင့် မိသားစု ရည်မှန်းချက်များကို ပျက်သုဉ်းစေရုံသာမက တိုင်းပြည်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေပါသည်။

 

ကျေးလက်နှင့်မြို့ပြမကျန် အနယ်နယ်အရပ်ရပ်မှ ပြည်သူ့ကျန်းမာရေး ဝန်ထမ်းတိုင်းသည် ပဏာမကျန်းမာရေး စောင့်ရှောက်မှု (Primary Health Care) ကို အသက်အရွယ်မရွေး၊ နေရာအချိန်မရွေး စောင့်ရှောက်မှုပေးလျက်ရှိပါသည်။ ထိုမှတစ်ဖန် မွေးကင်းစမှ အိုမင်းသည်အထိ ပြည်သူလူထုတစ်ရပ်လုံး ကျန်းမာစေရန်၊ ပြည်သူလူထုတစ်ရပ်လုံး ကျန်းမာရေးအသိရှိစေရန်၊ ကျန်းမာရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်လာပြီး လက်တွဲဆောင်ရွက်လာရာမှ ကျန်းမာရေးအသိပြည့်ဝစွာ ဦးဆောင်ပါဝင်လာစေရန် ကျွန်တော်တို့ ကျန်းမာရေးဝန်ထမ်းများ မူဟန်အသွယ်သွယ်ဖြင့် ကြိုးစားရပေဦးမည်။

 

ယခု ဒီဇင်ဘာလ ၆ ရက်နေ့နှင့် ၇ ရက်နေ့တို့တွင် နေပြည်တော်၌ ကျင်းပမည့် ပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃) တွင် အနယ်နယ်အရပ်ရပ်မှ ပြည်သူ့ကျန်းမာရေးပညာရှင်များ၏ အောင်မြင်ခဲ့သော နည်းလမ်းအသွယ်သွယ်ကို လေ့လာခွင့်ရကြပေဦးမည်။ ညီလာခံကြီးပြီးသောအခါ တက်ရောက်လာသူအားလုံးတွင် မှန်ကန်ပြည့်စုံသော အားသစ်အင်သစ် အတွေးအခေါ်သစ်များဖြင့် အမိမြန်မာနိုင်ငံတော်ကြီးအတွက် ကြိုးစားကြတော့မည့် အရေးကို တွေးမြင်၍ အောက်ဖော်ပြပါကဗျာလေးဖြင့် ဂုဏ်ပြုလိုက်ရပါတော့သည်…

 

ဘဝအစ၊ ဝမ်းကြာမှလျှင်

ရင်ခွင်ပိုက်ထွေး၊ လူငယ်လေးတို့

တတ်မွေးပညာ၊ ပျော်ရွှင်စွာသင်

ကြိုပြင်ဆင်၍၊ လုပ်ခွင်တစ်မူ

လူလတ်လူကြီး၊ ဇရာနီးလည်း

တားဆီးရောဂါ၊ မြဲကျန်းမာဖို့

ကာကွယ်ထိန်းညှိ၊ အသိမြှင့်တင်

မြန်တစ်ခွင်ဝယ်၊ အစဉ်စွမ်းဆောင်

ပြည့်ဂုဏ်ရောင်ကို၊ ထွန်းပြောင်စေမှာ

“ပြည်သူ့ကျန်းမာ”။      ။