လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

နေပြည်တော် ဇွန် ၂၃

 

“ဥတုရာသီ တောကိုမှီ” ဆိုသည့်အတိုင်း သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေ၍ ရာသီဉတုမျှတမှုရှိစေ ရေးနှင့် ရုံးပတ်ဝန်းကျင် စိမ်းစိုသာယာလှပစေရေး ရည်ရွယ်လျက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ်၊ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာန အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဦးစီးဌာန e-ID Department အဆောက်အဦ သစ်ရှေ့၌ကျင်းပသည်။

 

 အခမ်းအနားသို့ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည် ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်း ဝန်နှင့် ညွှန်ကြားရေး မှူးချုပ်များ၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ အရာထမ်း အမှုထမ်းများတက်ရောက်ကြသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် သတ်မှတ်နေရာ၌ ကံ့ကော်ပျိုးပင်ကို ဦးဆောင် စိုက်ပျိုးပေးပြီး ဒုတိယဝန်ကြီးများနှင် တာဝန်ရှိသူများက သတ်မှတ်နေရာများ၌ ကံကော်၊ ခရေ စသည့် ပျိုးပင်များကို စိုက်ပျိုးပေးကြသည်။

 

ထို့နောက် တက်ရောက်လာကြသည့် ဝန်ထမ်းများက သတ်မှတ်နေရာများတွင် နှစ်ရှည်ပင်နှင့် ပန်းအလှပင် များကို တစ်ပျော်တစ်ပါးစုပေါင်းစိုက်ပျိုးကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေးကြသည်။

 

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန e-ID Department အဆောက်အဦသစ် ဘေးပတ်ဝန်းကျင်တွင် ကျွန်း၊ မဟော်ဂနီ၊ ကံ့ကော်၊ ခရေ၊ ပိတောက်၊ တမာ၊ ဗန်ဒါ စသည့် နှစ်ရှည်ပင် (၂၅၀)နှင့် စိန်တစ်လုံးသရက်ပျိုးပင် (၂၀၀) စုစုပေါင်း ပျိုးပင် (၄၅၀) ကို  စိုက်ပျိုးခဲ့ ကြကြောင်း သိရသည်။

(သတင်းစဉ်)