လယ်ယာစိုက်ပျိုး မွေးမြူရေးကဏ္ဍဖွံ့ ဖြိုးတိုးတက်မှု မဟာဗျူဟာ

နေပြည်တော် ၂၄ ဇူလိုင်

 

 

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသ၌ ကုန်းမြေဧရိယာပိုင်ဆိုင်မှုအကြီးမားဆုံးနိုင်ငံ ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မြေဆီဩဇာကောင်းမွန်သောစိုက်ပျိုးမြေများအပြင် ရေအရင်းအမြစ်နှင့် သစ်တောများလည်း ကြွယ်ဝပါသည်။ မြန်မာနိုင်ငံ၏ ပင်လယ်ကမ်းရိုးတန်းသည်လည်း ကီလိုမီတာ၂၀ဝဝ ကျော်ရှည်လျားသည်ဖြစ်၍ သဘာဝရေသယံဇာတများ ပေါကြွယ်ဝပါသည်။ ဤကဲ့သို့သော သဘာဝကပေးအပ်သည့် အခွင့်အလမ်းကောင်း တို့ကြောင့် လယ်ယာစိုက်ပျိုး မွေးမြူရေးကဏ္ဍသည် မြန်မာ့စီးပွားရေး၏ပင်မကဏ္ဍအဖြစ် ရပ်တည်လျက် ရှိပါသည်။

 

မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းတို့ကို စုစည်းထားသော လယ်ယာစိုက်ပျိုးမွေးမြူရေးကဏ္ဍသည် တိုင်းပြည် ထုတ်ကုန်တန်ဖိုး (GDP) ၏ ၃၀ ရာခိုင်နှုန်းခန့် ရှိပါသည်။ အလုပ်အကိုင်ခန့်ထားပေးနိုင်မှုအပေါ် သုံးသပ်ပါက အလုပ်အကိုင်အားလုံး၏ ၅၆ ရာခိုင်နှုန်းသည် လယ်ယာစိုက်ပျိုးမွေးမြူရေးကဏ္ဍတွင် လုပ်ကိုင်နေခြင်း ဖြစ်ပါသည်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်၏ ပြည်ပပို့ကုန်တန်ဖိုးတို့ကို သုံးသပ်ပါကလယ်ယာစိုက်ပျိုးမွေးမြူရေးကဏ္ဍ၏ ပြည်ပပို့ကုန်တို့ကြောင့် ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၂ ဒသမ ၉ ဘီလီယံအထိ ရရှိခဲ့ပါသည်။ သို့ဖြစ်ပါ၍လယ်ယာစိုက်ပျိုးမွေးမြူရေးကဏ္ဍ၏ တိုးတက်မှုက တိုင်းပြည်စီးပွားရေးကို တွန်းတင်ပေးနိုင်သည်မှာ ပေါ်လွင်ထင်ရှားပြီး ဖြစ်ပါသည်။

 

ဤသို့သော တိုင်းပြည်၏အခြေအနေများအပေါ် မူတည်လျက်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် လယ်ယာစိုက်ပျိုးမွေးမြူရေးကဏ္ဍတိုးတက်ရေးအတွက် ဖွံ့ ဖြိုးတိုးတက်မှု မဟာဗျူဟာတစ်ရပ်ချမှတ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။ ဤဝန်ကြီးဌာနက တိုင်းပြည်၏အနာဂတ်လားရာမျှော်မှန်းချက်များအပေါ်အခြေခံ၍လယ်ယာစိုက်ပျိုး မွေးမြူရေးကဏ္ဍဖွံ့ ဖြိုး တိုးတက်မှုမဟာဗျူဟာကိုအဆင့်ဆင့်ညှိနှိုင်းပုံဖော်ရေးဆွဲခဲ့ပါသည်။ ဤကဲ့သို့ ရေးဆွဲရာ၌ အစိုးရ၏ ဦးဆောင်မှုအပေါ် အခြေခံလျက် ပုဂ္ဂလိကကဏ္ဍ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့်ဖွံ့ ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများအကြား ပေါင်းစည်းမှုကို အားပြုရေးဆွဲခဲ့ခြင်း ဖြစ်ပါသည်။ စိ်ုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနသည် အာရှဖွံ့ ဖြိုးရေးဘဏ် (ADB)၊ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) နှင့် အသက်မွေးဝမ်းကျောင်းမှုနှင့်စားနပ်ရိက္ခာ ဖူလုံရေးရန်ပုံငွေအဖွဲ့ (LIFT) တို့၏ ပါဝင်ပံ့ပိုးကူညီမှုဖြင့် လယ်ယာစိုက်ပျိုး မွေးမြူရေးကဏ္ဍဖွံ့ ဖြိုးတိုးတက်မှုမဟာဗျူဟာနှင့် ငါးနှစ်တာကာလရင်းနှီးမြှုပ်နှံမှု အစီအစဉ်(၂၀၁၈-၂၀၁၉ ခုနှစ်မှ ၂၀၂၂- ၂၀၂၃ ခုနှစ်အထိ) ကို ၂၀၁၆ ခုနှစ်ဩဂုတ်လမှစ၍ ပြင်ဆင်ရေးဆွဲခဲ့ပါသည်။

 

ဤသို့ပြင်ဆင်ရေးဆွဲရာ၌ ကျယ်ပြန့်သော အလုပ်ရုံဆွေးနွေးပွဲတို့ကိုကျင်းပ၍ ပဥမမူကြမ်းရရှိသည်အထိ အထပ်ထပ်အခါခါ ကြိုးပမ်းဆောင်ရွက်ပြီးစီးမှသာ အပြီးသတ် မဟာဗျူဟာကို ချမှတ်ခဲ့ခြင်းဖြစ်ပါသည်။ အဖွဲ့အစည်းအသီးသီးနှင့် ညှိနှိုင်းဆွေးနွေးမှုအပေါ် အခြေခံလျက် ရှုထောင့်ပေါင်းစုံမှ သုံးသပ်ထားသည့် ဤလယ်ယာစိုက်ပျိုးမွေးမြူရေးကဏ္ဍဖွံ့ ဖြိုးတိုးတက်မှု မဟာဗျူဟာသည် တိုင်းပြည်၏ဖွံ့ ဖြိုးတိုးတက်မှု အရှိန်အဟုန်ကို မုချမသွေ မြှင့်တင်ပေးမည် ဖြစ်ပါကြောင်း လေးစားစွာတင်ပြအပ်ပါသည်။ ။

 

မြန်မာ့အလင်း