နေပြည်တော် စက်တင်ဘာ ၁၈
လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းနှင့် နောင်ထပ်မံ မဖြစ်ပွားစေရေး အတွက် ဆောင်ရွက်မည့်နည်းလမ်းများ လုပ်ထုံးလုပ်နည်းစံနှုန်း (Standard Operating Procedure –SOP) ရေးဆွဲပြုစုရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေမွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေး ခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဌာနအသီးသီးမှ ကော်မတီဝင်များ တက်ရောက်ကြသည်။
ဦးစွာနေပြည်တော်ကောင်စီဥက္ကဋ္ဌက စိုက်ပျိုးမြေများသုံးစွဲမှုနှင့် ပတ်သက်၍ စိုက်ပျိုးမြေများကို အခြားနည်းများဖြင့် သုံးစွဲလျက်ရှိခြင်းကြောင့် နိုင်ငံ၏စိုက်ပျိုးရေးလုပ်ငန်းများအတွက် ထိခိုက်နစ်နာမှုများဖြစ်ပေါ် လျက်ရှိပါကြောင်း၊ မြေအသုံးချမှုနှင့်ပတ်သက်၍ မှန်မှန်ကန်ကန် ဆောင်ရွက်ကြရမည်ဖြစ်ပြီး ပြဋ္ဌာန်းဥပဒေများနှင့်အညီ စိစစ်ကြပ်မတ် ထိန်းသိမ်းဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ (SOP)ရေးဆွဲပြုစုရေး နေပြည်တော်ကောင်စီ လုပ်ငန်းကော်မတီ အနေဖြင့် စိုက်ပျိုးရေးအခြေခံသော မိမိတို့နိုင်ငံတွင် လယ်ယာမြေအရင်းအမြစ်များကို ရေရှည်တည်တံ့စွာ အသုံးချ နိုင်ရေးအတွက် တည်ဆဲလယ်ယာမြေဥပဒေများကိုမျက်ကွယ်ပြုပြီး လယ်မြေများကို ဥပဒေနှင့်အညီ ခွင့်ပြုချက် မရှိဘဲ မြို့မြေ/ရွာမြေကဲ့သို့ အခိုင်အမာနေအိမ်များဆောက်လုပ်ခြင်း၊ အဆောက်အဦများ ဆောက်လုပ်ခြင်း၊ စက်ရုံ အလုပ်ရုံများ ဆောက်လုပ်ခြင်းများပြုလုပ်နေကြသည့်အတွက် ဥပဒေမဲ့ ကျူးလွန်လုပ်ဆောင်နေမှုများကို စနစ်တကျ လေ့လာဆန်းစစ်ပြီး မှန်ကန်ရိုးသားစွာလုပ်ဆောင်ကြသည့် ပြည်သူများနစ်နာမှုမရှိစေရေး ပြဋ္ဌာန်းဥပဒေများ နှင့်အညီ မှန်မှန်ကန်ကန်စိစစ်ပြီး ဦးစီးကော်မတီသို့ တင်ပြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီ လုပ်ငန်းကော်မတီတွဲဖက်အတွင်းရေးမှူး နေပြည်တော်လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးတင်ထူး က လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့် နည်းလမ်းနှင့် နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် ဆောင်ရွက်မည့်နည်းလမ်းများ လုပ်ထုံး လုပ်နည်းစံနှုန်း (Standard Operating Procedure - SOP) ရေးဆွဲပြုစုရေးနှင့် ပတ်သက်၍ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ဌာနအသီးသီးမှ လုပ်ငန်းကော်မတီဝင်များက သက်ဆိုင်ရာကဏ္ဍများအလိုက် အကြံပြုဆွေးနွေးတင်ပြ ကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် အထပ်မြင့်နှင့် အများပြည်သူသုံး အဆောက်အအုံများ ဆောက်လုပ်ခွင့် ဆိုင်ရာ စည်းမျဉ်းစည်းကမ်း(SOP)များ ရေးဆွဲနိုင်ရေးနှင့် မြို့ပြစီမံကိန်းရေးဆွဲရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် အထပ်မြင့်နှင့် အများပြည်သူသုံး အဆောက်အအုံများ တည်ဆောက်သည့်နေရာ၌ စည်းမျဉ်းစည်းကမ်းများ(SOP)များ ရေးဆွဲသွားရန်နှင့် နောက်ပိုင်း တွင် အဆိုပါ SOP များကို ဥပဒေအဖြစ်ပြဋ္ဌာန်းနိုင်ရေး ဆက်လက်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ နေပြည်တော်အတွက် မြို့ပြစီမံကိန်းကို စနစ်တကျရေးဆွဲဆောင်ရွက်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ အဆောက်အဦများ တည်ဆောက်ရာတွင် ငလျင်ဒဏ်ခံနိုင် သည့် ဒီဇိုင်းပုံစံ၊ အထပ်အမြင့်ဆိုင်ရာ ကန့်သတ်ချက်၊ အဆောက်အဦအမြင့် ကန့်သတ်ချက် စသည့်အချက်များကို စည်းမျဉ်းစည်းကမ်း(SOP)များ ရေးဆွဲနိုင်ရေး ပညာရှင်များနှင့်ညှိနှိုင်းပြီး အဘက်ဘက်က ဆွေးနွေးဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ နေပြည်တော်အတွက် မြို့ပြစီမံကိန်းရေးဆွဲသည့် နေရာမှာလည်း နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ Green City၊ Clean City၊ Smart City ဖြစ်စေရေး ဦးတည်ရေးဆွဲဖို့နှင့် ရေရှည်ဖွံ့ဖြိုး တိုးတက်ပြီး နေချင်စဖွယ်ကောင်းသည့် မြို့တော်ဖြစ်လာစေရေး ဦးတည်ရေးဆွဲကြရမည် ဖြစ်ကြောင်း ပြောကြား သည်။
ထို့နောက် နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်၊ ဌာနကြီးမှူးများ၊ ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည် များကို ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)