လယ်ယာထွက်ကုန် စီမံခန့်ခွဲရေးအဖွဲ့ ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော်  ၂၃  မေ 
    

လယ်ယာထွက်ကုန်စီမံခန့်ခွဲရေးအဖွဲ့ ၏ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။
    

အစည်းအဝေးတွင် လယ်ယာထွက်ကုန်စီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး က ယနေ့အစည်းအဝေးတွင် ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်းဆိုင်ရာ သုံးသပ်အကြုံပြုတင်ပြရေး လုပ်ငန်း ကော်မတီကို ဖွဲ့စည်းရေး၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် အခြေခံဈေးနှုန်း အောက်နိမ့်ကျနေမှုနှင့်စပ်လျှဉ်း၍ ကာလတို၊ ကာလလတ် အစီအမံများရေးဆွဲထားရှိမှု ကို ပြန်လည်တင်ပြရေးနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် စပါးတစ်ဧက ထုတ်လုပ်မှု ကုန်ကျစရိတ်နှင့် တစ်တင်းထုတ်လုပ်မှု ကုန်ကျစရိတ်တို့ကို  အတည်ပြုနိုင် ရေးကိစ္စများကို တက်ရောက်လာကြသူများအနေဖြင့် အကြံပြုဆွေးနွေးကြရန် ပြော ကြားသည်။
    

ထို့နောက် ဒုတိယဥက္ကဋ္ဌ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင် က လယ်ယာထွက်ကုန်စီမံခန့်ခွဲရေးအဖွဲ့၏ ဆောင်ရွက်ထားရှိမှုအခြေအနေ များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
    

ယင်းနောက် အတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မောင်း က အစည်းအဝေးသို့တင်ပြထားသည့် အမှာစာများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
    

ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များ၊ လယ်ယာထွက်ကုန်စီမံခန့်ခွဲရေးအဖွဲ့ အဖွဲ့ဝင်များနှင့် တက်ရောက်လာကြသူများက ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ အကြံပြုဆွေးနွေးကြသည်။
    

(သတင်းစဉ်)