လယ်ယာထွက်ကုန် ဈေးကွက်သတင်းအချက်အလက်ဆိုင်ရာ အကြိမ်(၂၀)မြောက် နှစ်ပတ်လည် အလုပ်ရုံဆွေးနွေးပွဲကျင်းပ

နေပြည်တော်  ၁၅   ဇွန် 

 

လယ်ယာထွက်ကုန်ဈေးကွက် သတင်းအချက်အလက်ဆိုင်ရာ အကြိမ်(၂၀)မြောက် နှစ်ပတ်လည်အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ စီမံကိန်းဦးစီးဌာန နှင့် စိုက်ပျိုးရေးဦးစီးဌာန တို့မှ ညွှန်ကြားရေးမှူးချုပ် များ နှင့် ညွှန်ကြားရေးမှူးများ ၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခချုပ် ၊ စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ KOICA ၊ စိုက်ပျိုးရေးဈေးကွက်သတင်းဆိုင်ရာ အဖွဲ့ အစည်းများ၊ မြန်မာ့သစ်သီးဝလံ၊ပန်းမန်နှင့် ဟင်းသီး ဟင်းရွက် ထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

လယ်ယာထွက်ကုန်ဈေးနှုန်းနှင့် သတင်းအချက်အလက်များ ထုတ်ပြန်သည့် လုပ်ငန်း စီမံကိန်း ကို လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန နှင့် ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ FAO တို့ပူးပေါင်း၍ ၁၉၉၉ ခုနှစ် ဧပြီလတွင် စတင်ဆောင်ရွက်ခဲ့ပြီး ဈေးကွက် ၁၆ ခု မှလယ်ယာထွက်ကုန်ဈေးနှုန်းနှင့် သတင်းအချက်အလက်များကောက်ယူ၍ သတင်းလွှာ များ ထုတ်ဝေခဲ့ရာ ယခုအခါ နှစ်ပေါင်း ၂၀ ပြည့်ခဲ့ပြီဖြစ်ပြီး ပြည်တွင်း ပြည်ပ ဈေးနှုန်းသတင်း အချက်အလက်များ စုစည်း၍ လယ်ယာစီးပွားသတင်းဂျာနယ် နှင့် ရွှေတောင်သူဈေးကွက်သတင်းတို့မှ ထုတ်ပြန်ပေးလျက်ရှိသည်။

 

အလုပ်ရုံဆွေးနွေးပွဲတွင် လက်ရှိဆောင်ရွက်နေသည့် လယ်ယာထွက်ကုန်ဈေးကွက် သတင်းအချက်အလက်ဆိုင်ရာလုပ်ငန်းများကို ICT နည်းပညာအသုံးပြုပြီး ရောင်သူဈေးကွက် ဝယ်သူဈေးကွက် သတင်း အချက်အလက် ပိုမိုပြည့်စုံစေရန်နှင့် ဈေးနှုန်း ဈေးကွက်အလား အလာ၊ ရောင်းလိုအားနှင့် ဈေးကွက်ဝေစုတို့ကို အချိန်မီထိရောက်စွာ ဖြန့်ဖြူးပေးနိုင်ရေးတို့အတွက် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်းက ပြောကြားသည်။

 

လယ်ယာထွက်ကုန်ဈေးကွက်သတင်းအချက်အလက်ဆိုင်ရာ အကြိမ်(၂၀)မြောက် နှစ်ပတ်လည်အလုပ်ရုံဆွေးနွေးပွဲ ကို ဇွန် ၁၅ ရက် မှ ၁၆ ရက်အထိ ကျင်းပမည်ဖြစ်ပြီး မန္တလေး၊ ရန်ကုန်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ် ရှမ်းပြည်နယ်တို့မှ လယ်ယာ ထွက်ကုန်ဈေး ကွက် သတင်းအချက်အလက်ကောက်ယူမည့် ဝန်ထမ်းများ၊ ဈေးကွက်သတင်းဌာနစိတ်မှ ဝန်ထမ်းများကို ဈေးကွက်သတင်းအချက်အလက် စုဆောင်းရေးသားနည်း၊ စိုက်ပျိုးရေးဆိုင်ရာ မိုးလေဝသ စသည့် သိမှတ်ဖွယ်ရာများကို သက်ဆိုင်ရာ ကဏ္ဍအသီးသီးမှ ကျွမ်းကျင်သူများက ဦးဆောင်ဆွေးနွေးသွားကြမည်ဖြစ်ကြောင်း သိရသည်။ 

 

(သတင်းစဉ်)