မိတ္ထီလာ စက်တင်ဘာ ၂၁

 

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၁၄၀ ဒသမ ၆၃ သန်းဖြင့် စိုက်ပျိုးမြေဧက ၁၂၀၀၀ ကျော် အကျိုးပြုမည့် ဂွေးကုန်းကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း၊ တံတားဖောက်လုပ်ခြင်းလုပ်ငန်းများကို ၂၀၂၃ ခုနှစ် ဩဂုတ်လ စတုတ္ထအပတ်မှ စတင်ဖောက်လုပ်လျက်ရှိကြောင်း သိရသည်။

 

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ကျေးလက်ဒေသရှိ လယ်ယာစိုက်ပျိုးရေးထုတ်ကုန်များ ဈေးကွက်သို့ ဈေးနှုန်းသက်သာစွာဖြင့် လွယ်ကူလျင်မြန်စွာ ပို့ဆောင်နိုင်ရန်ရည်ရွယ်၍ ကျေးလက်ကုန်ထုတ်လမ်းများ၊ ကုန်ထုတ်တံတားများကို တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ဖောက်လုပ်ပေးလျက်ရှိကြောင်း၊ ယခု ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင် မိတ္ထီလာမြို့နယ်အတွင်းရှိ ဂွေးကုန်းကျေးရွာ ကုန်ထုတ်လမ်း အရှည် နှစ်မိုင်၊ အကျယ် ၁၂ ပေ၊ အမြင့် ကျောက်ရောမြေ နှစ်ပေထု၊ မြေနီကျောက်စရစ် ကိုးလက်မထုခင်းခြင်းနှင့် Slab Culvert နှစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းများကို ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ကျပ် ၁၄၀ ဒသမ ၆၃ သန်းဖြင့် တင်ဒါအောင်မြင်သည့် ပျော်ဘွယ်သားကုမ္ပဏီမှ ၂၀၂၃ ခုနှစ် ဩဂုတ်လ စတုတ္ထအပတ်မှစတင်ကာ တာဝန်ယူ ဖောက်လုပ်ဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါ ၅၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း မိတ္ထီလာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းက ပြောသည်။ 

 

အဆိုပါ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို မိတ္ထီလာခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်ဝင်း၊ မိတ္ထီလာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းနှင့် ဝန်ထမ်းများက ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာ ကုမ္ပဏီမှတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်လင်းတင်ပြကြရာ လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။

 

အဆိုပါ ဂွေးကုန်းကျေးရွာ ကုန်ထုတ်လမ်းဖောက်လုပ်ပြီးစီးပါက ဂွေးကုန်း၊ ရေငံ(အရှေ့)၊ မုန်တိုင်၊ ကျောက်ဖူး စသည့် ကျေးရွာလေးရွာရှိ လူဦးရေ ၃၄၄၅ ဦးတို့၏ စိုက်ပျိုးမြေ ဧက ၁၂၀၀၀ ကျော် အကျိုးပြုနိုင်မည်ဖြစ်ပြီး အဆိုပါ စိုက်ပျိုးမြေများမှ ထွက်ရှိသော လယ်ယာထွက်ကုန်များ ဈေးကွက်သို့ လွယ်ကူလျင်မြန်စွာ သယ်ယူပို့ဆောင်နိုင်မှာဖြစ်ကြောင်း သိရသည်။

 

သန်းလွင်(မကွေး)