မြ၀တီ-ကော့ကရိတ်အာရှလမ်းတွင် ဇာတ်အဖွဲ့ကား တိမ်းမှောက်မှုဖြစ်ပွား

မြ၀တီ အောက်တိုဘာ ၆

မြ၀တီ-ကော့ကရိတ် အာရှလမ်းမကြီး ကွမ်းခြံကုန်းအဆင်းတွင် အောက်တိုဘာ ၅ ရက် ညနေ ၅ နာရီခန့်က ကော့ကရိတ်ဘက်မှ မြ၀တီဘက်သို့ မောင်းနှင်လာသည့် ဇာတ်အဖွဲ့ကား တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး ငါးဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကော့ကရိတ်ဘက်မှ မြ၀တီဘက်သို့ ပွင့်နေခြည် ဇာတ်အဖွဲ့သူ အဖွဲ့သားများ လိုက်ပါလာသော ယာဉ်မောင်း မြင့်ဝေ မောင်းနှင်လာသည့် ၆ ဘီးယာဉ်သည် ကွမ်းခြံကုန်း အဆင်းနေရာတွင် ကားဘရိတ်ပေါက်ပြီး လမ်း၏ယာဘက်သို့ တိမ်းမှောက်သွားခြင်းဖြစ်ပြီး  ဖြစ်ပွားရာနေရာသို့  မြ၀တီခရိုင် မီးသတ်တပ်ဖွဲ့စခန်းမှ ခရိုင်မီးသတ်ဦးစီးမှူးနှင့်တပ်ဖွဲ့၀င်များ၊ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ချုပ်မှ တပ်ဖွဲ့၀င်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များက ထိခိုက်ဒဏ်ရာရ လူနာများအား ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်ပြီး မြ၀တီခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
    
ယာဉ်ပေါ်တွင် အမျိုးသား ၁၉ ဦး၊ အမျိုးသမီး ခုနစ်ဦး၊ ကလေးငယ်နှစ်ဦး စုစုပေါင်း ၂၈ ဦး ပါရှိပြီး အမျိုးသား ငါးဦးသေဆုံးကာ အမျိုးသား ၁၄ ဦး၊ ကလေးငယ်နှစ်ဦး၊ အမျိုးသမီးခုနစ်ဦး စုစုပေါင်း ၂၃ ဦး (စိုးရိမ်ရ)မှာ အတွင်းလူနာအဖြစ် မြ၀တီခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ကုသလျက်ရှိသည်။ ယာဉ်မောင်းဖြစ်သူ မြင့်ဝေ အသက် ၄၀ အား သင်္ဃန်းညီနောင် နယ်မြေရဲစခန်းမှ ဥပေဒအရ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိန်လင်းအာင်(ပြန်/ဆက်)